တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး စတေးခံ များ

0
486

တက္ကသိုလ်ဝင်တန်း ဖြေပြီးခဲ့လေပြီ။
ဆယ်တန်းဟု အလွယ်ခေါ်ကြသော တက္ကသိုလ်ဝင်တန်းဖြေဆိုနေစဉ် ကျောင်း သွားကျောင်းပြန် ပို့ဆောင်ပေးနေသည့် ကျောင်းကားများပေါ်မှ အဖြူအစိမ်းဝတ် ကျောင်းသူ ကျောင်းသားများကို မြင် တိုင်း မျက်ရည်ဝဲ မျက်နှာလွှဲခဲ့မိသည်ဟု ဒေါ်ခင်သက်က ရင်ဖွင့်သည်။” ဆယ်တန်းဆိုတဲ့စကား ကြားကို မကြားချင်ဘူးကွယ်၊ ရင် တဆတ်ဆတ် တုန်တယ်” ဟု ဒေါ်ခင်သက်ရင်ကို လက် ဖြင့်ဖိကာ ပြောသည်။ဒေါ်ခင်သက်(အမည်လွှဲ) ဟန် ဆောင်ပြောနေခြင်း မဟုတ်ကြောင်း ဒေါ် ခင်သက်၏သမီး ဆယ်တန်းဖြေခွင့် မရခဲ့သော ဆယ်တန်းကျောင်းသူ၏ ငိုမဲ့ မဲ့မျက်နှာက သက်သေထူနေသည်။

ဒေါ်ခင်သက်၏သမီး ဆယ်တန်း ကျောင်းသူသည် လောင်းလုံးမြို့နယ် မောင်းမကန် အထက်တန်းကျာင်းတွင် ဆယ်တန်း တက်ခဲ့သည်။ ယင်းကျောင်း စာစစ်ဌာနတွင်ပင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် လျှောက်လွှာတင်ခဲ့သည်။ သို့သော် စာမေးပွဲဖြေဆိုရန် ၂ လခန့် အလိုတွင် ကျောင်းထွက်လိုက် ရသည်။
အကြောင်းမှာ သူမသင်ကြားရ သည့် မောင်းမကန်ကျောင်း ဆယ်တန်း စာညံ့ကျောင်းသားများ နေရာချထားခံရ သော အခန်း C တွင် ကျောင်းဆက် မနေနိုင် လောက်သည်အထိ ချိုးနှိမ် ပြော ဆို ဖိအားပေးခံရမှုများ ကြုံတွေ့ခဲ့ရ သောကြောင့်ဟု ဒေါ်ခင်သက်၏သမီးက ဖွင့်ဟသည်။

“ကျွန်မ ဖြေချင်ခဲ့တာပေါ့၊ ကျောင်း ကိုလည်း သွားချင်ခဲ့တာပေါ့၊ ဒါပေမဲ့ ဆရာမတွေပြောတာ မခံနိုင်ဘူးလေ” ဟု မဝံ့မရဲလေသံဖြင့် တိုးတိုးပြောသည်။
ကျောင်းတက်စဉ် စာမလိုက်နိုင် သောအချိန်များက ဆရာမများပြောခဲ့ သည့်အသံများကို သူမနားထဲ ယခုထိ စွဲနေဆဲဟု ဖွင့်ဟ၏။”ကျောင်း ဘယ်တော့ထွက်မှာလဲ၊ လင်သာ ယူလိုက်ကြတော့ဟေ့..”ယင်းသို့ ဆရာမများ ပြောဆို ဖိအားပေးမှုကို မခံနိုင်သဖြင့် ဆယ်တန်း ဖြေရန် အနီးကပ်မှ ကျောင်းထွက်လိုက် ရသူက ဒေါ်ခင်သက် သမီးတစ်ယောက် တည်း မဟုတ်။ ဒေါ်ခင်သက်နေထိုင်ရာ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ပင် ကျောင်းသားကျောင်းသူ ၁၀ ဦးခန့် ရှိခဲ့ကြောင်း ဒေါ်ခင်သက်နှင့် သမီးတို့က အမည်နှင့်တကွ လက်ချိုးရေတွက်ပြ လေသည်။

