အရိပ်ကပွဲ ဘင်လည်ကားနှင့် တီဗွီ ဖန်သား အလွမ်းများ

0
3946
Dawei Watch, Dawei News, Dawei News Media

” ယနေ့ ကျွန်တော်များရဲ့ ရွှေဝယ် သီရိနဲ့ လုပ်သားရုပ်ရှင်ရုံများမှာ နှစ်ရုံ တစ်ပြိုင်တည်း တစ်နေ့သုံးကြိမ် သုံးပွဲ ပြသသွားမယ့် ရုပ်ရှင်ဇာတ်ကားကတော့ . . . . . . ” အာဝဇ္ဇာန်း ကောင်းကောင်းနဲ့ ဇာတ်ကား၊ ဒါရိုက်တာ၊ ဝတ္ထု၊ ဇာတ်ညွန်း၊ မင်းသား မင်းသမီး၊ ဇာတ်ပို့ဇာတ်ရံ၊ လူကြမ်းပါ မကျန် အမွှန်းတင်ပြီး အပြော ရွှင်ရွှင်နဲ့ ကြော်ငြာနေတဲ့ အသံကိုကြား တာနဲ့ ကစားနေတာကို ရပ်ပြီး ဘင်လည် ကားနောက် ကလေးတွေ အပြေးလိုက်ကြ ပါပြီ။

ကားပေါ်မှာ ဦးထုပ်လေး စတိုင် ကျကျ ဆောင်းပြီး မိုက်ခဲကာ ကြော်ငြာနေ တာက ဦးတင်မြင့်။လူတွေစုစုရှိတဲ့ နေရာမှာ ဖြန့်စာတွေ ကြဲချလိုက်ပြီ ဆိုမှဖြင့် ဒူးကွဲတံတောင် ပြဲအောင် အလုအယက်ပြေးကောက်ကြတဲ့ ကလေး ဘဝ။ ကျူထရံမှာ နှီးပြားလေး၊ နံ့သာတိုင် တုတ်ချောင်းလေး ချိုးပြီး ညှပ်ထားတဲ့ ဇာတ်ကား ကြော်ငြာတွေ။ ဝင်းဦး၊ ကောလိပ်ဂျင် နေဝင်း၊ မြတ်လေး၊ ညွန့်ဝင်း၊ အောင်လွင်၊ ဇော်ခင်တို့။ ရွှေဘ၊ တင်ညွန့်၊ လှံမင်းသား စံတင်၊ မြင်စိုင်း သား အောင်အောင်၊ ဒိုင်ဗင်တင်လှ၊ ကျားသစ်ရဲညွန့်တို့။

ကျော်ဟိန်း၊ ဇော်ဝမ်း၊ ထွန်းထွန်း ဝင်း၊ သုမောင်တို့။
ဇာတ်ကားထဲကလို သိုင်းချ၊ လက်သီးထိုး၊ ကလေးဘဝတုန်းကတော့ အားလုံးဟာ ဇာတ်လိုက်တွေ၊ အားလုံး မင်းသား၊ အားလုံး မင်းသမီး။ ဘယ်သူမှ လူကြမ်းဘ၀ အားမကျ။ ဘယ်သူမှ ဇာတ်ပို့ဇာတ်ရံမဖြစ်ချင်။ တကယ့် လောက တကယ့်ဘဝထဲမှာကျတော့ ဘယ်သူမှ ညာနေလို့မရ ရှောင်လွှဲလို့မရ ကျရာ ဇာတ်ရုပ်မှာ ပီပီပြင်ပြင်။ တကယ့် ဘဝထဲ တကယ့်ရုပ်ရှင်။ စီနီမာ၊ ဘိုင်စကုပ်၊ ရုပ်ရှင်ဘယ်အရပ်မှာ ဘယ်လိုခေါ်ခေါ်၊ ကျွန်တော်တို့ ထားဝယ်မှာတော့ ရိကပွဲ (အရိပ်ကပွဲ)တဲ့။

