တူးပို့ သင်္ကြန်သို့ အလွမ်းများ

0
842

အမေက ထမင်းတွေကို ပြာနဲ့ နယ်ဖတ်နေတော့ အထူးတဆန်းမို့ ဘာ လုပ်ဖို့လဲ ကျွန်တော်မေးတယ်။
အမေ့မောင် ဦးလေးခင်မောင်က ဗုံတီးဖို့ ပတ်စာ လုပ်ခိုင်းထားတာတဲ့။
စိတ်ဝင်စားသွားတယ်။

ပတ်စာလာယူတဲ့ ဦးလေးနား ကပ်ပြီး သိချင်တာတွေ ဇွတ်မေး သူသွား မယ့်နေရာ ကပ်လိုက်သွားတော့ သူတို့ အုပ်စုသီချင်း တိုက်တဲ့ နေရာရောက်သွား ရော။ ဆက်ဆိုဖုန်း ထရမ်းပက်လို လေ မှုတ်တူရိယာတွေ ဗုံတွေ ဂစ်တာတွေနဲ့ တီးမယ့်မှုတ်မယ့် သူတွေ အလုပ်ရှုပ် နေသလို တီအီးကားကြီးကို သစ်သား တန်းတွေ ဝါးခြမ်းတွေနဲ့ အလှပြယာဉ် ဖြစ်လာအောင် ဖောင်ဖွဲ့ကြ ဆေးရောင် ခြယ် အလှဆင်ကြနဲ့ အလုပ်များနေကြ တာလည်း တွေ့ရ။

ကားခေါင်းပေါ်မှာ ကပြဖို့နေရာ အလယ်မှာလည်း တီးဖို့ဆိုဖို့နေရာနဲ့ ကားနောက်ဘက်ပိုင်းကိုတော့ လှေကား ထစ်လိုစင်မြင့်ဆောက်ထားတာ တွေ့ရ တယ်။ အဲဒီကားနောက်ဘက်မှာ ကြော် ငြာတစ်ခု ကပ်လိုက်တယ်။ ဒေါ်လွန်းမေ သွေးဆေးတဲ့။ ” ဝယ်ဟှားလေ ပီခြော့ ခြော့” လို့ တစ်ယောက်က သံချပ်အစကို တိုင်ပေးလိုက်တော့ ” ဒေါ်လွန်းမေဆေး သော့ ” လို့ အဖောက် အသံကြီး တစ်ညီ တညာ ဟိန်းထွက်လာအောင် တစ်အုပ်စု လုံး ဝိုင်းအော်လိုက်ကြတယ်။ ” ကောင် မလေးတွေပိန်ခြောက်ခြောက် ဒေါ်လွန်း မေဆေးသောက်ပေါ့ ”

” ဘဝမ်ဆိုင်က ဝမ့်သားကန် ပါးပါး သားလှီးတန်” ” ဆရာမကြီး ဒေါ်ခင်ကြည် အူမရရာလီ” ” လက်ထော့ဆရာမ ဒေါ်ခင်စန်း ခေါခေါ့ရရာကြမ်း” လို ကျွန်တော်တို့ ငယ်တုန်းက အော်ခဲ့ကြတဲ့ အပြောင်အပျက် သံချပ်တွေဆို ရပ်ထဲရွာ ကျော်တွေကို မထိတထိနဲ့ ကလိသလို ရိသလို အခေါက်ကင်ရောင်း တဲ့ ဦးဘဝမ် အသားပါးပါး လှီးတတ်တာ။ ကျောင်းအုပ်ဆရာမကြီးတပည့်တွေကိုဆုံးမရင် ဗိုက်ခေါက်လိမ်တတ်တာ၊ ခေါင်းခေါက် ကြမ်းတဲ့ ဆရာမပါမကျန် သာသာနဲ့ နာနာနှက်တတ်တဲ့ ကျွန်တော်တို့ ငယ် တုန်းက သင်္ကြန်။

