ကလိန်အောင် ရေဇာတ်လမ်း

0
937

” ကလိန်အောင်ရွာကြီး စည်တယ် ဆို… ဆေးလိပ်ပိုင်းတို ရေမစို”။သင်္ကြန်ရက်များတွင် ဘုရားဖူး လာကြသော ကာလသားများက စာချိုး၍ ကျွန်တော်တို့ရွာလေးကို သရော်တတ်ကြ သည်။
ကလိန်အောင်။

တိုင်းအစိုးရ ရုံးစိုက်ရာ ထားဝယ်မြို့ နှင့် ၄၅ မိုင်ခန့်အကွာရှိ မြို့ငယ်လေး။ရေးထားဝယ် လမ်းမကြီးဖြတ်သွား ရာ မြို့ကလေးဖြစ်ပြီး ရှင်ကိုးရှင် သမိုင်း ဝင် ရှင်ဆံတော်စေတီ တည်ရှိရာမြို့ ကလေးလည်း ဖြစ်သည်။ တကယ့်ကို သေးငယ်လှသည့် တောမြို့လေးတစ်မြို့။ကျွန်တော် သိတတ်စ အရွယ်တွင် ကလိန်အောင်သည် မြို့မဟုတ်သေး။ အုံ့ဆိုင်းဆိုင်း သစ်ပင်ကြီးများရှိပြီး လူနေ အိမ်ကျဲပါးလှသည့် ရွာတစ်ရွာမျှသာ။ ထိုရွာလေးသည် နွေတွင် ရေရှားမှုဒဏ်ခံ ရ၍ မိုးတွင် ရေကြီးမှုဒဏ် မကြာခဏ ခံရစမြဲ။

ထို့ကြောင့် ကျွန်တော့်ငယ်ဘ၀ နေ့ ရက်များသည် နွေဆို ချောင်းနှင့်မကင်း သလို မိုးဆိုလျှင်လည်း အထုပ်ပြင်ရ သည့်အဖြစ်နှင့် မကင်းခဲ့။ ဤကဲ့သို့ ရာသီဥတုဒဏ် ခံရသည့် ရွာကလေးသည် စစ်အစိုးရလက်ထက်တွင် မြို့နယ်ခွဲလေး တစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရသည်။ ဌာနဆိုင်ရာရုံးတွေ ရှိလာရုံကလွဲ၍ ဘာမျှ ထူးထူးခြားခြား မတိုးတက်ခဲ့ပေ။

သို့သော် ၂၀၁၀နှောင်းပိုင်းတွင်မူ မြို့ကလေးအတွက် အပြောင်းအလဲတစ်ခု ကိုကျေးရွာဆက်သွယ်ရေး ကော်မတီဝင် များက ဆောင်ကြဉ်းနိုင်ခဲ့သည်။ ကလိန် အောင်သည် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းဧရိယာအတွင်း ပါဝင်၍ ရတနာ လူမှုစီးပွား အစီအစဉ်အရ နှစ်စဉ် အကူ အညီများရရှိသည်။ ကျေးရွာဆက်သွယ် ရေးကော်မတီသည် ရတနာ လူမှုစီးပွား အဖွဲ့နှင့် ရပ်ရွာအရေး ချိတ်ဆက်လုပ်ကိုင် နိုင်ရန် ဖွဲ့ထားသော ကော်မတီ ဖြစ်သည်။ကော်မတီသည် မြို့ရေရရှိရေးအတွက် အစီအစဉ်တစ်ရပ်ကို မြို့စည်ပင်သာယာ မှ အင်ဂျင်နီယာ၊ ရပ်မိရပ်ဖများ၊ တတ်သိ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ ရေ လွယ်ကူစွာရရှိနိုင်မည့် နည်းလမ်းများ၊ ရေကန်နှင့်ရေပိုက်သွယ်တန်းရေး ကိစ္စ များကို တွက်ချက်ထားခဲ့သည်။ ထိုသို့ ကြိုးပမ်းမှုကြောင့်ပင် ကုန်ကျမည့် ငွေ ကြေးကို အကြမ်းအားဖြင့် သိရှိခဲ့ပြီး ရတနာလူမှုစီးပွား အဖွဲ့ထံသို့ ရေရရှိရေး အကူအညီပေးရန် တောင်းဆိုခဲ့သည်။

