အမှတ်တရ … ဟူ၍ ကျန်ရစ်ခဲ့ကြလေသည်

0
526

၁။
တပေါင်း တန်ခူး မိုးသားကြူး…။
ဝါဆို ဝါခေါင် ရေဖောင်ဖောင်….။
ငယ်ငယ်တုန်းက သီဆိုခဲ့ရဖူးသည့် ကဗျာလေးသည် ထိုစဉ် ထိုအခါကတော့ ကျွန်မတို့အတွက် အချိန်အခါနှင့် အခြေ အနေလိုက်ဖက်သည့် စာသားများ ဖြစ် လေသည်။

တပေါင်းလရောက်လျှင် ပူအိုက် လွန်းမက ပူအိုက်မည်။ တန်ခူးဝင်ခါနီး လျှင် မိုးစက်တစ်ချို့က လူသားတို့၏ ပူလောင်မွန်းကြပ်ခြင်းကို အကူအညီ ပေးရန် စစ်ကူရောက်လာကြပေမည်။ဝါဆို ဝါခေါင်လ ဆီရောက်လျှင် ကျွန်မတို့ရွာကလေးနှင့် မြို့အကြား ထန်းတော တစ်လျှောက်တွင် ရေဖောင် လေပြီ။ ကားလမ်း မပေါ်တွင် ရေတွေ အပြည့် ဖြစ်လေတော့ ယာဉ်များ၏ အကူအညီ ယူမရတော့ပြီ။ လမ်းလျှောက် ပြီး ရေပြင်ကို ဖြတ်သူကဖြတ်၊ လှေစီးပြီး ဖြတ်သူကဖြတ်ဖြင့် တစ်နေ့တာ ခရီးကို ဆက်ကြရပြီ…။

ထို့ကြောင့်…
ထိုစဉ်အချိန်က အထက်ပါ စာသား လေးများသည် ရွတ်ဆိုမိတိုင်း မှန်ကန် နေဆဲ အမှတ်တရသာ ဖြစ်လေသည်။

၂။
ကျွန်မတို့ရွာလေးသည် ထားဝယ် မြို့မှ ၂ မိုင်သာသာ လောက်သာ အလှမ်း ဝေးသည့် မြို့မကျတောမကျ ရွာကလေး သာ ဖြစ်သည်။ ရွာကို ဖြတ်ပြီးသည်နှင့် ထန်းတောလမ်းကလေး ရှိမည်။ ထိုလမ်း ကလေးလွန်လျှင် ပထမဆုံးသောမြို့ပေါ် ရပ်ကွက် စလေပြီ။ရွာ၏အထင်ကရနေရာဟူသည် တောင်ပေါ်ဘုရားသာဖြစ်လေသည်။ ထိုစဉ်ကတော့ ဇလွန်းတောင်ဘုရားသည် ယနေ့လို လျှမ်းလျှမ်းတောက် ရွှေရောင် တဝင်းဝင်း၊ ရဟန္တာရုပ်တုများ၊ လျှပ်စစ် မီးထိန်ထိန်လင်း၊ စုံတွဲများနှင့် မဟုတ် သေး။

အုပ်ဆိုင်းလှသော သစ်ရိပ်ဝါးရိပ် များ၊ အေးချမ်းသော လေပြည်လေညင်း များ၊ ရိုးရှင်းလှ သော စောင်းတန်းများ၊ ပကာသနမပါသော ဘုရားပရဝုဏ်၊ သမိုင်းဖြစ်စဉ် ပန်းချီကားများ၊ ရှေး ဟောင်းအရုပ်ကြီးနှစ်ရုပ်က ထမ်းထား သည့် ခေါင်းလောင်းကြီး၊ အေးစိမ့်နေ သော ရေများရှိသည့် ရေကန်လေးတစ် ကန်…။
ဘုရားပွဲတော်အချိန်အခါများ ရောက်လေတိုင်း သံဗုဒ္ဓေသီချင်းတစ် ပုဒ်တည်းသာလျှင် အသံချဲ့စက်ကြီးဖြင့် တစ်ရွာလုံးကြား ရလေအောင် နှိုးဆော်တတ် လေသည့် အခါသမယ ဖြစ်ခဲ့လေသည်။