” တီးကြ ဆိုကြ ကကြရလေဦးမယ့် သင်္ကြန် နှစ်ကူး ရွှင်မြူးစေမယ့် သင်္ကြန်”
စာသင်နှစ်ဆုံးလို့ ကျောင်းတွေ ပိတ်ပြီး သိပ်မကြာ လူစည်ကားရာ လမ်း ဆုံလမ်းခွအနီး ဈေးကြီး ရုပ်ရှင်ရုံနဲ့ မြင် သာထင်သာရှိလောက်တဲ့ နေရာတွေ အနားက နံရံတွေ ဓာတ်တိုင်တွေမှာ ” တေးသံသက်သက်၊ ခေါင်းစည်းပေးမည်၊ ဂျစ်ကားဖြင့်၊ နေ့လယ်စာ ကျွေးမည်၊ ဦးရေကန့်သတ်ထားသည်၊ အမြန်စာရင်း သွင်းပါ” စသဖြင့် ပေးနိုင်တဲ့ဝန်ဆောင် မှုတွေနဲ့ အဖွဲ့ နာမည်တွေ သူ့ထက်ငါ စိတ်ဝင်စားအောင် မှည့်ပြီး သင်္ကြန်လည် ဖို့ လူစုတဲ့ကြော်ငြာတွေကို တွေ့ရပါပြီ။
နာမည်ကို အောက်လုံးလေးတွေနဲ့ အဓိပ္ပာယ်နှစ်ခွထွက်အောင်ပေးပြီး အမြင် မရိုင်းရအောင် ပိုစတာဆရာတွေက ပန်းချီ နဲ့ကာ ပေးရတာပေါ့။ ” မမစောင်းပေး မောင်တီးမယ်” တဲ့ မိန်းကလေးက ကောင်လေးကို စောင်းလှမ်းပေးနေတဲ့ပုံနဲ့။ ” ကိုကိုတတ်ဆွတ်ပေး” ဆိုပြီး ကောင် မလေးက အုန်းသီးကို လက်ညှိုးထိုး နေတဲ့ပုံမျိုး။

စလုံး ၅၀ ၀လုံး ၁၀၀။ ကာတွန်း ဇာတ်ကောင် ပြာလောင်က မယ်ဒလင်တီး နေပုံနဲ့ ကိုကိုလောင်တီးပြမယ်ဆိုတာ မျိုးတွေ။ ခိုးလိုးခုလုတဲ့။ ဒပ်စွာပိရှာတဲ့။ ပြုံးစိပြုံးစိ ဖြစ်ခဲ့ရဖူးတဲ့ သင်္ကြန်လည် ကားရဲ့ နာမည်တွေ။ ကားရှားပါးတဲ့ ခေတ်မို့ အလှပြယာဉ်ဆို ချက်ပလက် ခေါင်းတို၊ ဟီးနိုး၊ တီအီးကားတွေနဲ့ ထွက်ကြပြီးလည်ဖို့ ပတ်ဖို့ကတော့ ဂျစ် ကား၊ ပစ်ကပ်၊ ဟိုင်းလတ်နဲ့ ကူဘိုတာ ထွန်စက်၊ ထော်လာဂျီတွေပေါ့။ မြင်း လှည်း အမိုးဖွင့်၊ နွားလှည်း၊ ဆိုက်ကား တွေနဲ့လည်း လည်ကြပြီး လူငယ်အုပ်စု တွေကတော့ စက်ဘီးလေးတွေနဲ့ မြို့အနှံ့ လျှောက်ပတ်ကြရတာ။အခုလိုမျိုး ဆိုင်ကယ်တွေ ဖောချင်း သောချင်း ပေါချင်တိုင်းပေါ စီးချင်သလို စီးကြတဲ့ အချိန်မဟုတ်သေးတော့ သင်္ကြန် တွင်း ယာဉ်တိုက်တာ မတော်တဆမှု တွေဖြစ်တာမျိုးလည်း ဖြစ်ခဲပါတယ်။

