သံချပ်များ၏ တစ်ကျော့ပြန်

0
945

သင်္ကြန်ကျတော့မည်။ မြန်မာသင်္ကြန် ၏ သင်္ကတေတစ်ခုဖြစ်သော သံချပ်တိုက် သံများ ကြားနေရပြီဖြစ်သည်။
” စပါးစိုက်တဲ့လယ်မြေမှာ..၊ အ ဆောက်အအုံမဆောက်ရပါ..
လယ်သမားတွေ လိုက်နာကြ..၊ နိုင်ငံ့ဥပဒေဗျ..
သို့သော်လည်းပဲ အဆောက်အအုံ တွေ..၊ လယ်ထဲတန်းစီနေ..
ဘယ်သူဟာလဲမေးတော့..၊ ခရိုနီ တွေဟာပေါ့..”

ထားဝယ် ကြက်စားပြင်ရပ်မှ အားသစ် လူငယ်ဒိုးပတ်အဖွဲ့သားများ ယခုနှစ် သင်္ကြန်အတွက်သံချပ်တိုက် နေကြလေသည်။အစိုးရ၊ အုပ်ချုပ်သူများနှင့် လူ့ဝန်း ကျင်မှ တစ်နှစ်တာ အံချော်မှုများ၊ လွဲမှား နေမှုများ၊ ယဉ်ကျေးမှု မစောင့်ထိန်းခြင်း များကို သံချပ်ဖြင့် မီးမောင်းထိုးပြရန် သံချပ် ၇ ပုဒ်ခန့် စပ်ထားကြောင်း အား သစ်လူငယ်အဖွဲ့ခေါင်းဆောင် ကိုထွေးကို ကပြောသည်။ကော့သောင်းတွင်ကား သံချပ်တိုက် သံ ယခုထိမကြားရသေးဟု သီရိမြိုင် ရပ်ကွက်နေ သံချပ်ဝါသနာရှင် ဦးဝင်း ကပြောသည်။ယခင်နှစ်က ကော့သောင်းတွင် သံချပ် အဖွဲ့နှစ်ဖွဲ့ ရှိခဲ့သည်ဆို၏။

” ညဘက်မဏ္ဍပ်တွေမှာ လိုက်နား ထောင်ရတာ အရသာတစ်မျိုးပဲ၊ ခုတော့ မကြားရတာ နှစ်ပေါင်း အတော်ကြာပါပြီ၊ ဒီတစ်နှစ်၊၂ နှစ်မှာတော့ ပြန်ကြားလာရ တယ်” ဟု ဦးဝင်းက ပြောသည်။မြိတ်မြို့သစ်ရပ်နေ အသက် ၅၀ ကျော်ရှိ ဒေါ်လှစိန်ကလည်း ငယ်စဉ်က မဏ္ဍပ်များတွင် သံချပ်ထိုးသည်များ ကြည့်ဖူးခဲ့ရမှ ဆယ်စုနှစ်ကြာသံချပ်သံပျောက်ကွယ်ခဲ့ပြီး ယခု ၂ နှစ်အတွင်း ကားနဲ့ လှည့်ဖျော်ဖြေသည့် ကျောင်းသား များအား ပြန်တွေ့ရကြောင်းပြောသည်။
” ကျောင်းသားတွေရဲ့ သံချပ်သံကြား တော့ငယ်ဘ၀ကတွေ့ ခဲ့တာကိုပြန် သတိရမိတယ် ” ဟု ဒေါ်လှစိန်ကဖွင့်ဟ သည်။