ကျောက်ဆင်ရွာကျောင်းသား ၁၀ ဦးအပြင် မောင်းမကန်ကျောင်း ဆယ် တန်း C အခန်းနေ မောင်းမကန်၊ ပန်းတင် အင်းရွာတို့မှ ကျောင်းသားများသည် လည်း ဖြေဆိုခွင့်လျှောက်လွှာ တင်ပြီးမှ ဆယ်တန်းမဖြေလိုက်ရသူတို့ ရှိနေသည်။မောင်းမကန်ကျောင်းတွင် ဆယ် တန်းဖြေရန် လျှောက်လွှာတင်သူ ၁၄၇ ဦး ရှိခဲ့ပြီး ပျက်ကွက် ၂၉ ဦး ရှိကြောင်း ယင်းကျောင်းမှ ဓာတုဗေဒသင်ဆရာမ ဒေါ်ဥဥခင်က ပြောသည်။

မောင်းမကန်ကျောင်း ဆယ်တန်း တွင် လစဉ် အစမ်းစာမေးပွဲ၌ ဘာသာစုံ အောင်သူများအား အခန်း A ၊ ၁ ဘာသာ မှ ၃ ဘာသာအထိ ရှုံးသူများကို အခန်း B ၊ ၄ ဘာသာနှင့် အထက်ရှုံး သူများကို အခန်း C တွင် နေရာချထား ပေးကြောင်း ကျောင်းသားများနှင့် ဆရာမများထံမှ သိရသည်။ဒေါ်ခင်သက် သမီးအပါအဝင် ဆယ်တန်းအခန်း C တွင် ကျောင်းသူ ကျောင်းသားအချင်းချင်း နေ့တိုင်း တိုင် ပင်လေ့ရှိသည့် စကားတစ်ခွန်းရှိသည် ဟု ကျောင်းသူကျောင်းသားများက ဆိုသည်။
“ကျောင်းထွက်ကြရအောင်” ဟူ၏။

” အရင်နှစ်က အောင်ချက် တက် တယ်၊ အခုနှစ် အောင်ချက်ကျမှာစိုး သတဲ့၊ ဆရာမတွေက နှိမ်လွန်းတော့ ကျောင်းသားတွေကြား ကျောင်းထွက် ကြရအောင်ဆိုတဲ့ တိုင်ပင်မှုက နေ့တိုင်း ရှိတယ်” ဟု ဒေါ်ခင်သက်သမီးနှင့် တစ်ခန်းတည်းနေပြီး ရှေ့ဆင့်နောက်ဆင့် ကျောင်းထွက်ခဲ့သော ကျောက်ဆင်ရွာ သူတစ်ဦးက ပြောသည်။သူတို့ စာသင်ကြားရာ C အခန်း တွင် နေ့တိုင်းနီးပါး ကြားနေရသည့် ဆရာမများ၏ ကျောင်းသူကျောင်းသား များနှင့် မအပ်စပ်ဟု ယူဆသော အောက် ပါအပြစ်တင်သံများကသူတို့ကို ကျောင်း မှ ထွက်ခွာသွားရန် တွန်းအားပေးနေ သည်ဟု ဆိုကြသည်။

” ဘယ်ချုံမှာ သွားတိုးနေကြလဲ”
“ကျောင်းမနေဘဲ လင်သာနေ လိုက်ကြ”
” နင်တို့ မြန်မြန်ထွက်လေ၊ ဒို့ ကျောင်းအတွက် ကောင်းလေပဲ”

ဆရာမဒေါ်ဥဥခင်က ယင်းပြောဆို ခြင်းသည် ကိုယ့်အလုပ် ကိုယ်လုပ်တာ ဖြစ်ပြီး မည်သည့်နည်းဖြင့် ပြောရင် စာကျက်မည်ကို ချိန်ဆကာ ချော့ပြော ခြင်း၊ ကြမ်းပြောခြင်း ဆဲပြောခြင်းများကို ကျောင်းသားအားလုံးအောင်စေလို၍ ပြောခဲ့သည်ဟု ဆိုသည်။” ခုခေတ်ဖြစ်နေတာ မသိဘူးလား၊ ယားတတ်နေတယ် မဟုတ်ဘူးလား၊ လင်လိုနေလား၊ ပြောတယ်၊ ပြောရိုးတော့ အမှန်ပဲ၊ ဒါကိုတော့ ကြိုက်သလိုမျိုး ယူဆနိုင်တယ်၊ ဒါပေမဲ့ သူတို့ ကိုယ်ပြော လိုက်တဲ့စကားရဲ့ စေတနာကို ကိုယ့်လိပ် ပြာကိုယ်လုံတယ်” ဟု ဒေါ်ဥဥခင်က ပြော သည်။

