အချစ်ကြီးသူ အမျက်ကြီး၏

0
435

မကြာတော့သည့် အချိန်တွင် မြန်မာပြက္ခဒိန်အရနှစ်ကူးတော့မည်။
လွှတ်တော်သစ်နှင့် အစိုးရသစ်၏ သက်တမ်း ၁ နှစ်ပြည့်ပြီဖြစ်သည်။ ပြည်သူကချစ်သော၊ ပြည်သူက ရွေးကောက် တင်မြှောက်ထားသည်ဟု ရေလဲ ပြောတတ်သော အစိုးရတစ်ရပ်၏ တစ်နှစ်တာလုပ်ဆောင်မှုများနှင့် ပတ်သက် ပြီး လူထုက နှစ်ထောင်းအားရမရှိလှ။ အများဆုံးထောက်ပြကြသည်မှာ အစိုးရ၏ လုပ်ရည်ကိုင်ရည် အားနည်းမှု။

ယင်းထောက်ပြမှုများနှင့် ပတ်သက်ပြီးလည်း ဆင်ခြေပေါင်း သိန်းသောင်း မက ပြန်ပေးမည်မှာ သေချာသည်။ ပေးလည်း ပေးလေ့ရှိသည်။ ပေးလည်း ပေးနေဆဲ ဖြစ်သည်။ ပြည်သူကချစ်သော၊ ပြည်သူကတင်မြှောက်သော အစိုးရဖြစ်သည့်အတွက် ပြည်သူ၏ မျှော်လင့်ချက်သည်ကြီးမားသည်မှာ သဘာဝကျပေသည်။
ယင်းသည် အားသာချက်ဖြစ်သလို အန္တရာယ်ချောက်ကမ်းပါးလည်း ဖြစ် သည်။အားသာချက်အနေဖြင့် ဥပမာပေးရလျှင် ရန်ကုန်ဘတ်စကားစနစ်ပြောင်းချိန် လစ်ဟာမှုများကို ဝိုင်းဝန်း အားဖြည့်ကြသည့် အခင်းအကျင်းမျိုးသည်လူထုချစ် သည့် အစိုးရမို့သာ ရသည်။

ယင်းမှာ ထင်သာမြင်သာ အဖြစ်ဆုံးဖြစ်သည်။ အခြားတိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း ထိုနည်းလည်းကောင်း အခင်းအကျင်းများ ကြုံရနိုင်ပေသည်။
သို့သော် ယင်းအားသာချက်ကိုအခွင့်ကောင်းယူ ဆင်ခြေဆင်လက်ပေးပြီး လူထုမျှော်လင့်ချက်ကိုဖြည့်ဆည်းရေး မေ့လျော့မနေသင့်ပေ။
အချိန်နှင့် သီးခံနိုင်မှုသည်ပြောင်းပြန်အချိုးကျသည်ကို အားလုံးသိပြီး ဖြစ်သည်။ ရှေ့လာမည့် နှစ်များတွင်လူထု၏ သည်းခံနိုင်စွမ်း နည်းလာတော့မည်ဖြစ်သည်။
ယင်းအတွက် အစိုးရအနေဖြင့် ကောင်းစွာသတိပြုဆင်ခြင်ပြီး ပြင်ဆင်သင့် အားထုတ်သင့်ပေသည်။ ထို့သို့ မဟုတ်ဘဲဆင်ခြေများ ရှေ့ချ လူထုရွေးသည့်အစိုးရဟု ထည်လဲ ပြောကာ မာန်ဝင့် မေ့လျော့နေပါကလူထု၏ ဒဏ်ခတ်မှုကို အကြီးအကျယ်ခံရမည် ဖြစ်သည်။
အချစ်ကြီးသူများ အမျက်ကြီးတတ်ပါသည်။