ကြော်ငြာလှည့်တဲ့ ကားကျတော့ ဘင်လည်ကားတဲ့။ အသုံးအနှုန်းလေး တွေက မလှဘူးလား။ ဘင်လည်ကား ဆိုတဲ့ အသုံးက ဘယ်ကလာတာလဲ။ သဘင်ကို လှည့်လည်တဲ့ကားမို့ ခေါ်တာ လား။ လော်တွေ မိုက်တွေ စပီကာ ဆောင်း ဘောက်တွေ မပေါ်ခင်က မျက်လှည့်ဝိုင်း တွေလို လူခေါ်လူစုဖို့ ဘင်ကို တဒုန်းဒုန်း နဲ့ထုပြီး ကြော်ငြာလှည့်လည်ခဲ့လို့များ ဘင်လည်ကားလို့ ခေါ်လေသလား။သေချာ မပြောတတ်ပါပေ။ ဒုတိယ ကမ္ဘာ စစ်မတိုင်ခင် အင်္ဂလိပ်ခေတ်က ထားဝယ်မှာ ရုပ်ရှင်ရုံ ၃ ရုံရှိခဲ့တယ်လို့ သိမီလိုက်သူတွေဆီက ကြားရသိရတယ်။ အခုရွှေဝယ်သီရိရုပ်ရှင်ရုံ နေရာမှာ ယူနီ ဗာဆယ်ရုံ၊ ကျမ်းတိတ်ဘုံ ကျောင်းတောင် ဘက်မှာ နော်န်ကြာပန်းရုံလို့ ခေါ်ကြတဲ့ နယူးစီနီမာရုံနဲ့ ကမ်းနားဈေးသစ်နေရာ မှာက ကမ်းနားရုံဆိုပြီး ရှိခဲ့တာတဲ့။

၁၉၄၂မှာ ယိုးဒယားကို ဖြတ်ပြီး ဂျပန်နဲ့ ဘီအိုင်အေတပ်တွေ ထားဝယ်ကို သိမ်းတော့ ဂျပန်လေတပ်ရဲ့ ဗုံးကြဲတိုက် ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ မီးလောင်ပြာကျတဲ့အထဲ ယူနီဗာဆယ်နဲ့ နယူးစီနီမာ ၂ ရုံပါသွားခဲ့တယ်။နှင်းရုံကို စစ်ပြီးခေတ်မှာ သက်နှင်း ဘရားသား ကုမ္ပဏီက တည်ထောင်ခဲ့ပြီး နယူးလိုက်ရုံကျတော့ ၁၉၅၀မှာ ဦးဘို ကြည် မိသားစုက တည်ထောင်ခဲ့တယ်။ ရွှေဝယ်သီရိရုံကို ၁၉၅၁မှာ ထားဝယ် ရုပ်ရှင် ကုမ္ပဏီက တည်ထောင်တယ်။ ၁၉၆၄ မှာ အဲဒီရုပ်ရှင်ရုံ ၃ရုံ စလုံး ပြည်သူပိုင် အသိမ်းခံရပြီး နယူးလိုက်ရုံကို လုပ်သားရုံလို့ နာမည်ပြောင်းလိုက်တယ်။

နှင်းရုံက နိုင်ငံခြား ဇာတ်ကားပဲ ပြတာ များတယ်။ မှတ်မှတ်ရရ Jတေ ဇာတ်ကား ရုံတင်တုန်းက အပေါ်ထပ် ၃ကျပ်တန်း ပြိုကျလို့ မြို့ကလေးမှာ အုတ်အော် သောင်းတင်းဖြစ်ခဲ့ရ။ လက်မှတ်ဖိုး ရုံဝင်ခ မတတ်နိုင်လို့ စုထားတဲ့မုန့်ဖိုးရှိသမျှ တစ်မတ်၊ ငါးမူး အကြွေစေ့လေးနဲ့ အပေါက် စောင့်ကို အသနားခံ လက်သိပ်ထိုးပေးပြီး တစ်ပိုင်းတစ်စ ဝင်ကြည့်ခဲ့ရတဲ့ အဖြစ်များ။နှင်းရုံဘေးလမ်းကြား တစ်ကျပ် တန်းက တံခါးကိုဟပြီး ချောင်းကြည့် နေတဲ့ ကလေးတွေရဲ့ မျက်နှာဆီ အတွင်း ထဲကနေ လှမ်းထွေးလိုက်တဲ့ တံတွေး စက်တွေလို အဖြစ်အပျက်များကိုလည်း တွေ့ခဲ့ရဖူးပါရဲ့။