စာညံ့သူများကို စာကျက်စေရန် ပြောရခြင်းဟု ဆရာမက ပြောသည်။” မဖြေလိုရင် မဖြေနဲ့..အမ်.. ဖြေ မယ်ဆို စာကျက်” ဟု ပြောခဲ့ကြောင်း ဆိုလေသည်။
ဆယ်တန်းဖြေရန် လျှောက်လွှာ တင်ပြီးမှ ကျောင်းထွက်ခဲ့ရသော မောင်းမကန်မှ ကျောင်းသား တစ်ဦးကမူ ဆရာမများပြောသည့်အနက်မှ အသည်း နာဆုံး စကားတစ်ခွန်းရှိသည်ဟု ဆို သည်။

“မင်းတို့လို လူတွေရှိနေရင် ကျောင်းအောင်ချက်ကျလိမ့်မယ်၊ မထွက်သေးဘူးလား၊ ဘယ်တော့ထွက် မှာလဲ”မောင်းမကန်ကျောင်းရှိရာ လောင်း လုံးမြို့နယ်သည် ယခင်နှစ် ၂၀၁၆ ခုနှစ် က ကျောင်းတွင်းဖြေအောင်ချက် ၃၄ ဒသမ ၆၅ ရာနှုန်းဖြင့် တနင်္သာရီတိုင်း အောင်ချက်ဇယား၏ ထိပ်ဆုံးတွင် ရပ် တည်ခဲ့သည်။
တိုင်းဒေသကြီး ပညာရေးမှူးရုံး၏ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းစီမံချက် ၇(က)တွင် ” ၂၀၁၇ ခုနှစ်၊ တက္ကသိုလ် ဝင်တန်းအောင်ချက်မြင့်မားရေး အတွက် တိုင်းဒေသကြီးအောင်ချက်ကို ၃၅ ရာခိုင်နှုန်းနှင့်အထက် ရရှိရေးနှင့် မြို့ နယ်များ၊ အထက်တန်း အဆင့်သင် ကျောင်းများ အားလုံးကို ပန်းတိုင်ရည် မှန်းချက် ရာနှုန်းရရှိရေးအတွက် ဆောင် ရွက်စေပါမည်” ဟု ပါရှိသည်။

” ဆရာမကြီးကလည်း အောင်ချက် အတွက်ပေါ့၊ အောင်ချက်ကို ဒီလိုပေါ့၊ သူများ.. အားလုံးထဲမှာ မျက်နှာလှအောင် ပေါ့၊ သူတို့ကို ပြောပြတယ်၊ ဒါပေမဲ့ မဖြေနဲ့လို့ ဘယ်ဆရာမမှ အဓမ္မ ပြောလို့ မရဘူး” ဟု ဆရာမ ဒေါ်ဥဥခင်က ပြော သည်။ဒေါ်ခင်သက်နှင့်နေထိုင်သည့် ကျောက်ဆင်ရွာက လျှောက်လွှာတင်ပြီးမှ စာမေးပွဲ မဖြေသူ ကျောင်းသားမိဘများ အားလုံးနီးပါးကို ခေါ်ယူသတိပေးမှု အကြိမ်ကြိမ် လုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်ဥဥခင်တို့ ဆရာမများကလည်း ဝန်ခံသည်။ ကျောင်းစည်းကမ်းအရ ၂ နှစ်ဖြေပြီးလျှင် လက်မခံရတော့ကြောင်း၊ မဖြေလျှင် အသစ်စာရင်းဝင်ပြီး နောက် ထပ် ၂ နှစ် ကျောင်းနေခွင့်ရကြောင်း ကျောင်းသားမိဘများအား ရှင်းပြကာ ဖြေမည် မဖြေမည်ကို ရွေးချယ်ခိုင်းခဲ့ ကြောင်း ပြောသည်။” တစ်ကယ်လို့ ဆန္ဒရှိရင် ကိုယ့် သားကိုယ့်သမီး မဖြေလိုပြီဆိုရင် နောင် နှစ်ဆို အသစ် ပြန်ဖြစ်အောင်ပေါ့” ဟု ဆရာမ ဒေါ်ဥဥခင်က ပြောသည်။တိုင်းပညာရေးမှူး ဒေါ်မြင့်မြင့်စိန် ကမူ ကျောင်းသားများ စာညံ့သည်ဖြစ်စေ တော်သည်ဖြစ်စေ စာမေးပွဲ ဖိအားပေး ကျောင်းထွက် ခိုင်းခြင်းမျိုး လုံးဝမလုပ် ရန် ညွှန်ကြားထားပြီး ဆယ်တန်းဖြေခြင်း၊ မဖြေခြင်း ရွေးချယ်ခိုင်းထားခြင်းမျိုး မရှိ ကြောင်း ပြောသည်။