တပေါင်းလရောက်ပြီဆိုလျှင် တပေါင်းလပြည့်နေ့သည် ကျွန်မတို့ ငယ်ဘ၀အတွက်တော့ အမှတ်တရ ဖြစ် သည်။ တစ်အိမ်လျှင် တစ်ခွက်ဆွမ်း စနစ်ဖြင့် ဘုရားပေါ်တွင် တစ်ရွာလုံးမှ ဆွမ်း၊ ဟင်းခွက်များသည် အလျှံပယ်။ ကလေးအကုန်၊ လူကြီးအစုံ မနက် တည်းက တောင်ပေါ်ရောက်နှင့်နေကြ သည့်နေ့ ဖြစ်သည်။ဇလွန်းတောင်ပေါ်မှာ မယ်ဇလီရွက် ဟင်းချိုခါးခါးကို တစ်ရွာလုံးအတူတူ သောက်ကြသည့် နေ့လည်းဖြစ်လေ သည်။ ဆေးပေါင်း ခလေအောင်သောက် ရသည်တဲ့…။ လူကြီး တွေကသောက် ဆိုတော့ သောက်လိုက်ကြသည်ပါပဲ။

ပင့်ဖိတ်ထားသော ဘုန်းတော်ကြီး များ နေ့ဆွမ်းဘုန်းပေးပြီးဆိုလျှင် နေ့လယ်ခင်းမှာ တရားနာ။ ပြီးလျှင် ဆီဆွမ်းလောင်း လှူပွဲစလေပြီ။
တပေါင်းလ နေပူပူ အောက်မှာ ဖိနပ်မပါကြသည့် အလှူရှင်များက ဆီခွက်များကိုယ်စီ ကိုင်ကာရပ်ကြသည်။ ဘုန်းတော်ကြီးများက ဆီပုံးကလေး များဖြင့် အလှူခံကြွကြသည်။ စေတီတော် ရင်ပြင်တစ်ပတ်လုံးအပြင် အောက်ဆက် အဝိုင်းများ၊ လှေကားထစ်များအထိ လှူဒါန်းမည့်သူများက အပြည့်။
တပေါင်းနေ ဘယ်လောက်ပူပူ အရိပ်အာဝါသရှိခဲ့သည်။ အပူရှိန် ဘယ် လောက်ပြင်းပြင်း သစ်ပင်များဆီမှ လေပြည်လေအေး များရှိခဲ့သည်။ ချွေးသံ တရွှဲရွှဲ ဖြစ်နေကြသည့်တိုင် ပီတိ အရှိန် အဟုန်ဖြင့် လူတိုင်းအေးချမ်း သာယာ ခဲ့ကြသည့် အချိန်များ ဖြစ်ခဲ့ဖူးလေသည်။

၃။
တပေါင်းလပြည့်နေ့သည် ထိုမျှနှင့် အဆုံးအသတ်သွားသည်မဟုတ်ချေ။ ညဘက်မှာ ဘုရားလှည့်ပွဲက ရှိနှင့်သေး လေသည်။
ညဘုရားလှည့် လိုက်လိုကြ၍ နေ့ ခင်းဘယ်တော့မှ မအိပ်ကြသည့် ကလေး တွေထိုနေ့မှာ တော့ အိပ်ကြလေသည်။ ဒါမှ ညကျရင် လိုက်ခွင့်ရကြမှာကိုး။ တစ်ရွာလုံးအနှံ့လှည့်လည် အပူဇော်ခံ သည့်ပွဲပေမို့ ပျော်ပျော်ပါးပါး လိုက်ချင် ကြသည်။ပိတ်အဖြူလုံချည်မရှိ၍ ကလေး အနှီးလိုက်ငှားကြသည့် ကလေးတွေ လည်း မနည်းချေ။ အင်္ကျီအဖြူလည်း ငှားကြရသေးသည်။ အဘယ်ကြောင့် ဆိုသော် ထိုစဉ်အခါက ကျွန်မတို့ရွာ ကျောင်းမှ ကျောင်းသားကျောင်းသူ တိုင်းသည် ကျောင်းယူနီဖောင်း ဆင်စရာ မလိုသည့် အဲချိန်သာဖြစ်လေသည်။