မြိတ်မြို့နှင့် ထားဝယ်မြို့ပေါ်မှ အသက် ၈၀ ကျော် အဖိုးအဖွားတို့က သူတို့ လူပျို အပျိုဘ၀က သင်္ကြန်တွင် အပျိုနှင့် လူပျို သံချပ်အပြိုင်ထိုးသည့် ဓလေ့ တွင်ကျယ်ခဲ့ဖူးကြောင်းဆိုကြသည်။အသက် ၃၀ အရွယ်ကိုထွေးကိုကမူ ထားဝယ်တွင် သံချပ်ကို မူလတန်းအရွယ် ကတည်းက ကြည့်ခဲ့ဖူးကြောင်းဆိုသည်။သူနေထိုင်သည့် ကြက်စားပြင်ရပ်ကွက် ရှိ ထားဝယ်ကမ်းနားလမ်းတစ်လျှောက်တွင် ဌာနမဏ္ဍပ်များစည်ကားနေပြီး ယင်း မဏ္ဍပ်များပေါ်မှ သံချပ်ပြိုင်ပွဲများရှိကာသံချပ်ထိုးသံများကို သူမြိန်ရေရှက်ရေနား ထောင်ဖူးကြောင်း ပြောသည်။

သင်္ကြန်မဏ္ဍပ်များ ထားဝယ်ကမ်း နားမှသည် မြို့တွင်းပိုင်းရောက်သွားပြီးချိန်မှစ၍ သံချပ်သမားများကပြိုင်ပွဲမှသည် ဖျော်ဖြေရေးအဆင့်သို့ ရောက်သွားပြီး နောက်ဆုံး သံချပ်ထိုးခြင်းများတစ်စစ ပျောက်ကွယ်လာကြောင်း ဆိုသည်။” ဦးသန်းရွှေ (စစ်အစိုးရ) လက်ထက် မှာ လုံးလုံးကိုပျောက်သွားတယ်” ဟု ကိုထွေးကိုက ပြောသည်။ယခုကား သံချပ်များ တစ်ကျော့ပြန် လာလေပြီ..။

ဦးသိန်းစိန်အစိုးရ တက်ပြီးနောက် ၂၀၁၂ခုနှစ်ခန့်မှစ သံချပ်တစ်ခေတ်ပြန်ဆန်းသစ်လာသည်ဟုကိုထွေးကိုက ပြော သည်။ ၂၀၁၂ တွင် ကြက်စားပြင်မှ သူစတင်ပါဝင်ခဲ့သော ယဉ်ကျေးမောင် သံချပ်အဖွဲ့က ပရိသတ်လက်ခံမှု ရခဲ့သည် ဟူ၏။၂၀၁၃တွင် အားသစ်လူငယ်ဒိုးပတ် ဝိုင်းထောင်ဖြစ်ပြီး သူတို့အဖွဲ့နှင့်အတူ ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂ၊ အရူး ပါးစပ်စသည့် အဖွဲ့များပေါ်ပေါက်လာ ကြောင်း ကိုထွေးကိုက ပြောသည်။ကော့သောင်းမှ ဦးဝင်းကယခုကဲ့သို့ သံချပ်အဖွဲ့များ ပြန်ပေါ်ပေါက်လာ သည် ကို ရိုးရာတစ်ခု မပျောက်ပျက်သွား သည့် အတွက် ကြိုဆိုပါကြောင်း ပြောသည်။
” ဒီနှစ်လည်း ဒီမြို့မှာမြင်ချင်သေးတယ်” ဟုဦးဝင်းက ပြောသည်။