ဇာတ်ကားကောင်းလို့ လူကြည့် များလေ လက်မှတ်မှောင်ခို သမားတွေ အကြိုက်တွေ့လေ။ လက်မှတ်ရုံ အပေါက် သေးသေးလေးဆီ ရောက်အောင် မဆန့် မပြဲ တိုးဝှေ့တိုးကြိတ်နေတဲ့ လူအုပ်ကြီးထဲ ချွေးဒီးဒီးကျ၊ အမလေးဗျ။ အဘလေးဗျ တရအောင်အနာခံပြီး လက်မှတ်ဝယ်ခဲ့ဖူး တာ အမှတ်ရမိသေးတော့တယ်။ ပိတ် ကားနဲ့ အနီးဆုံးက တစ်ကျပ်တန်း။ သူ့ နောက်မှာ နှစ်ကျပ်တန်း။ အပေါ်ထပ်က သုံးကျပ်တန်း။” ရှင်မုတ္ထီးသားကို ဒီလိုမျိုးလာစမ်း လို့ရမလားကွ၊ ၂ ကျပ်ပေးထားတာကို အနောက်ကနေ ကြည့်ခိုင်းပြီး လူလည် လာကျ နေလို့ရှေ့ဆုံးတန်းက ရအောင် ကြည့်လာခဲ့တယ်” ဆိုတဲ့ အရပ်ထဲက ဟာသလေး တစ်ပုဒ်ကိုလည်း သတိရ မိသေးရဲ့။

ကြမ်းပိုးအရမ်းထိုးတဲ့ ခုံတွေကို ဖိနပ်နဲ့ တဖုန်းဖုန်းရိုက်၊ မင်းသမီးကို ဇာတ်လိုက်လာကယ်တဲ့ အခန်းမှာ လက်ခုပ်သံ တဖြောင်းဖြောင်းတီး၊ လက် ခေါက်တွေ တရွှီရွှီမှုတ်လို့ အပန်းတော် ဖြေခဲ့ကြတဲ့ အချိန်များ။အဲဒီတုန်းက လူငယ်သမီးရည်းစား တွေဆိုရင်လည်း အခုလိုဝေးဝေးလံလံ လည်ဖို့ပတ်ဖို့၊ အချိန်းအချက်လုပ်ဖို့ အဆင်မချောတော့ ရုပ်ရှင်ရုံဆိုတာ ချစ်သူတွေရဲ့ ကွန်းခိုရာလည်း ဖြစ်ခဲ့ သေးသပေါ့။ နေကြာစေ့လေးကို တယု တယခွာကျွေးရင်း၊ ကယု ကယင် ပြော ရင်း၊ လက်ကလေးကိုင်ရင်း လူအလစ်မှာ ပါးကလေး ခိုးနမ်းကာ မှောင်မိုက်မှာ ချောင်ကြိုက်ခဲ့ကြတာ ရုပ်ရှင်ရုံထဲမှာ။

နေ့ထူးနေ့မြတ်တွေနဲ့ ဘုရားပွဲတော် တွေမှာ ပိတ်ကားကြီးထောင်ပြီးပြတဲ့ လေ ဟာပြင်ရုပ်ရှင်ကိုတော့ သတင်းကားလို့ ခေါ်ကြတယ်။ အစိုးရဲ့ဝါဒ၊ အာဘော်တွေ သတင်းတွေကိုပြတဲ့ မော်ကွန်းရုပ်ရှင်က ရိုးရာအကတွေ၊ ယဉ်ကျေးမှုနဲ့ဆိုင်တာ တွေ၊ တရုတ်ဆပ်ကပ်ကို ရိုက်ကူးထား တာမျိုးတွေကို ဖျော်ဖြေရေးအနေနဲ့ ပြတာများပြီး ဇာတ်ကားတွေကိုတော့ တစ်ခါတလေ ပြတတ်တယ်။ ဖျော်ဖြေ ရေးဟာလည်း လူသုံးကုန် ပစ္စည်းလိုပဲရှား ပါးလှတဲ့ မဆလခေတ်အခါဆိုတော့ စီးလာတဲ့ဖိနပ်လေးဖင်ခုထိုင်ပြီး လက် ခုပ်သံတဖြောင်းဖြောင်းနဲ့ ဘာလာလာ ဒေါင်းလိုက်ကြရတာပဲ။