ညဘက်ဘုရားလှည့် ပွဲမှာ လိုက်ပါ ကကြသည်။ အကျိုးတော်ဆောင်များ၊ ကလေးလူကြီး အားလုံးအား တစ်ရွာလုံးမှ ကျွေးမွေးကြသည်မှာ တကယ်ကို စား မကုန်သောက်မကုန်။ တညလုံး ဗိုက် ကားအောင် စားကြသေက်ကြရသည်သာ။ ထို့ကြောင့်လည်း ကလေးများက ထိုညကို အလွတ်မခံကြချေ။
တပေါင်းလမှာ ဘုရားပွဲရှိသလိုပင် ဘုရားပွဲဈေးကလည်း တစ်ပြိုင်တည်းပင် ရှိနေသေး လေသည်။စာသင်ကျောင်းအောက်ဆက်မှ လယ်ကွက်ကြီးသည့် ပွဲဈေးတန်းများ၊ ကစားဝိုင်းများ၊ ပွဲကြည့်ပရိသတ် နေရာ များ၊ ဇာတ်စင်ကြီးနေရာ.. စသည်ဖြင့် ထိုအချိန်တွေရောက်တိုင်း ပြောင်းလဲ သွားမည်ပင်။ တပေါင်းလ ဘုရားပွဲရောက် တိုင်း ပွဲဈေးရှိခဲ့စမြဲ..။ ဇာတ်ပွဲကြည့်ရစမြဲ။ လောင်းကစားဝိုင်း များမှာ ပျော်ပျော်ပါး ပါး အန်စာ ကစားကြစမြဲ.. ထိုစဉ်က ကျွန်မတို့ရွာလေးသည် တကယ့်ကျေးရွာ ကလေးနှင့် တူလှလေသည်။

ဇာတ်ပွဲဆိုလျှင် ထိုအချိန်က ပန်း ပွင့် ဇာတ်ဆိုမိုးအလင်း ကြည့်ကြသူတွေ မနည်းချေ။ ဦးပန်းပွင့် ဇာတ်ပွဲဆို ကျွန်မ တို့လည်း မိုးအလင်း ကြည့်ကြမြဲပင်။ တစ်ခါတစ်လေ ကျရင်တော့ ဟာသ ဇာတ်ထုပ်ပြီးသည်အထိတော့ ကြည့်ဖြစ် သည်ချည်းပဲ ဖြစ်သည်။ညနေ ၆ နာရီလောက်တည်းက ဇာတ်စင်ရှေ့ ဖျာခင်းသူခင်း၊ နေရာဦး သူဦးဖြင့် အလုပ်ရှုပ်ကြပြီ။ လူကြီး၊ ကလေးမကျန် နေဝင်ပြီဆိုတာနှင့် ပွဲဈေး ထဲရောက်လေပြီ။ ည ၉ နာရီမှ ပွဲစမည် ဘယ်လောက်ပဲသိသိ ည ၆ နာရီကျော်ပြီး သည်နှင့် အိမ်မှာနေ မကျတော့။ ဖင်တ ကြွကြွဖြစ် နေကြလေပြီ။ထိုစဉ်က ဒီလိုပွဲဈေး အချိန်တွေ ရောက်လေတိုင်း ဇာတ်ပွဲကန်ထရိုက်ယူရင် ယူ၊ မဟုတ်လျှင် ဖဲဝိုင်းဒိုင်ကိုင်၊ ပွဲဈေး ဈေးကောက် ကောက်တတ်ခဲ့သည့် ဦးလေးအကြောင်းကိုလည်း တပေါင်းလ များ ရောက်လေတိုင်း ကျွန်မတို့တွေ သတိရ နေတတ်ခဲ့ကြပါသည်။