တစ်ခြားနယ်တွေနဲ့မတူဘဲ ကျွန် တော်တို့ ထားဝယ်မှာ ထူးခြားတာက ကလေးသင်္ကြန်ဆိုပြီး အကြို ၃ ရက်ပါ ရေပက်ကြတော့ ပုံမှန် နှစ်တွေဆို သင်္ကြန် ရေဆော့တာ ၆ ရက်။ လထပ်နှစ်ဆို တစ် ပတ်ဖြစ်သွားတော့တာပါ။ နှစ်ဆန်း တစ်ရက်နေ့ ဘုရားဖူးထွက်သူတွေ ကို ရေပက်ကြတဲ့ ညောင်ဇင်ရွာ ရှင်မုတ္ထီးရွာ တွေက အလေ့အထဟာလည်း အခု နောက်ပိုင်း တစ်နယ်လုံးပျံ့သွားတော့ ထားဝယ်သင်္ကြန်ဟာ မြန်မာပြည်မှာ ရက်အရှည်ဆုံးသင်္ကြန်ပွဲလို့ ပြောရ မှာပါပဲ။
ကလေးသင်္ကြန်မှာ ယူနီဖောင်းဝတ် တွေ၊ ရုံးဝန်ထမ်းတွေကို ရေမပက်ရဘူး ဆိုပေမဲ့ မျက်နှာပြောင်တဲ့ ကလေးတချို့ တလေကတော့ အဆဲခံအဆိုခံပြီး ပက်ကြ၊ လိုက်ရင် ပြေးကြတာမျိုး လည်း ရှိတယ်။ ကြေးရေပြွတ်၊ ကော်ရေပြွတ်တွေ၊ ပလတ် စတစ်ပုံးတွေ၊ ဖလားတွေနဲ့ တစွတ်စွတ် ပက်ကြတာက ပြဿနာမရှိပေမယ့် ဘေးနှစ်ဖက်ချိုင့်အောင် ထုထားတဲ့ နို့ဆီခွက်နဲ့ ကျောကော့သွားအောင် ခွက်စောင်းခုတ်တာ၊ ပူပေါင်းထဲရေ ထည့်ပြီး ပစ်တဲ့ရေသီးဆိုတာက လည်း ထိလိုက်ရင် အီဆိမ့်သွားအောင်နာတာမို့ လူကြီးသူမတွေကတော့ မလုပ်ကြဖို့ တဟဲ့ဟဲ့နဲ့ တားကြဆီးကြရတယ်။

အိမ်မှာရှိသမျှ ပုံးတွေခွက်တွေ စည် ပိုင်းတွေမလို့ ရသမျှ အကုန်မ ရှေ့ကလာ ဖြတ်သမျှ လူတွေ့သမျှ မလွတ်စေရလို့ သန္နိဋ္ဌာန်ချထားသလို ရေတွင်းခမ်းသွား လောက်အောင် ခပ်လောင်းကြတဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်္ကြန်။” တီးကြဆိုကြ ကကြရလေဦးမယ့် သင်္ကြန် နှစ်ကူးရွှင်မြူးစေမယ့်သင်္ကြန်” ။
ရပ်ကွက်ထဲလမ်းထဲ လူစုပြီး ပက် ကြတဲ့ ရေကစားမဏ္ဍပ်ဆို ဝါးလုံးကို တိုင်စိုက် အုန်းလက်တွေခုတ် ဖျာကွက် ယက်ပြီး တိုင်မှာ ကပ်ချည်၊ နဖူးစည်းမှာ မဏ္ဍပ်နာမည် ပိတောက်ရွှေဝါဘာညာ စကောဝိုင်းမှာရေးပြီးကပ်၊ ကတ္တရာပီပါ၊ ဆီပီပါအလွတ်ထဲ ရေထည့်ပြီးရင်တော့ ဆော့ဖို့အသင့်ဖြစ်ပြီပေါ့။ အကအလှ၊ သံချပ်ပြိုင်ပွဲတွေနဲ့ ဆုပေးမဏ္ဍပ်ကြီးတွေ ကျတော့ သစ်တွေ ဘာတွေနဲ့ အမိုးနဲ့ အခိုင်အခန့် ကျကျနနဆောက်ရတာဆို တော့ လေးငါးရက်အလိုကတည်းက အချိန်ယူပြင်ဆင်ကြရတယ်။

