ကံပေါက်ကျေးရွာမြေကို သတ္တုတွင်းမြေအဖြစ်မှ ပယ်ဖျက်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းမည်ဟုဆို

0
448

ကံပေါက်ကျေးရွာမြေကို သတ္တုတွင်း မြေအဖြစ်မှ ပယ်ဖျက်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့မှ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

ကံပေါက်ကျေးရွာမြေအတွက် လိုအပ်သည့် အတိုင်းအတာ၊ အကျယ် အဝန်း၊ တိကျသောနယ်နိမိတ်သတ်မှတ်ချက်များ၊ ဧရိယာပြ မြေပုံကြမ်းရရှိ အောင် သက်ဆိုင်ရာဌာနများမှ ကိုယ်စား လှယ်များဖြင့် ကွင်းဆင်းစိစစ်စေပြီး သတ္တုတွင်းမြေအဖြစ်မှ ပယ်ဖျက်ပေး နိုင်ရေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

မတ်လ ၂၈ ရက်က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရေဖြူ မဲဆန္ဒနယ်အမှတ်(၂) မှ ကိုယ်စားလှယ် ဦးကြည်စိုးက ကံပေါက်ဒေသရှိ ကျေးရွာ များကို သတ္တုမိုင်းဧရိယာထဲမှ ဖယ်ထုတ် ကာ လူနေရပ်ကွက်များ စနစ်တကျ သတ်မှတ်ပြီး မြေယာမှတ်ပုံတင်လုပ် ပေးရန် အစီအစဉ် ရှိ^မရှိ မေးမြန်းခဲ့ သည့်အပေါ် အထက်ပါ အတိုင်းပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကံပေါက်ဒေသတွင် သတ္တုတူးဖော် မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက် စီးခြင်း၊ ရွာမြေနှင့် သတ္တုမြေတိကျစွာ ပိုင်းခြား သတ်မှတ်မှု မရှိခြင်းစသည်တို့ ကြောင့် သတ္တုကုမ္ပဏီများနှင့် ဒေသခံ များအကြား မလိုလားအပ်သည့် အငြင်း ပွားမှု မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြောင်း ဦးကြည်စိုးက ပြောသည်။”ပြဿနာဖြစ်တိုင်း သတ္တုလုပ် ကိုင်ခွင့် ရှိထားမှုကို အကြောင်းပြု၍ ကုမ္ပဏီများကိုသာ မျက်နှာသာ ပေးသ လိုဖြစ်နေပြီး ဒေသခံ ရွာသားများမှာတော့ မြေယာမှတ်ပုံတင်ခွင့်ပင်မရရှိဘဲ အမိမဲ့ သား ရေနည်းငါးပမာဖြစ်နေရပါတယ်” ဟု ဦးကြည်စိုးက ဆိုသည်။

ကံပေါက်ဒေသကို သတ္တုတွင်းနယ် မြေအဖြစ်မှ ပယ်ဖျက်ပြီး ရွာမြေအဖြစ် သတ်မှတ်ပေးရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပသည့် အမျိုး သားလွှတ်တော်တွင်လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးဟန်ဝင်း သိန်းက မေးမြန်းခဲ့ဖူးသည်။ကံပေါက်ဒေသတွင် သတ္တုလက်ကျန်များရှိနေသေးသည့်အတွက် ရွာ အဖြစ်သတ်မှတ်ရေး လတ်တလော တွင် အစီအစဉ် မရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့ဖူးသည်။