၎။

တန်ခူးလ ဆိုရင်တော့ သင်္ကြန် ထမင်းဟင်း အဝစားရလေပြီ။ ကလေး၊ လူကြီးပျော်ကြရသည်။ မိုးပြေးကလေး ကလည်းပျော်ပျော် ပါးပါး ပါဝင်လေ သည်။ မေမေတို့ခေတ်ကတော့ မြင်း လှည်း၊ နွားလှည်းတွေဖြင့် သင်္ကြန် လည်ကြပါသည်တဲ့။ ထိုစဉ်ကတော့ သင်္ကြန်လည်သူရှားပါး ပါသည်တဲ့။ ကျွန်မတို့ ငယ်စဉ်ကတော့ ဘေးအိမ်က ဦးလေးကြီးက သူ့ထော်လာဂျီကြီးပေါ် တင်ခေါ် သွားတတ်သည်။ ကျွန်မတို့ အိမ်အနီး ပတ်ဝန်းကျင်မှ ကလေးအကုန် ပါလေသည်။ ကျွန်မတို့နှင့် ကစားဖော် ကစားဖက် တွေဖြစ်သည်။ ကျွန်မတို့ အိမ်အနောက်ဘက်မှ ဖြိုးဝေယံတို့ ညီအစ်ကိုသုံးယောက်၊ လူကြီး၊ တရုတ် ကြီး၊ မီးဇင်၊ ကျွန်မတို့ ညီအစ်မသုံး ယောက်…။

မြို့ထဲရောက်လျှင် ရွာထဲမှ သင်္ကြန် လည်ကြသည့် လူကြီးတွေနှင့် တိုးလျှင် ကျွန်မတို့ကို မုန့်ဝယ်ကျွေးသွားကြမြဲပင်။အိမ်ပြန်ရောက်လျှင် ဟိုအိမ်ဒီအိမ်မှ ပို့ထားကြသည့် သင်္ကြန်ဖျော်ရည်တွေ သောက်၊ မုန့်ဆီကြော်တွေစား။ ဪ.. ထိုစဉ်ကလေးဘ၀ကတော့ စားဖို့သောက် ဖို့ပျော်ဖို့သာ သိခဲ့ကြသည်ကိုး လေ။ သင်္ကြန်ရောက်တိုင်း ကျွန်မတို့ အားလုံးတကယ့်ကို ပျော်ခဲ့ကြရပါသည်။

၅။
ကျောင်းတွေပြန်ဖွင့်ပြီ ဆိုလျှင်တော့ တကယ့်မိုးရွာချိန်တွေ ရောက်လေပြီ။ ရေခဏ ခဏကြီးပေသည်။ ရေကြီး၍ ဆရာမတွေ ကျောင်းမလာနိုင်လျှင် ကျွန်မ တို့ တစ်အားပျော်ကြပါသည်။ အမြဲရေ ကြီးနေပါစေဟု တကယ်ကို ဆုတောင်း ဖူးကြပါသည်။

၆။
တပေါင်း တန်ခူး မိုးသားကြူး…။
ဝါဆို ဝါခေါင် ရေဖောင်ဖောင်…။အရာရာတိုင်းသည် အချိန်အနေနှင့် အခြေအခါကို လိုက်၍ ပြောင်းလဲကုန် ကြချေပြီ။ ထိုအထဲမှာ ဘယ်တော့မှ ပြန်မရတော့မည့် အရာပေါင်းမြောက်မြား စွာလည်း ပါဝင်ခဲ့ကြသည်။ ပါဝင်သွား ခဲ့ကြသည်သာ ဖြစ်သည်။

