ဖေစ့်ဘွတ် သင်ပုန်းကြီးဖတ်စာ

475
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

(၁)
ညေး= ညီလေး
ညလေး= ညီမလေး
ကြီး= ကိုႀကီး
ခေး= ခလေး
ခရု= ခကအန (နှစ်လိုဖွယ်ကောင်းသော)
စွန်းမိုက်= စောက်ရမ်းမိုက်
ကွကိုယ်= ကိုယ့်ဟာကိုယ်

ကိုယ့်ဒုက္ခ ကိုယ်ရှာဟု ပြောရမလား၊ ဒါမှမဟုတ် ခေတ်မီမီ ကမ္ဘာကြည့်ကြည့် မြင်ခြင်းဟု ဆိုရမလား။ ကျောင်းသား ဘ၀တုန်းက စာကျက်ရပျင်းသော ကျွန်ုပ် ဆြာစိုးတစ်ယောက် အသက်ကြီးမှ ခက် ဆစ်အဖွင့်တွေကို ကလေးတစ်ယောက်လို တတွတ်တွတ် ရွတ်ဆိုကျက်မှတ် နေရပါ သည်။ယခုလို အနက်အဓိပ္ပာယ် ဖွင့်ဆိုရ ခက်ခဲနက်နဲပြီး ရွတ်ဖတ်သရဇ္ဈာယ်ရ လျှာခလုတ်တိုက်မိသလောက် ပါဠိလည်း မကျ၊ ပေါရာဏလည်း မမည်၊ မြန်မာစာ ဟုလည်း တတ်အပ်မပြောနိုင်သော အသုံး အနှုန်းတွေကို စာရွက်တစ်ရွက်မှာ ရေး မှတ်ပြီးသကာလ နေ့နေ့ညည အလွတ် ရွတ်ဆို ကျက်မှတ်နေရခြင်း၏ နံပါတ် တစ် တရားခံမှာ ဖေ့စ်ဘွတ်ဖြစ်ပြီး ကြံရာ ပါမှာ အိုင်တီကဝေသားပုပင် ဖြစ်ချေ သတည်း။

လွန်ခဲ့သော တစ်နှစ်လောက်က မိတ်ဆွေတစ်ဦး၏ သားတော်မောင် ရှစ် တန်းကျောင်းသားလေး အိုင်တီကဝေ သားပု၏ ဖေ့စ်ဘွတ် ဒေသနာတော် မြတ်ကြီးကို နာကြားမိပြီး သကာလ များ စွာ နှစ်ထောင်းအားရ ဖြစ်ရကား ကိုယ် တိုင်ပွားများ အားထုတ်နိုင်ရန် အလို့ငှာ ဖေ့စ်ဘွတ် အကောင့်တစ်ခု ဘယ်လို လျှောက်ရပါသလဲဟု စောကြော မိပါ သည်။ထိုအခါ အိုင်တီကဝေ သားပုက ကျွန်ုပ်အတွက် မိုးစွန်တမွတ် ကြယ်ကို ဆွတ်သလို ခက်ခဲလှပေမဲ့ သူ့အတွက် ငှက်ပျောသီးအခွံ နွှာစားသလို လွယ်ကူလှ သောကိစ္စမို့ နာရီဝက်အတွင်း ဖေ့စ်ဘွတ် အကောင့်သစ်တစ်ခု လျှောက်ပေးလိုက် ပါသည်။ ဆက်လက်ပြီး ဖေ့စ်ဘွတ် စာသင်သားတို့ မဖြစ်မနေ တတ်ကျွမ်း နားလည်ရမည့် အဋ္ဌာရသပညာရပ်များကို ကျွန်ုပ်အား ယခုလို ဆရာစားမချန် အိတ် သွန်ဖာမှောက် သင်ကြားပေးပါတော့ သည်။

“ဖေ့စ်ဘွတ် ယူဆာ(အသုံးပြုသူ)တစ်ယောက်အတွက် အရေးအကြီးဆုံးက Password ပဲဗျ၊ ကိုယ့် Password ကို ကိုယ့်သားသမီး ကုန်ကုန်ပြောရရင် ကိုယ့် ဇနီး မယားတောင် မသိပါစေနဲ့၊ ဒါ ထိပ် တန်းလျှို့ဝှက်ချက်ပဲ၊ ဒါပေမဲ့ ဦးလေးက လူပျိုကြီးဆိုတော့ဒါတွေ ပူစရာမလိုဘူး”

” ဟေ…ဒါပေမဲ့ ဦးလေး Password ကို တူတော်မောင် သိနေတာကြီးကရော ဘယ့်နှယ်လုပ်မလဲ”

” အို…ဒါက လွယ်လွယ်လေး၊ ဦးလေးကို ကျွန်တော် Password ပြောင်း နည်း သင်ပေးလိုက်မယ်၊ အိမ်ပြန်ရောက်မှ ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းပေါ့၊ တစ် ခု သတိထားရမှာက ကိုယ့် Password ကို သေသေချာချာ မှတ်ထားချည်၊ မေ့သွားလို့ကတော့ အခန်းသော့ ပျောက် လို့ ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်လို့ မရ သလို ဖြစ်သွားလိမ့်မယ်”