၂၀၁၁ နှစ်ဆန်းပိုင်းတွင် ရတနာ လူမှုစီးပွားအဖွဲ့မှ ထောက်ပံ့ငွေနှစ်ရာ သုံးဆယ့်ငါးသိန်းခန့် ရရှိခဲ့ပြီး ရေရရှိရေး ကော်မတီဖွဲ့ကာ ရေရရှိရေးအတွက် ရေ ကန်တည်ဆောက်၊ တစ်မိုင်ခန့်စီရှည်သော အဓိကပိုက်လိုင်းကြီးနှစ်ခုသွယ်၊ လမ်း ကြားများအတွင်း ရေပိုက်သွယ်၊ လူနေ အိမ်များသို့ ရေသွယ်တန်းနိုင်ခဲ့သည်။
ရေအရင်းအမြစ်ကိုမူ ကလိန်အောင် ချောင်း(ထားဝယ်မြစ်ဖျားပိုင်း)မှ စက်ဖြင့် စုပ်ယူပြီးမြို့အဝင် တံတားအနီး တောင် ကုန်းပေါ်တွင် တည်ဆောက်ထားသော ရေကန်တွင် စုဆောင်းသည်။ ထိုမှတဆင့် မြို့အတွင်းသို့ ပို့လွှတ်သည်။ ရေယူမည့် အိမ်များသည် အဓိကပိုက်မှ မိမိတို့အိမ် ဝင်းအတွင်းသို့ ရေပိုက်သွယ်တန်းရန်နှင့် ရေမီတာတပ်ဆင်ရန်အတွက် ကုန်ကျ စရိတ်ကို ကျခံရသည်။ ရေပေးဝေးရေး ကော်မတီသည် ရေပေးဝေဖြန့်ဖြူးခြင်း၊ ရေမီတာအခွန်ကောက်ခံခြင်းများ ဆောင် ရွက်၍ ပြည်သူများ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ရေသုံးစွဲမှုအတွက် ကောက်ခံသော နှုန်းထားမှာ တစ်ယူနစ် (လေးပီပါခန့်) လျှင် ကျပ် ၄၀၀ ဖြစ်သည်။ ကော်မတီ သည် ရရှိလာသော လစဉ်အခွန်ငွေဖြင့် စက်သုံးဆီဝယ်ခြင်း၊ ဝန်ထမ်းလစာပေး ခြင်းနှင့် အခြား ပိုက်လိုင်းထိန်းသိမ်းပြု ပြင်ခြင်း လုပ်ငန်းများကို နှစ်စဉ် မိုးရာသီ မှအပ တစ်နှစ်ပတ်လုံး ဆောင်ရွက်ရသည်။

ကော်မတီကို ပြည်သူများထဲမှ ရေကိစ္စ စိတ်ဝင်စားသူများဖြင့် တစ်နှစ် တစ်ကြိမ် (သို့) သုံးနှစ်တစ်ကြိမ် ဖွဲ့စည်း ကာ ရေပေးဝေရေးတာဝန်များ ထမ်း ဆောင်စေသည်။ သို့ရာတွင် ကော်မတီ ဝင်များသည် လုံးဝ စေတနာ့ဝန်ထမ်း သာဖြစ်၍ ငွေကြေးတစ်စုံတစ်ရာ ရယူ ခံစားမှု မရှိပေ။ဤသို့ ရေပေးဝေရေး စနစ်တစ်ခု ကလိန်အောင်တွင် တည်ရှိ လည်ပတ် လာခဲ့သည်မှာ ယခုအချိန်တွင် ငါးနှစ် ကျော်လာခဲ့ပေပြီ။ ရေရှားပါးမှုဒဏ်မှ သက်သာခွင့်ရခဲ့သည်မှာလည်း ငါးနှစ် ကျော်လာခဲ့ပေပြီ။ ဖြတ်သန်းလာခဲ့ရသော ကာလတစ်လျှောက် တာဝန်ယူခဲ့ကြသော ကော်မတီ အဆက်ဆက်သည်လည်း အခက်အခဲ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ဖြတ်ကျော်လာခဲ့ရပေသည်။