မဏ္ဍပ်နောက်ခံကို သရုပ်ဖော် ပန်းချီနဲ့ အလှဆင်တဲ့အခါ ပိုစတာပန်းချီ အရေးကောင်းလှတဲ့ ပန်းချီဦးထွန်းကြည် တို့ ရေးပြီဆို ထိုင်ငေးကြရတာပဲ။ ပညာ ရေးမဏ္ဍပ်၊ ကျန်းမာရေးမဏ္ဍပ်၊ သတ္တု တွင်းမဏ္ဍပ်၊ စည်ပင်မဏ္ဍပ်စတဲ့ ဝန် ကြီးဌာနမဏ္ဍပ်တွေ ဆောက်ကြရေကစား ကြတယ်။ ဆောက်လုပ်ရေးမဏ္ဍပ်ဆို နှစ်တိုင်းဖျော်ဖြေရေး အတွက် ခေတ်ပေါ် တီးဝိုင်းနဲ့မို့ မဏ္ဍပ်ရှိတဲ့ ရုံးကြီးနားမှာ အစည်ကားဆုံးပေါ့။ အိုးလုပ်ပြင်က ကိုနန်းတင်လည်းရုံးကြီး လမ်းဆုံမှာ ဘရိတ်ဒန့်စ်ဆွဲလို့။

ယိမ်းပြိုင်မယ့်အဖွဲ့တွေ၊ သံချပ်ပြိုင် မယ့်အဖွဲ့တွေက သူ့အချိန်နဲ့ သူမဏ္ဍပ် တွေလှည့်ပြီး ပြိုင်ကြတယ်။ လက်ထဲမှာ စည်းနဲ့ဝါးကို တောက်ချွင်းချွင်း တောက် ချွင်းချွင်းနဲ့တီးပြီးခြေထောက်ကို ဘယ် ညာအလှည့်ကျထိုး ကိုယ်ကိုယိမ်းကာ လက်အမူအရာ မျက်နှာအမူအရာအမျိုး မျိုးကို သံချပ်စာသားအတိုင်း လိုအပ် သလိုပြုံးလို့မဲ့လို့ သံချပ်ပြိုင်တဲ့အခါ အတိုင်အဖောက်ညီညီနဲ့ ခေတ်ထဲက ရှိရှိ သမျှ ကမောက်ကမတွေကို သရော်ကြ တာမို့ ခံနေရတဲ့သူတွေဆို မချိသွားဖြဲ ကလေးနဲ့။

သမဆိုင်အကြောင်း၊ ကုန်သွယ်ရေး၊ မှောင်ခို၊အကျင့်ပျက်ဝန်ထမ်း၊ ဆေးရုံ ဆေးခန်း၊ အုပ်ချုပ်ရေးအပိုင်းတွေပါ မကျန် ပြည်သူတွေ အကြောင်းကစ၊ မင်းလုပ်တဲ့အစိုးရအထိ လက်သံပြောင် ပြောင်နဲ့ ဆော်ခဲ့အော်ခဲ့ကြတဲ့သံချပ်တွေ နဲ့ ကျွန်တော်တို့ ငယ်တုန်းကသင်္ကြန်။
” တီးကြ ဆိုကြကကြရလေဦးမယ့် သင်္ကြန် နှစ်ကူး ရွှင်မြူးစေတဲ့သင်္ကြန်” ။

သင်္ကြန်လည်တဲ့ကားတို့၊ မြင်း လှည်းတို့ကို တားထားပြီး စီးလာတဲ့ ယာဉ်ပေါ်က တစ်ယောက်မကျန် အကုန် ဘူးခေါ် လက်မြှောက်အရှုံးပေး ဆင်းမပြေး မချင်း ပိုက်ကြီးပိုက်ငယ်တွေနဲ့ ရေမွန်း အောင် လောင်းကြပက်ကြတဲ့ ရေကြမ်း ပက်တယ် ဆိုတာလည်း ရှိသေးရဲ့။ နား ထဲနှာခေါင်းထဲ ရေမဝင်အောင် မျက်နှာ သုတ်ပုဝါတွေခြုံ၊ လေးငါးယောက် စုဖက်ပြီး အကြမ်း ပက်တာကို တောင့်ခံ တာမျိုး၊ လုပ်ကြပေမယ့် နောက်ဆုံးတော့ အကြိုအကြားနေရာ မလပ်အောင်ရေပိုက်မျိုးစုံနဲ့ ဝိုင်းထိုးကြ၊ ခွက်စောင်းခုတ်ကြတဲ့ဒဏ်ကို ရေပက်ခံထွက်လာတဲ့ သူတွေ မခံနိုင်ပဲဘူးခေါ် အရှုံးပေးလိုက်ကြရတာပါပဲ။ ရေပက်ကြမ်းတဲ့နေရာမှာ ကြက်စားပြင် ရပ်ကွက်နဲ့ တလိုင်းမရပ်ထဲက ဦးဘိုရေ ဆေးခုံဆို နာမည်ကြီးတွေပေါ့။