” ဆရာမတွေက အတင်းတွန်းပြီး တော့ (ကျောင်းသားကို)နင် ဒီလိုမျိုး လုပ်ရမယ်ဆိုပြီးတော့ ကျွန်မတို့ ခိုင်း လည်း မခိုင်းဘူး၊ လုပ်မယ်ဆိုရင်လည်း ဆရာမတွေအနေနဲ့ နည်းနည်းတော့ အတ္တကြီးရာကျတယ်ပေါ့နော်၊ ကိုယ့် ကျောင်းအောင်ချက်အတွက် ဒီလိုမျိုး လုပ်တယ်ဆိုတာကတော့ သိပ်တော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” ဟု ဒေါ်မြင့်မြင့်စိန်က ပြောသည်။

အကယ်၍ ကျောင်းအုပ်များက ၎င်းတို့ကျောင်း အောင်ချက်နိမ့်သွားမည် စိုးသဖြင့် စာညံ့ကျောင်းသားများအား ဖိအားပေး ထွက်ခိုင်းသည်ကို စိစစ်တွေ့ ရှိရပါက သတိပေးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ကြောင်း ၎င်းက ပြောသည်။သရက်ချောင်းမြို့နယ် ကမြိုင်နှင့် ကနက်သီရိ အထက်တန်းကျောင်းတို့တွင် လည်း ပျက်ကွက်များခဲ့သဖြင့် စစ်ဆေး ခဲ့ဖူးကြောင်း ဒေါ်မြင့်မြင့်စိန်က ဆိုသည်။

အထက်ပါ ကမြိုင်အထက်တန်း ကျောင်းသည်လည်း ကျောင်းအောင်ချက် မြင့်မားရေးအတွက် ကျောင်းသားများ စာမေးပွဲဖြေခွင့်မရသည်ထိ ဖိအားပေးခံ ရမှုများ ရှိနေကြောင်း ကြားသိနေရ သည်မှာ ၈ နှစ်ခန့် ရှိပြီဟု သရက်ချောင်း မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင် က ပြောသည်။ဦးဝေဝေလွင်သည် ကမြိုင်ရွာနှင့် ကပ်လျက်ရှိသည့် ရငဲရွာဇာတိဖြစ်သည်။”ကျောင်းသားတွေအတွက် ကောင်း တဲ့အလားအလာ မဟုတ်ဘူး၊ အချိန် တစ်နှစ်ပုပ်တာပေါ့” ဟု ဦးဝေဝေလွင်က ဆိုသည်။

တစ်နှစ်ပတ်လုံး စာသင်ခဲ့ပြီးမှ ယခုကဲ့သို့ ဖြေခွင့်မရကြသည်မှာ အချိန် ဆုံးရှုံးသည့်အပြင် အခွင့်အလမ်းတစ်ခုပါ ဆုံးရှုံးခဲ့ကြရသည်ဟု ပြောသည်မှာ ဦးဝေဝေလွင် တစ်ဦးတည်း မဟုတ်။တနင်္သာရီအပတ်စဉ်တွင် ပညာရေး ဆောင်းပါးများ အစဉ်တစ်စိုက် ရေးသား နေပြီး ကိုယ်တိုင် ဘော်ဒါတည်ထောင်ကာ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ သင်နေ သော ဆရာဦးသန်းဇော်ဦးက ယခုနှစ် သည် နှစ်တိုင်းထက် မေးခွန်လွယ်သဖြင့် သာမာန်ကြိုး စားသူပင် အောင်နိုင်သည် ဟု ဆိုသည်။
” အခွင့်အအရေး တစ်ကြိမ် ဆုံးရှုံး လိုက်သလို ခံစားရတယ်၊ စာမေးပွဲ အတွေ့အကြုံတစ်ကြိမ် ဆုံးရှုံးလိုက်ရ သလို အောင်နိုင်တဲ့ အခွင့်အလမ်းလည်း တစ်ကြိမ် ဆုံးရှုံးသွားတာပေါ့” ဟု ဦးသန်းဇော်ဦးက ပြောသည်။

