ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူသူများ ထပ်မတွေ့ချင်တော့ပါ

0
594

ဒီရက်ပိုင်းလေးမှာပဲ တက္ကသိုလ် စာမေးပွဲတွေ ပြီးခဲ့ပါပြီ။စာမေးပွဲရာသီမို့ စာမေးပွဲ တာဝန် တွေ ထမ်းဆောင်ရင်းတွေးစရာ၊ ပြော စရာလေးတွေ ရှိလာလို့ စာရေးဖြစ် ပြန်ပါ တယ်။ တက္ကသိုလ် စာမေးပွဲတွေကို တာဝန်ပိုင်းအရ ကြုံတွေ့ဖြတ်သန်း လာရ တာ ဆယ်စုနှစ်တစ်ခုကျော် နှစ်ခုနီး ပါးရှိပြီမို့ ကျွန်တော်တို့ ကျောင်းသား ဘ၀တွေတုန်းကနဲ့မတူ ပြောင်းလဲလာတဲ့ အသွင်အပြင် စရိုက်အလေ့လေးတွေကို တွေ့မြင် သတိထားမိလာတယ်။

ဒီအတွေ့အကြုံတွေကနေ ဆက်စပ် တွေးကြည့်လိုက်တဲ့အခါ ရင်လေးစရာ အချက်လေးတွေ တွေ့လာရပြန်ပါတယ်။ခုနောက်ပိုင်းပြောင်းလာတဲ့ စာမေးပွဲ ဖြေခါနီး ကျောင်းသားတွေရဲ့အလေ့က တက္ကသိုလ်တွေမှာ အဆောင်နေတဲ့ဘ၀ မရှိတော့တာကြောင့်လည်း ဖြစ်မယ်၊ ခပ်ပေါ့ပေါ့ပါးပါးပဲ။ ၁၀ မိုင်၊ ၁၅ မိုင် လောက်ဝေးတဲ့ အိမ်ပြန်သွားပြီး စာမေးပွဲ ဖြေခါနီးကျမှ အိမ်ကနေ တိုက်ရိုက်လာ ဖြေတာမျိုးတွေ တွေ့ရတယ်။ကျွန်တော်တို့ ကျောင်းသားဘ၀ ကဆို ကျောင်းသား အဆောင်တွေမှာ မြို့ထဲက ကျောင်းသားတွေကတောင် တကူးတက လာအိပ်၊ လာနေပြီး စာကျက် တာကလား။ ခုတော့ စာမေးပွဲနီးတော့ အပြင်ဆောင်လို့ခေါ်တဲ့ ပုဂ္ဂလိကအဆောင် တွေကနေ အိမ်ကိုပြန်၊ စာကျက်၊ စာမေးပွဲ ဖြေဆိုချိန်ကပ်မှ အိမ်ကထွက်လာတာ မျိုးတွေ တွေ့လာရပါတယ်။

ဒီတော့ ဆိုင်ကယ်ကို တရကြမ်း မောင်း၊ စာမေးပွဲဆိုတဲ့ စိုးရိမ်စိတ်ကလေး ကလည်း မသိမသာ (မသိမသာ)ရှိတော့ အရှိန်မထိန်းနိုင်ဘဲ မတော်တဆမှုတွေဖြစ်၊ တချို့က လမ်းမှာ ဆိုင်ကယ်ဘီးပေါက် တာမျိုး တစ်ခုခုဖြစ်လို့ စာမေးပွဲ ခန်းထဲ အချိန်မီ မရောက်နိုင်ဘဲ စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးသွားရတာမျိုးတွေအထိ ဖြစ်နေကြ တာ စိတ်မချမ်းမြေ့စရာ အတွေ့ရများ လာပါတယ်။ပြောင်းလဲလာတဲ့အထဲမှာ စာကို အလေးအနက်ထားပြီး မကျက်ကြ မလေ့ လာကြတာမျိုးလည်း တွေ့ရတယ်။

