သတ္တုတူးဖော်ကုမ္ပဏီက ရွာသား ၃ဦးကို တရားစွဲထားသည့်အမှု ပြန်လည် ရုပ်သိမ်း

0
447

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံ ကျေးရွာအုပ်စု ယမုံကျေးရွာရှိ သတ္တု တွင်း တူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေ့ပင်လယ် ကုမ္ပဏီက ရွာသား ၃ ဦးကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသည့် အမှုကို မတ်လ ၁၇ ရက်က ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ယင်းကုမ္ပဏီ အထွေ ထွေမန်နေဂျာဦးစိုးရီထံမှ သိရသည်။

ယင်းအမှုကိုကျွန်းစုမြို့နယ် တရား ရုံးတွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲ ဖြင့် ကုမ္ပဏီဘက်က တရားစွဲခဲ့ပြီး တရားစွဲခံရသူ ဦးစိုးထွန်း၊ ဦးကျင်သန်း နှင့် ဦးမြင့်စိုးတို့က ခံဝန်ကတိလက်မှတ် ရေးထိုးပေးခဲ့သည့်အတွက် ကုမ္ပဏီက အမှုကို ပြန်လည်ရုပ်သိမ်းဖြစ်ကြောင်း သိရသည်။” မဟုတ်မမှန် နောက်မတိုင်ကြား တော့ဘူး ဆိုတာကို ခံဝန်လက်မှတ် ရေး ထိုးစေခဲ့တယ်” ဟု မန်နေဂျာဦးစိုးရီက ပြောသည်။

ယမုံကျေးရွာတွင် ရွှေပင်လယ်နှင့် ငွေကမ္ဘာ သတ္တုတူးဖော်ရေးကုမ္ပဏီတို့နှင့် ယမုံ၊ သင်္ကန်းရှောင်နှင့် ဆင်အိုင် ကျေး ရွာတို့နေ တောင်သူများအကြား မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိသည်။ယင်းကိစ္စကို တိုင်ကြားရာတွင် အငြင်းပွားမှုနှင့် တိုက်ရိုက် မသက်ဆိုင် သည့် ခဲတင်ပို့ ထုတ်လုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီးကုမ္ပဏီအတွက် ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့ရသည့် စာသားများပါရှိခဲ့ ကြောင်း တရားစွဲခံခဲ့ရသူများနှင့်ကုမ္ပဏီ တို့မှ သိရသည်။
” မှန်နေတာကိုဆို တိုင်လည်းတိုင်၊ အမှုဖွင့်လည်း ရပါတယ်” ဟု မန်နေဂျာ ဦးစိုးရီက ပြောသည်။

ယမုံကျေးရွာရှိ သတ္တုတူးဖော် လုပ် ငန်းများကြောင့် မြေယာများဆုံးရှုံးနစ်နာ သူများအတွက် ကုမ္ပဏီဘက်က နစ်နာ ကြေး ထပ်ပေးနိုင်ရန် လွှတ်တော်ကိုယ် စားလှယ်တချို့ပါဝင်သည့် စုံစမ်းစစ် ဆေးရေး ခုံသမာဓိအဖွဲ့က ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။အဆိုပါယမုံကျေးရွာတွင် ငွေကမ္ဘာ ကုမ္ပဏီမှ အကြီးစားလုပ်ကွက် ၈၁၂ ဧက၊ ရွှေပင်လယ် ကုမ္ပဏီလီမိတက်က အသေးစား၂၄၅ ဧကနှင့် အကြီးစားလုပ် ကွက် ၅၇၂ ဧက၊ အောင်ညီအစ်ကိုများ ကုမ္ပဏီက ၄၂ ဧကနှင့် ခဲမဖြူသတ္တု သဘာဝ သယံဇာတ ပစ္စည်း ကုမ္ပဏီက ၉၈ ဧက တို့ကို သတ္တုတူးဖော်လုပ် ငန်းများကို လုပ်ကိုင်ခွင့်ပြုထားကြောင်း မြိတ်မြို့နယ် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ သိရသည်။