ယနေ့တိုင် ကော်မတီအဆက်ဆက် သည် ရတနာစီမံကိန်း၏ မတည်ငွေဖြင့် အရှိန်အဟုန်မပျက် လည်ပတ်နေဆဲ။ သို့သော်လည်း အားနည်းချက်များစွာ ရှိနေဆဲဖြစ်သည်။အားနည်းချက်တစ်ရပ်မှာ ရေကို အချိန်ပြည့် မပေးနိုင်ခြင်းပင် ဖြစ်သည်။ ယနေ့ကာလ များပြားလာသော အိမ် ထောင်စုများကြောင့် ရေသုံးစွဲမှုတိုး တက်လာခြင်း၊ အကန့်အသတ်ရှိနေသော ရေတင်စက်နှင့် ရေလှောင်ကန်တို့ကြောင့် ရေပေးဝေသည့် နေ့ခင်းဘက်တွင်ပင် မနက်နှင့် ညနေခွဲကာ အကန့်အသတ်နှင့် ပေးဝေနေရသည်။ အိမ်ထောင်စု အား လုံးကိုလည်း လုံလောက်စွာ မဖြန့်ဖြူး နိုင်သေးပေ။

ကလိန်အောင်နည်းတူ အခြား ကျေးရွာများရှိ ရေပေးဝေရေး အစီအစဉ်များမှာ ရေအရင်းအမြစ်ကို တစ်နှစ် ပတ်လုံး ရေမပြတ်သည့် ရေ တံခွန်များ၊ ချောင်းများမှ သွယ်ယူထား နိုင်ခဲ့ခြင်းကြောင့် ဤပြဿနာမျိုး မရှိလှ ပေ။ ကလိန်အောင်မှာမူ ထိုသို့သော ရေအရင်းအမြစ်နှင့်ဝေးလှပြီး ဘဏ္ဍာရေး အခြေအနေ၊ ပထဝီအခြေအနေများအရ သွယ်ယူရန် မတတ်နိုင်ခဲ့ချေ။

ဒုတိယအားနည်းချက်မှာ ချောင်းရေ ၏ သန့်စင်မှု၊ ဘေးဥပါဒ်ကင်းမှုနှင့် ပတ်သက်၍ အာမ မခံနိုင်ခြင်း ဖြစ်သည်။ ချောင်းရေဖြစ်၍ တစ်ခါတစ်ရံ နောက် ခြင်း၊ အမှိုက်သရိုက်များ ပါဝင်ခြင်းမျိုး ရှိပြီး ရေစစ်ပြီးမှ ဖြန့်ဖြူးသည့် စနစ် မရှိသေးပေ။ ရေသုံးစွဲသည့် အိမ်ထောင်စု အများစုမှာမူ ထိုရေကို မသောက်ကြပေ။ ဆေးကြော လျှော်ဖွပ်ရန်သာ သုံးလေ့ရှိ သည်။

တတိယ အားနည်းချက်မှာမူ ရေပိုက် လိုင်းများ၊ ရေမီတာများကို စနစ်တကျ စစ်ဆေးနိုင်မှု မရှိသေးခြင်း ဖြစ်သည်။ ရေပိုက်လိုင်း ယိုစိမ့်မှုရှိမရှိ၊ တပ်ဆင် ထားသော ရေမီတာများ မှန် / မမှန် (မသ မာမှုများ လျှော့ချ ဖော်ထုတ်နိုင်ရန်) စနစ်တကျ စစ်ဆေးရမည်ဖြစ်သည်။ ပိုက်လိုင်းကြံ့ခိုင်မှု မရှိ ယိုစိမ့်ခြင်းသည် ရေကို များစွာ ဆုံးရှုံးစေသည်။ ထိုနည်းတူ ရေမီတာများကိုလည်း မှန်မှန် စစ်ဆေး နိုင်မှ အခွန်အကောက် မဆုံးရှုံးဘဲ လုပ် ငန်း ပုံမှန်လည် ပတ်နိုင်မည်ဖြစ်သည်။