၁၉၈၀^၈၁ လောက်မှာ မြန်မာ့ရုပ် မြင်သံကြားစလွှင့်တော့ ရေဒီယိုတောင် တစ်အိမ်တစ်လုံး မပိုင်ကြတဲ့ခေတ်မှာ တီဗွီဆိုတာ တကယ့်ထိပ်သီးဇိမ်ခံ ပစ္စည်း ပေါ့။
မြို့မျက်နှာဖုံးသူဋ္ဌေးအိမ် တချို့ မှာပဲ တီဗွီဆိုတာကို တွေ့ရတယ်။ အခုလို ထပ်ဆင့်လွှင့် စက်ရုံဆိုပြီး မရှိသေးခင်က ရုပ်သံအစီအစဉ်တွေကို တာဝါတိုင်အမြင့် ကြီးထောင်ပြီး ဖမ်းယူကြည့်ကြရတယ်။ လမ်းဆုံကြီးက ဦးရွှေသွား ပွဲရုံအိမ် သံဘာဂျာ တံခါးကြားကနေ ကလေးတွေ ဟာ တီဗွီကိုငေးလို့။ ပဒေသာဆိုင်မှာ လက်ဖက်ရည်သောက် အအေးသောက် ရင်း လူငယ်တွေ လူကြီးတွေဟာလည်း တီဗွီကိုငေးလို့။
ဇာပုဝါလွှမ်းထားရတဲ့ ယုန်နားရွက် အင်တာနာနဲ့ ဧည့်ခန်းထဲက တီဗွီတွေ။

အခုများတော့ သိကြတဲ့အတိုင်း နှင်းရုံက မရှိတော့။ ရွှေဝယ်သီရိရုံက အမေဇုန်တောထဲ ရောက်သွားပြီ။ လုပ်သားတစ်ရုံပဲ လျော့တိလျော့ရဲ၊ ပျော့တိပျော့တွဲနဲ့ ကျန်နေတယ်။ ရုပ်ရှင် ရုံတွေ အဆင့်မြှင့်တင်ဖို့၊ ရိုက်ကူးရေး ပိုင်းတွေ ပြောင်းလဲဆန်း သစ်ဖို့ သက် ဆိုင်ရာတွေကတော့ ကြိုးစားနေကြတယ် လို့ သတင်းတွေ သိရပေမဲ့လည်း အိမ်တိုင်း နီးပါးမှာ အောက်စက်အပေါ်စက်တွေ၊ စလောင်းတွေ၊ လိုင်းပေါင်းစုံ တီဗွီချန် နယ်တွေနဲ့ ရုပ်ရှင်ကို အိမ်ကမခွာဘဲ သက်သောင့်သက်သာနဲ့ ကြည့်နိုင်လာ တဲ့ အခြေအနေမှာ အသက်ငင်နေတဲ့ ရုပ်ရှင်ဟာ နလံပြန်ထူနိုင်ပါဦးမလား။တစ်နေ့ ၃ကြိမ်၃ပွဲ တင်ဆက် ပြသ သွားမှာကတော့ ဆိုတဲ့ ဘင်လည်ကားနဲ့ လက်ကမ်းစာရွက်တွေကရော လမ်းပေါ် တစ်ခါ ပြန်လာနိုင်ဦးမလား။
ခေတ်ကတော့ မြစ်ရေတွေလိုပဲ စီးမြဲစီးနေဦးမှာပါလေ။