တပေါင်းလမှာ အပူရှိန်ပိုတိုးလာ သည်။ ပွဲဈေးတွေ မရှိတော့လေပြီ။ ဇာတ် ပွဲတွေ ပပျောက်ကုန်လေပြီ ပွဲဈေး ထောင်တတ်တဲ့ ဦးလေးလည်း မရှိလေပြီ။ တစ်ဖိတ်ဖိတ်တောက်တောက်အောင် ရွှေရောင်ဝင်းနေသည့် ဇလွန်းတောင်ကြီးမှ အပ တစ်ရွာလုံး ခြောက်သွေ့နေလေသည်။
တန်ခူးလမှာ မိုးမရွာပါ။ တစ်ရွာလုံး ရေရှားသည်။ သင်္ကြန်ထမင်းတွေ မရှိ ကြချေပြီ။ ရေပက်တိုင်းလူကို တုတ်နှင့် ရိုက်သလို ပက်တတ်လာကြပြီ။ သက် ကြီးပူဇော်ပွဲ ကျင်းပသည်မှအပ လူငယ် တွေ ရိုင်းပျတတ်ကုန်ကြသည်။ သင်္ကြန် အတူလည်ခဲ့ဖူးသည့် သူငယ်ချင်းတွေ ဝေးကွာကြချေပြီ။

ဝါဆို ဝါခေါင်ရောက်တိုင်းလည်း ကျွန်မတို့ရွာကလေး ရေမဖောင်တော့ လေပြီ။ လမ်းအဆင့်မြှင့် လိုက်ခြင်း ကြောင့် ရေကြီးခြင်းမှ ကင်းလွှတ်ခဲ့ပြီ။ လမ်းမပေါ်မှ ရေကြီးကြီးထဲမှာ ရေမဆော့ ကြရတော့ချေပြီ။ ရေမကြီးတော့ခြင်း ကြောင့် ဆရာမတွေ ကျောင်းနေ့တိုင်း လာကြရသည်။ တစ်ချို့အိမ်များမှာ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်မှ အပ ရွာသားတိုင်းလိုလို မြို့ဆန်ဆန် စိမ်းကားကုန်ကြလေပြီ။

၇။
တိုးတက်ခြင်းနှင့် အပြိုင်လိုက်နေ တတ်သည်။ အရာသည် ဆုတ်ယုတ်ခြင်း၊ အရာရာတိုင်းသည် ခေတ်နှင့်ရင်ဘောင် တန်းကာ တိုးတက်ကုန်ကြချိန်တွင် တစ်ချို့တစ်ချို့သော အရာများသည် ဆုတ်ယုတ်ပျက်စီးကုန်ကြလေသည်။Gမသတအ့ နှင့် Dနလနူသစာနညအ သည် အဓိပ္ပာယ်ချင်းဆင်တူသယောင် ယောင်ရှိပါသည်။ နှစ်ခုလုံးသည် ဖွံ့ဖြိုး တိုးတက်နေခြင်း။

သို့သော်….
Growth ဟူသည် သာမာန်ဖြစ်စဉ် အတိုင်း ကြီးထွားဖွံ့သွားခြင်း….။Development ဟူသည် ဘက်စုံ၊ ဘဏ္ဍခိုမှ ဖွံ့ဖြိုးတိုးတက်လာခြင်း..။
ကျွန်မတို့ကတော့ ကျွန်မတို့ ရွာလေး၏ တိုးတက်ခြင်း ကို Growth လား၊ Development လားဟု အခုစာ ရေးပြီးချိန် ရောက်သည့်တိုင် တွေးမိနေဆဲ ဖြစ်ပါသည်။

À