ကျောင်းအောင်ချက်ကောင်းရန် စာညံ့သည့် ကျောင်းသားများအား စာမေးပွဲမဖြေနိုင်ရန် ဖိအားပေးသည့် အစဉ်အလာအား ဒေသခံတွေကြား အမှန်ဟု ယူဆလိုက်ပါက မူဝါဒအမှား တစ်ခု အမှန်ဖြစ်ပြီး အမြစ်တွယ်သွား နိုင်ကြောင်း ဆရာသန်းဇော်ဦးက ပြော သည်။”တစ်သက်လုံး လက်မြှောက် အရှုံး ပေးလိုက်ပြီး မဖြေဘဲ ဖြစ်သွားနိုင်တယ်၊ ပညာရေး ဆုံးခန်းတိုင်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။မောင်းမကန်ကျောင်းမှ ကျောင်း သားမိဘအလယ်တွင် မတ်တတ်ရပ် အပြောခံခဲ့ရသော ဆယ်တန်းကျောင်း သားတစ်ဦး ကျောင်းထွက်ကာ လှေ (ပင်လယ်)လိုက်နေသည်ဟု တနင်္သာရီ အပတ်စဉ်မှ စုံစမ်းသိရှိရသည်။
ယခုနှစ် ဖြေခွင့်မရသည့် ကျောင်း သားမိဘ အများစုကမူ သူတို့သားသမီး များအား နှောင်နှစ်တွင် ကျောင်းပြန်ထား မည်ဟု ပြောကြပြီး ကျောင်းသားများ ကလည်း ပြန်နေမည်ဟု ဆိုကြသည်။

“ခုလိုထွက်ခိုင်းတာမျိုး နောင်နှစ် တွေမှာ မရှိစေချင်ဘူး၊ ပြီးရင် ကျောင်း သူတွေ မကြားအပ်တဲ့ ပြောဆိုမှုမျိုး မလုပ်စေချင်ဘူး” ဟု ကျောက်ဆင်ရွာမှ ကျောင်းသူတစ်ဦး၏ ဖခင်က ဖွင့်ဟသည်။ မောင်းမကန်ကျောင်း ဆယ်တန်း တွင် သင်္ချာဘာသာသင်ယူသည့် ဆရာမ ဒေါ်စိုးစိုးကြည်က စွပ်စွဲပြောဆိုသူများကို ခေါ်လာပြရန် ပြောသည်။

တနင်္သာရီအပတ်စဉ်မှ မေးမြန်းစုံ စမ်းခဲ့သည့် ကျောင်းသားများနှင့် မိဘ များကမူ ပြင်ပကျူရှင်နှင့် ဘော်ဒါ ဆောင်များ မရှိသော ယင်းဒေသ အခြေ အနေအရ မောင်းမကန်ကျောင်းနှင့် မလွတ်ကင်းနိုင်သည်ကို ထောက်ရှုကာ သူတို့၏အမည်များကို ကွယ်ဝှက်ထား ပေးရန် မေတ္တာရပ်ခံကြသည်။တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးကလည်း ယခုကိစ္စအား စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။မောင်မကန်ရွာသား ကျောင်းသား က မောင်းမကန်ကျောင်းတွင်ဆိုပါက နေဖြစ်မည်မဟုတ်ဟု ဆိုလာသည်။

” ကိုယ့်ရှေ့က နှစ်ရှုံးသမားတွေ ရှိတယ်၊ သူတို့ဆို ပိုအပြောခံရတော့..” ဟု ယင်းကျောင်းသားက ပြောသည်။
ဒေါ်ခင်သက်၏သမီးကလည်း မိခင်မျက်နှာကို ကြည့်နေရာမှ မျက်လွှာ ချရင်း တိုးတိုးပြောသည်။
“ဖြစ်နိုင်ရင် ဒီကျောင်းမှာ မနေ ချင်ဘူး၊ ဆရာမတွေကို ကြောက်တယ်”