ဆယ်တန်းဆိုတဲ့ တက္ကသိုလ်ဝင် တန်းမှာတောင်မှ ဘာသာရပ်တစ်ခုကို အပုဒ် ၃၀ လောက်ကျက်ခဲ့တဲ့ လုံ့လ၊ ဝိရိယမျိုးကိုတက္ကသိုလ်ရဲ့ နှစ်ဝက်ကာလ တစ်ခုမှာ ၇ ပုဒ်၊ ၈ပုဒ်လောက်ကျက် မှတ်ရမယ့် အနေအထားမျိုးကို အား မထုတ်ချင်ကြတော့တာ တွေ့ရတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ အား လပ်ချိန်မရှိ စာတွေပဲ ဖိကျက်ခိုင်းခဲ့ကြ လို့ တက္ကသိုလ်ရောက်တာနဲ့ အားကုန် သွားကြပြီလားတော့ မသိဘူး။ (ဒါတွေ ကိုတော့ ပညာရေး စိတ်ပညာရှင်တွေ ပိုနားလည်မှာပါ။)

ဆိုတော့ကာ..
ဘာဖြစ်လာသလဲဆိုတော့ ဖတ်နိုင် သလောက်ပဲ ကျက်ခဲ့ကြ၊ မပါရင် ကူး ရေးမယ်ဆိုတဲ့ အတွေးမျိုးတွေးပြီး စာမေးပွဲခန်းထဲ လာထိုင်နေသူတွေလည်း ကြုံဖူးပါတယ်။ ကူးရေးဖို့ အခွင့်မသာ တော့လည်း တစ်နှစ်အဆုံး ခံလိုက်တော့ မယ်ဆိုတဲ့ အတွေးမျိုး တွေးကြသူတွေ များလာတယ်။ (တစ်ချိန်ကဆို ဒီလို အခြေအနေမျိုး အတော်ဆိုးရွားခဲ့တာ ပေါ့။ ရှုံးတဲ့ဘာသာ ပြန်ဖြေနိုင်တဲ့ စနစ် ကိုး။ ခုတော့ တစ်နှစ်ပြန် စောင့်ရပါ တယ်။)ဒါတွေက လတ်တလောကျွန်တော် ကြုံတွေ့နေရတဲ့ ရပ်ဝန်းက အခြေအနေ တွေပါ။

သူတို့မှာ ဘာမျှော်လင့်ချက်၊ ဘာ ဆာလောင်မှုမျှ မတွေ့ရသလို သူတို့အိပ် မက်အတွက်ရယ်လို့ ပြင်းပြင်းပြပြ ပြင် ဆင်နေတာကိုလည်း မတွေ့ရ။
ဒီအတွေ့အကြုံတွေကနေ ဆက် တွေးလိုက်တဲ့အခါ အနာဂတ် ကျွန်တော် တို့ လူမှုဘ၀ဝန်းကျင်အတွက် စဉ်းစား တွေးဆစရာတွေ တစ်သီတစ်တန်း ကြီး ပေါ်လာပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်စိတ်ဝင်စားတဲ့ နိုင်ငံရေးနယ် ပယ် အတွက်ပါ။ စာမေးပွဲနီးမှ စာတွေကပ်ပြီးကျက်။ စာမေးပွဲဖြေခါနီးကျမှ ကပ်ပြီးလာ။ အလွတ်ကျက်ထားတဲ့စာတွေဖြေ။ ကျက် ထားတာ မတိုးရင် ကြုံသလိုဖြေ။ တစ်နှစ် တစ်တန်း ပြီးသွားတဲ့စာတွေ နောက်တစ် တန်း၊ နောက်တစ်နှစ်ရောက်လို့ ပြန် မေးရင် အားလုံးမေ့။ ဒီလိုအဖြစ်မျိုးနဲ့ ယဉ်ပါးလာတဲ့ မျိုးဆက်တစ်ခုက အနာ ဂတ်နိုင်ငံ ရေးလောကထဲ ရောက်လာမှာ စိုးတယ်။