ဤနေရာတွင် ထိုသို့ရေပေးဝေး နိုင် ခြင်းမှ ပြည်သူများ ခံစားရသော အကျိုး ကျေးဇူးများကို အထူးမဖော်ပြလိုသော် လည်း မီတာတပ်ဆင်၍ အခွန်ကောက် ခြင်း၏ ကောင်းကျိုးတစ်ရပ်ကို ဖော်ပြ လိုသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျေးရွာအချို့တွင် ရေအရင်းအမြစ်လုံ လောက်စွာရရှိကြသဖြင့် ရေမီတာ မတပ် ဆင်ဘဲ သုံးစွဲခွင့်ပြုထားပြီး လစဉ် အိမ် တိုင်းကို တသမတ်တည်း အခွန်အနည်း ငယ်သာ ကောက်လေ့ရှိသည်။ ထိုသို့ သော အခြေအနေတွင် ရေသုံးစွဲသူများ သည် ရေကို တန်ဖိုးမထားဘဲ ပေါလှိုင်စွာ သုံးကြသဖြင့် ရေများ အလဟဿ ဆုံးရှုံး ကြသည်။ အချို့သော အရပ်များတွင် ပထဝီအခြေအနေအရ အနိမ့်အမြင့် မတူ ခြင်းကြောင့် တစ်ဖက်အိမ်မှ ရေဒလဟော သုံးနေသည့် အချိန်တွင် တစ်ဖက်၌ ရေမလာသဖြင့် ပြဿနာတက်ကြခြင်းမျိုး လည်း မကြာခဏ ကြားရသည်။

ရေမီတာ တပ်ဆင်ထားခြင်းကြောင့် ရေကို ချွေတာ တန်ဖိုးထားကြမည်။ စနစ်တကျ သုံးတတ်မည်ဟု ယေဘုယျ ဆိုနိုင်မည်။ ထိုသို့မဟုတ်လျှင်ပင် ကြိုက်သလောက်သုံး ကျသလောက် ရှင်းရ၍ ရေကို စည်းကမ်းတကျ သုံးရ မည်ကို သိသွားပေမည်။ ထို့အပြင် မီတာ များ၏ ကိန်းဂဏန်းများမှတစ်ဆင့် ပို့ လွှတ်သည့် ရေပမာဏ၊ သုံးစွဲသည့် ရေပမာဏ၊ ဆုံးရှုံးသည့်ရေပမာဏ၊ ရာသီဥတုအလိုက် သုံးစွဲကြသည့် တိုး လျော့ပမာဏ၊ စသည်အားဖြင့် အဖိုးတန် အချက်အလက်များ ရနိုင်ပေမည်။

ယခုအချိန်တွင်မူ ကလိန်အောင်မြို့ ကလေး၏ ရေပေးဝေရေးကော်မတီသည် ရုန်းကန်ရဆဲဖြစ်သည်။ ရေတင်စက်ပျက် သွားလျှင် အစားထိုးဖို့ အရန်ရေတင်စက် မဝယ်နိုင်သေး။ ၂၄နာရီ လျှပ်စစ်ဓာတ် အား ရရှိသော်လည်း မီတာခဈေးကြောင့် မော်တာဖြင့် ရေမတင်နိုင်ဘဲ ဒီဇယ်သုံး စက်ကိုသာ အားထားနေရဆဲ ဖြစ်သည်။ တမြန်နှစ်ကပင် ရေကန်နှင့် ကားလမ်း နီးကပ်၍ ဖျက်ရမည့်ကိန်းကြုံသည်။ ရေကော်မတီမှာ ရေကန်အသစ်အတွက် အစိုးရ၏ အကူအညီရရန် အတော်လေး ကြိုးပမ်းခဲ့ရပြီး ယခုအခါ လမ်းနှင့်လည်း လွတ်ကင်း၊ ရေပမာဏလည်း ပိုဝင်ဆံ့ သော ရေကန်သစ်တစ်ခု အစိုးရထံမှ ရလိုက်ပေသည်။
သို့သော်အကူအညီများ လိုအပ်ဆဲ ပင် ဖြစ်ပါသည်။