ကျောင်းသားများသမဂ္ဂ သံချပ် အဖွဲ့တာဝန်ခံ ကိုချမ်းမြေ့ကတော့ မြိတ် နှင့် တနင်္သာရီမြို့တို့မှ ဒေသခံများ၏ ခံစားနေရသည့် အဖြစ်အပျက်များကို သံချပ် ထိုးသွားမည်ဖြစ်ကြောင်း ပြော သည်။” သင်္ကြန်တွင်းမှာ အခြားသံချပ်အဖွဲ့ တွေလည်းရှိစေချင်တယ်” ဟု ကိုချမ်းမြေ့ ကဆိုသည်။
ပျောက်ကွယ်နေသည့် သံချပ်ထိုး ခြင်းအား လူငယ်များ လက်ဆင့်ကမ်းထား သင့်ကြောင်း နောက်လယ်ရပ်မှအမျိုး သားတစ်ဦးက ပြောသည်။
ထားဝယ်အားသစ် လူငယ်အဖွဲ့ ခေါင်းဆောင် ကိုထွေးကိုကတော့ သံချပ် ဆိုသည်မှာ မြန်မာ့ရိုးရာအစဉ်အလာ ဓလေ့တစ်ခုဟု ခံယူကြောင်း ပြောသည်။
တစ်နှစ်တာ ဖြစ်ခဲ့သမျှထဲမှ နှစ်သစ် ကူးသင်္ကြန်တွင် သရော်သင့်သည်ကို သရော်၊ အမှန် အမှန်အတိုင်း အမှား အမှား အတိုင်း သံချပ်ဖြင့် ထုတ်ဖော်မှုသည် ရိုးရာယဉ်ကျေးမှုပင်ဖြစ်ကြောင်း၊ ခေတ် အဆက်ဆက် ပြောသည်။

‘ မျက်ရှိရှေ့မှာ မြင်နေတာတွေ တွေ့ နေတာတွေ ပြောခွင့်ဆိုခွင့်ရတယ်ပေါ့၊သူတို့အမှားလုပ်ရင် အမှားပြောမယ်၊ အမှန်လုပ်ရင် အမှန်ပြောမယ်၊ စနစ် မကောင်းရင် စနစ်ကိုရေးမယ်” ဟု ကိုထွေးကိုက ဆိုသည်။သူတို့ သံချပ်အဖွဲ့များ သွားလေရာ တွင် ပရိသတ်အားပေးမှုနှစ်ထောင်းအား ရဖွယ်ရှိခဲ့သော်လည်း မဏ္ဍပ်တာဝန်ရှိ သူများနှင့် ညှိနှိုင်းရသည်မှာ ခက်ခဲလှ သည်ဟုဆို၏။ အချို့မဏ္ဍပ်များတွင် သူတို့ ဖျော်ဖြေခွင့်မရ။ ဌာနဆိုင်ရာမဏ္ဍပ် များကား သူတို့အား ဖိတ်ခေါ်လေ့မရှိဟု ဆိုသည်။သို့ကြောင့် သူတို့သံချပ်အဖွဲ့များက သံချပ်ကားဖောင်များဖြင့် လှည့်လည် ဖျော်ဖြေခြင်း၊ နယ်မဏ္ဍပ်များတွင်လိုက် လံ ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြရ ကြောင်း သိရ၏။

ယခုနှစ်က အစိုးရသစ်လက်ထက် တွင်ကား သူတို့များစွာမျှော်လင့်နေ၏။လက်ရှိတိုင်းအစိုးရမှလည်း သံချပ် စာသားများ၊ စကားလုံးများအား မကန့် သတ် (ဆင်ဆာမဖြတ်)ဟု ပြောထား၏။အားသစ်အဖွဲ့မှလည်း ရန်ပုံငွေအရလည်း ကောင်း၊ ဗဟိုနှင့်ဌာနမဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ရမည်ဟု လက်ရှိအစိုးရအား ယုံကြည်သဖြင့်လည်းကောင်း သံချပ် ကားဖောင် မစီစဉ်ထားဟုဆို၏။

ယခုနှစ် ပြည်သူ့အစိုးရအား ဌာန နှင့် ဗဟိုမဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ရ ရန် အကြောင်းကြားထားသည်ဟု ဆို၏။
” သင်္ကြန်ဆိုတာလည်း သံချပ်ရှိမှ သင်္ကြန်ဝိဥာဉ် အသက်ဝင်တယ်လို့ ခံယူတယ်” ယနေ့အချိန်ထိကား မဏ္ဍပ်တာဝန် ရှိသူများထံမှ သူတို့အား ဖျော်ဖြေခွင့် ပေး၊ မပေးအကြောင်း မပြန်သေး။