နိုင်ငံရေးလုပ်ဖို့ ဘာဝမ်းစာမှ မဖြည့်တင်းခဲ့ဘဲ နီးစပ်ရာ စားတော်ခေါ်။ ရွေးကောက်ပွဲနီးမှ ခေါင်းဆောင်ကြီး တွေရဲ့ ဩဝါဒကထာတွေကို ရှေ့နောက် ညီညီ၊ မညီညီသုံးပြီး လက်ခုပ်သံ ရောင်တော်ပြန်နဲ့ အမတ်မင်းတွေ ဖြစ်ကြ မှာလည်း စိုးရိမ်ပါရဲ့။ပြည်သူအနေနဲ့ကလည်း ရွေးစရာ မရှိတဲ့ဘ၀မို့ မချစ်သော်လည်း အောင့် ကာနမ်းလိုက်ရ။ အမတ်မင်းတချို့ ကလည်း တော်ကောက်ခံရတာကိုပဲ အဟုတ်ကြီးထင်၊ နားထင် ‌သွေးရောက်ပြီး ရွေးကောက်ပွဲပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင်က အပြုံးတွေ၊ ကတိတွေ အား လုံးမေ့။ အောက်ခြေလွတ်ကြမှာလည်း စိုးပါရဲ့။

ခေါင်းဆောင်ကြီးရဲ့ ဩဝါဒမိန့်ခွန်း တွေကို အလွတ် ကျက်မှတ်ပြီး ဒီမိုကရေစီ ရေလဲသုံးကာ လူထူထူ အခမ်းအနားတွေ မှာ လူရှိန်အောင် ပြောတတ်တာတွေဟာ ကျွန်တော်တွေ့ကြုံနေရတဲ့ ကျောင်းသား တွေနဲ့များတူနေရော့သလားလို့ တောင် ထင်မှတ်ရပါတယ်။ဖေ့ဘုတ်ကို ဘ၀ကြီးထင်၊ လမ်း ညွှန်ချက်၊ အကြံပေးချက်လို့ မှတ်ယူပြီး ဘာစာအုပ်စာတမ်းမှ မလေ့လာဘဲ အစည်းအဝေးကြီးတွေမှာ ဝါရင့်နေပြီ ဖြစ်တဲ့ ဌာနဆိုင်ရာတွေက တင်ပြသမျှကို နားလည်သယောင်ယောင်နဲ့ အင်း..အဲခံ ခေါင်းညိတ်။

တစ်ခါတလေ ပြန်ဆွေးနွေး သယောင်ယောင်။ အကောင်အထည်ဖော် လို့အဆင်မပြေရင် ဟိုဌာနကပဲ အုပ်စီး ထားသလိုလို၊ ဒီဌာနကပဲ လွှမ်းမိုးထား သလိုလို ခေါင်းလွှဲချတတ်တဲ့သူမျိုးတွေ ပေါ်လာမှာပဲ စိုးရိမ်မိပါတယ်။ဒီတော့ကာ ကျွန်တော်တို့ အားလုံး ကြိုးစားကြရမှာပါ။ ကျွန်တော်တို့ ဖြတ် သန်းရမယ့် ခရီးတွေအများကြီး ရှိပါ သေးတယ်။၂၀၁၅ ရွေးကောက်ပွဲရလဒ်၊ အစိုးရ ဖွဲ့နိုင်တယ်ဆိုတဲ့ ဂုဏ်လေးတစ်ခုနဲ့ ကျေနပ်နေတာမျိုး မဟုတ်ဘဲ အနာဂတ် တိုင်းဒေသကြီးအတွင်းမှာ အရည်အသွေးမီ နိုင်ငံရေးသမားကောင်းတွေ ပေါ်လာဖို့ အခြေခံကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စိတ်ဓာတ်ရေးရာပိုင်းအရ ပြုပြင်စရာ တွေကို အရှိန်အဟုန်နဲ့ ပြုပြင်ရမှာပါ။

” ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည် ဆောက်အံ့” လို့ ဆိုင်းဘုတ်ရေးထားရုံနဲ့ တော့ မရပါဘူး။အဲဒီဆိုင်းဘုတ်ကြီးအောက်မှာပဲ ဆေးရှုနေတာ၊ မလုပ်သင့်တာတွေ လုပ် နေတာ မမြင်ချင်အဆုံးပါ။ကျောင်းသား၊ ကျောင်းသူတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုတာမျိုး ပြောတတ်ကြပါတယ်။ ကျွန်တော်ကြုံ တွေ့နေရတဲ့ ကျောင်းသား အတော်များ များဟာ အထက်မှာဖော်ပြထားတဲ့ အတိုင်း ဖြတ်သန်းနေကြတာမို့ ဒီကလေး တွေ အနာဂတ်နိုင်ငံရေး နယ်ပယ်ထဲကို မျက်စိလည်လမ်းမှား ရောက်လာခဲ့ရင် ဆိုပြီး တွေးပူမိပါတယ်။

ကိုယ်ကိုယ်တိုင် နိုင်ငံရေးအမြင်၊ နိုင်ငံရေး ရည်မှန်းချက်မရှိဘဲ တစ်ပွဲထိုး စိုင်ကော်လို့ ခြုံပေါ်ရောက်၊ ဆပ်ပြာ ကောင်းလို့ ခေါင်းပေါင်းဖြူနေရတဲ့ သူ တွေပဲ ထပ်တွေ့နေရဦးမှာလားဆိုတာ တွေးပူမိပါတယ်။ ကျွန်တော်တို့ ဆိုင်းဘုတ် နိုင်ငံတော် ကြီးမှာ အလုပ်ဖြစ်မယ့် အခြေခံကောင်း တွေကို အလျင်အမြန် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်။ဥပဒေထွက်လာမှ၊ နည်းဥပဒေ ထွက်လာမှဆိုတဲ့ ဆင်ခြေဆင်လက် တွေပြမနေဘဲ ကိုယ်စွမ်းဥာဏ်စွမ်းရှိ သလောက်၊ တတ်အားသမျှ ကြိုတင် မွေးမြူ ပျိုးထောင်ကြဖို့လိုပါမယ်။

တက္ကသိုလ် တာဝန်ရှိသူတွေ၊ ပြုပြင် ပြောင်းလဲချင်လှပါတယ်ဆိုတဲ့ နိုင်ငံရေး သမားတွေ ဒါတွေ လုပ်ဖို့လိုနေပါပြီ။
ကျောင်းသား လူငယ်တွေအတွက် အရည်အချင်းမြှင့် သင်တန်းတွေ၊ လူမှု ဆက်ဆံရေးအတွက် အထောက်အကူ ပြုနိုင်မယ့် အဆောင်နေ ပတ်ဝန်းကျင် ကောင်းတွေ ဖန်တီးပေးနိုင်ဖို့ လိုနေပါပြီ။ဒါမှလည်း ကျွန်တော်တို့ တိုင်း ဒေသကြီးအတွင်းမှာ အရည်အသွေးမြင့် နိုင်ငံရေးသမားတွေ ပေါ်ပေါက်လာပြီး အရည်အသွေးမီတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်လာမှာပါ။

သက်ဆိုင်ရာ ပါတီကြီးတွေ အနေနဲ့ လည်း ရွေးကောက်ပွဲနီးမှ ပြူးတူးပြဲတဲ အမတ်လောင်းရှာရတာမျိုး မဖြစ်ဖို့ ၂၀၂၀ နဲ့ ၂၀၂၅ အတွက် ဒေါင်ဒေါင်မြည် နိုင်ငံ ရေးသမားတွေ ပေါ်လာအောင် ခုကတည်း က ပျိုးထောင်ထားသင့်ကြောင်း၊ ဆပ်ပြာ ကောင်းလို့ ခေါင်းပေါင်းဖြူသူများကို ထပ်မတွေ့လိုတော့ပါကြောင်း ။