မိတ်အင်အိုးလုပ်ပြင် အတာရေအိုးလေးတွေနဲ့ သင်္ကြန်ပန်းထိုးကြတဲ့ ရိုးရာဓလေ့တွေ။အတာသက်တယ်။ အတာစားတယ်ဆိုတဲ့ အယူအဆယုံကြည်မှုတွေနဲ့ ကံတရားအညံ့တွေက လွတ်အောင် ရွှေရင်အေး၊ မုန့်လက်ဆောင်းလှူတာ၊ မုန့်လုံးရေပေါ် စတုဒီသာကျွေးတာလည်းရှိရဲ့။ ကျွန်တော်အလွမ်းဆုံးကတော့ ထားဝယ်ရိုးရာ ရေးဇီမှန်း (ရေစိမ်ထမင်း)ပါ။

ဖယောင်းနံ့သင်းနေတဲ့ မွှေးမွှေးအေးအေး ရေစိမ်ထမင်းထဲက စပယ်ပွင့်လေးတွေကို ဆယ်၊ ခေါင်းပေါ်တင်ပြီး ငါးပုတ် ခြောက်ကြော်၊ သရက်သီးငပိချက်၊ ရွှေဖရုံသီး၊ ပဲပင်ပေါက်၊ ငှက်ပျောဖူးနုနု၊ လန်ကော်ရွက်၊ သီဟိုဠ်ဆံစတာတွေကို ဆန်မုန့် အနှစ်နဲ့နယ်၊ ရဲယိုရွက် လေးအုပ်၊ ဖက်ထုပ်ပြီးပေါင်းခံထားတဲ့ ပေါင်းထုပ်လေးနဲ့လွေးရတဲ့ သင်္ကြန်ထမင်းကိုတော့ တူးပို့သံကြားရင် လွမ်းမိတော့တာပါပဲ။စားပြီးရင် အချိုတည်းစရာ မုန့်ဆီကြော် ကဒိုးခွာလည်းပါလိုက်သေးတော့ ဘာပြောကောင်းမလဲ ဗိုက်ကားသွားအောင် ဆွဲခဲ့ကြတာပေါ့။ရာသီဥတုကလည်း အခုလို ဆိုးဆိုးရွားရွားကြီး မဖောက်ပြန်သေးတော့ နှစ်စဉ်နှစ်တိုင်းလက်ဆေးမိုး မှန်မှန်ရွာ၊ ပိတောက် တွေ ငုဝါတွေကလည်း သူ့သစ္စာနဲ့သူ အချိန်မှန်မှန်ပွင့်လို့၊ မြေသင်းနံ့နဲ့ နွေပန်းရနံ့တွေ ရောထွေးနေတဲ့ခါ သင်္ကြန်ဂိမာန်နွေဦး။

ရိုးရာဟန် ဒိုးသံတွေနဲ့ကျွန်တော်တို့ငယ်တုန်းက သင်္ကြန်ကို ဒီဂျေမြူးဇစ်သံ တဒုန်းဒုန်း၊ အဖော် အချွတ်ရဲရဲ၊ အလဲအကွဲ များများနဲ့ သိကြားမင်းကြီး လက်မြှောက်ခေါင်းကုတ် စိတ်ရှုပ်ရမယ့်ခေတ် သင်္ကြန်နေ့ရက်တွေထဲ ပြန်လွမ်းနေမိဦးမှာပါလေ။