ကျိုက္ကသာမြို့ဟောင်းတွင် ရွှေပြားတစ်ပိဿာကျော် တူးဖော်တွေ့ရှိ

0
452

ကျိုက္ကသာမြို့ဟောင်းနေရာတွင် မြေအိုးဖြင့် ထည့်ထားသည့် ရွှေပြား အလေးချိန် တစ်ပိဿာကျော် တူးဖော် တွေ့ရှိသည်ဟု တူးဖော်တွေ့ရှိသူတို့ထံမှ သိရသည်။
ယင်းမြို့ဟောင်းနေရာသည် မွန် ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာ ကျေးရွာတွင် တည်ရှိသည်။ကျိုက္ကသာမြို့ဟောင်းအတွင်း ပို ချေတစ်ထောင် ရန်မျိုးအောင်စေတီ အနီး တွင် ကားလမ်းဖောက်လုပ်ရန် အတွက် မတ်လ ၁၇ ရက်က မြေတူးစက်ဖြင့် တူးဖော်ရာ ရွှေပြားအပြည့် ထည့်ထား သည့် အိုးတစ်လုံး တူးဖော်တွေ့ရှိသည်ဟု မြေပိုင်ရှင် ကိုဇာနည်ထွန်းက ပြောသည်။

ရွှေပြားများသည် အချင်း ၂ လက်မခန့်ရှိ ခွက်ပုံသဏ္ဍာန်ရှိပြီး စုစု ပေါင်း ရွှေပြား ၃၉၀ ပြားရှိကာ အလေး ချိန်အားဖြင့် ၁ ပိဿာ ၁၀ ကျပ်သား ရှိသည်။
” အခုအချိန်ထိတော့ ရွှေတွေက ကျွန်တော်တို့ လက်ထဲမှာပဲ၊ နိုင်ငံ တော်ကို လှူဖို့တော့ စဉ်းစားထားတယ်” ဟု ကိုဇာနည်ထွန်းက ပြောသည်။
တူးဖော်တွေ့ရှိထားသည့် ရွှေပြား များကို ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနသို့ အပ်နှံသွားမည်ဟု ၎င်းက ဆက် ပြောသည်။

အဆိုပါရွှေပြားများသည် ပုဂံ ခေတ်မတိုင်မီက ရှေးဟောင်းပစ္စည်းများ ဖြစ်နိုင်သည်ဟု သမိုင်းသုတေသန ဦးစီး ဌာနမှ အငြိမ်းစား လက်ထောက်ညွှန်ကြား ရေးမှူး ဦးစံဝင်းက ခန့်မှန်းထားသည်။”ရှေးဟောင်းပစ္စည်းမှာမှ ရှင်ဘုရင် တွေဝတ်တဲ့အင်္ကျီတွေမှာ အလှဆင်တဲ့ ဟာလို့ ထင်ရတာ၊ သူက အပြားလည်း မဟုတ်ဘူး ကုန်းကုန်းလေးဖြစ်နေတယ်” ဟု ဦးစံဝင်းက ပြောသည်။

ကျိုက္ကသာမြို့ဟောင်းနေရာ တဝိုက်တွင် ယခင်ကလည်း အလေးချိန် ပိဿာနှင့်ချီသည့် ရွှေများ တူးဖော်တွေ့ ရှိသည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးပြီး ငွေဒင်္ဂါးပြား တစ်ထောင်ကျော်ကိုလည်း တူးဖော်တွေ့ ရှိထားသည်ဟု ဦးစံဝင်းက ဆက်ပြော သည်။ကျိုက္ကသာမြို့ဟောင်းတူးဖော်မှု ကုန်းသည် ရှေးဟောင်းအဆောက်အဦး နေရာအဖြစ် မွန်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီထံက ထိန်းသိမ်းထားသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။

လက်ရှိတွင် ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီသည် ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဇုန် ၂ ခုနှင့် ရှေးဟောင်းဆောက်အအုံ နေရာ ၉ နေရာကို ထိန်းသိမ်းထားသည်။