၂၀၁၆ နွေသည် အပူဒဏ်ပြင်း လှသည်။ တိုင်းအတွင်း ရွာအချို့နှင့် ဒေသ အတော်များများ ရေရှားပါးမှု၊ ရေပြတ် လပ်မှုဒဏ် ခံခဲ့ကြရပေသည်။ ထိုစဉ်က ပရဟိတအဖွဲ့များ၏ ကြိုးပမ်း မှုကြောင့် ဒေသအတော်များများ ရေရှားပါးမှုဒဏ်မှ သက်သာရာရခဲ့သည်။ စာရေးသူတို့ အရပ်ကဲ့သို့ နှစ်စဉ်ရေရှားသော အရပ်တို့ သည် ရေရှည်တွင် တစ်ပါးအရပ်မှ ရေ အလှူကိုချည်း အားကိုးနေ၍ မဖြစ်ပေ။

ရေအတွက် အလုပ်ပျက်၊ အကိုင် ပျက်၊ အချိန်ကုန်နေရသည့် ဘ၀မျိုး၊ လာလှူမည့် အဖွဲ့ကို စောင့်မျှော်နေရသည့် ဘ၀မျိုးက ကင်းလွတ်စေချင်သည်။ ရေပြတ်မှရှားပါးမှ အလှူပြုခြင်းမျိုး၊ ကူညီဆောင်ရွက်ခြင်းမျိုးက ထိုရေရှား ပါးပြတ်လပ်မှုအတွက် ယာယီကုထုံးသာ ဆေးမြီးတိုသာဖြစ်သည်ဟု မြင်သည်။
အနိမ့်ဆုံးအဆင့် ရေတွင်းတူး ဖော်ပေးခြင်း၊ ရေကန်တူးဖော်ပေးခြင်း မျိုးမှသည် ကျွန်တော်တို့ အရပ်မှာလို စနစ်တကျ ရေသုံးနိုင်မည့် အစီအမံမျိုး၊ ထိုထက်ပိုမိုကောင်းမွန်သည့် အစီအမံ မျိုးကို ဖော်ဆောင်ဖို့လိုသည်ဟု မြင်သည်။

ချဲ့ပြောရလျှင် ရာသီဥတုသမမျှတ အောင် သစ်တောသစ်ပင် စိုက်ပျိုးထိန်း သိမ်းသည့် အစီအစဉ်၊ စက်မှုလုပ်ငန်း များ၊ အလွန်အကျွံ သစ်ထုတ်မှုများ၊ သစ်တောအပြောင်ခုတ်မှုများ၊ စက်ရုံ များကြောင့် ရာသီဥတု ဖောက်ပြန်မှုကို လျှော့ချရမည့် အစီအမံများအထိ လုပ် ဆောင်ဖို့ စဉ်းစားနိုင်ရပေမည်။
ပြည်သူများ၏ အခက်အခဲကို ဖြေ ရှင်းဆောင်ရွက်ပေးရန်မှာ ယေဘုယျအား ဖြင့် အစိုးရသည် အဓိကကျပေသည်။ တမြန်နှစ်ကပင် ရေရှားပါးပြတ်လပ်မှု ပြဿနာနှင့် တွေ့ကြုံဖြေရှင်းကူညီ ပေး ခဲ့သော တိုင်းအစိုးရသစ်တွင် ယခုနှစ် နွေရာသီ ရေရှားပါးမှု ပြဿနာအတွက် ဖြေရှင်းမည့်အစီအမံများ ပြုလုပ်ထားပြီး ဖြစ်မည်ဟု တွေးဆ မျှော်လင့် ရပါသည်။

အစိုးရအဆက်ဆက် ဆေးမြီးတိုဖြင့် ကုသခဲ့သော ဤပြဿနာကို ယခုပြည်သူ့ အစိုးရလက်ထက်တွင် အစွမ်းထက်သော ကုထုံး၊ ထိရောက်သောကုထုံးဖြင့် ကုသ ဖြေရှင်းပေးမည်ဟုလည်း ယုံကြည်ပါ သည်။