“နောက်ထပ် မဖြစ်မနေ လိုအပ်တာ တစ်ခုက Friend ပဲဗျ၊ ဥပမာ ဦးလေးက တခြား ရပ်ကွက်တစ်ခုကို ပြောင်းသွားရင် အိမ်နီးချင်းသစ်တွေနဲ့ လိုက်မိတ်ဖွဲ့ ရသလို ကိုယ်က ဖေ့စ်ဘွတ်ရပ်ကွက်ထဲ အခုမှ ရောက်လာတဲ့ လူသစ်မို့ သိသိ မသိသိ မာနကို ခဝါချပြီး လိုက်မိတ်ဖွဲ့ဖို့ လိုတယ်၊ မိတ်ဖွဲ့တဲ့အခါ Profile Picture အမှန် တင်မထားသူတွေကို ဝေးဝေး ရှောင်နိုင်ရင် အကောင်းဆုံးပဲ၊ နေရင်း ထိုင်ရင်း အကုသိုလ် များတတ်တယ်၊ အဲ…ဒီလိုမိတ်ဖွဲ့ရင်း တစ်ခါတလေ Friend ထဲမှာ ဂျော်ရကီးတစ်ယောက် တလေ ပါလာတတ်တယ်။ ဒီဂျော်ရကီး တွေဟာ ဦးလေးလို လူပျိုကြီးတွေ ကိုကြွေပြီး ချက်ဘောက်ထဲ မကြာခဏ လာ” အီ” တတ်တယ်၊ ဒီလိုလာအီရင် ခပ်မြန်မြန်သာ “အန်” ပစ်လိုက်ပေတော့”

“ဟေ….ဘယ်လို၊ ဦးလေးက အသားလွတ်ကြီး အန်ရမယ်…ဟုတ်စ”
” အန်တယ်ဆိုတာ Unfriend ဆိုတဲ့ အသုံးအနှုန်းကို အတိုကောက်ပြောတာ ဗျ၊ ဒီတစ်သက် ဖေ့စ်ဘွတ်မှာ သံယောဇဉ် အမျှင်မတန်းအောင် ရှင်ခန်းဖြတ်တဲ့ သဘောပေါ့”

ဤသို့ဤနှယ် အိုင်တီကဝေ သားပု က ကျွန်ုပ်အား Friend Request ပို့ခြင်း၊ Confirm လုပ်ခြင်း၊ Unfriendလုပ်ခြင်း၊ Block ခြင်း၊ Like ခြင်း၊ Comment ရေးခြင်း၊ Share လုပ်ခြင်း၊ Status ရေးတင်ခြင်းနှင့်Chat မှာ အပြန်အလှန် စကားစမြည် ပြောဆို ခြင်း အပါအဝင် တခြား သိသင့်သိထိုက် တာ မှန်သမျှ ဆရာစားမချန် သင်ကြား ပေးလေသည်။ ထိုအပြင် ဆောင်ရန် ရှောင်ရန်များကိုလည်း တဖွဖွ သတိပေး လေသည်။ မှတ်မှတ်သိသိ ဖေ့စ်ဘွတ် ရပ်ကွက်ထဲတွင်ကျွန်ုပ်၏ ဗွေဆော်ဦး Friend မှာ ” George Pu” အကောင့် ဖြင့် လက်သရမ်းနေသော ကျွန်ုပ်၏ လက်ဦးဆရာ အိုင်တီကဝေ သားပုပင် ဖြစ်လေသတည်း။

(၂)
ကျွန်ုပ်သည် နဂိုကမှ ရပ်ကွက်ထဲ တစ်ကိုယ်တည်း ဧကစာရီ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အားလျော်စွာ ဖေ့စ်ဘွတ်သုံးပြန်တော့ ကိုယ့်ချင်းကိုယ့် ချင်းမှ လွဲ၍ဘယ်တစိမ်းတစ်ယောက်ကိုမျှ လိုက်မိတ်မဖွဲ့ချေ။ ထိုကြောင့် ဖေ့စ်ဘွတ် သက်တမ်း နှစ်လပြည့်ချိန်ထိ ကျွန်ုပ်မှာ Fမငနညိ အယောက်တစ်ရာခန့်သာရှိရာ အိုင်တီကဝေ သားပုက ကျွန်ုပ်အား ဖေ့စ် ဘွတ်တံခါးပိတ်ဝါဒကို ကျင့်သုံးနေ ကြောင်း၊ ဤပေါ်လစီအတိုင်း ရှေ့ဆက် ကျင့်သုံးပါက ဗဟုသုတ ချွတ်ခြုံကျမှု အန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း သတိ ပေးလေသည်။

ဆက်လက်ပြီး အိုင်တီကဝေ သားပု က ဖေ့စ်ဘွတ်မှာ မိတ်ဆွေ များများရရန် ကြီးငယ်မဟူ၊ ကျားမမရွေး သိသိမသိသိ လိုက်မိတ်ဖွဲ့ သင့်ကြောင်း၊ ဖေ့စ်ဘွတ်မှာ Friend များများရှိခြင်းက အပေါင်း အသင်း ဆန့်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ် သလို Like တွေ၊ Share တွေများများ ရခြင်းက ဂုဏ်ဒြပ်တစ်ခုဖြစ်ကြောင်း၊ လူအကြောင်းပေါင်းမှသိဆိုသလို စကား ထဲက ဇာတိပြလာသူတချို့ကို ” အသေ ၀နာစ ဗာလာနံ” တည်းဟူသော မင်္ဂလာ တရားတော်နှင့် အညီ ပြန်လည် စိစစ်ကာ အန်သင့်ကြောင်း အကြံပြုလေသည်။

ထိုသို့ လက်ဦးဆရာ မည်ထိုက်စွာသော အိုင်တီကဝေ သားပု၏ ဩဝါဒကို ခံယူ ပြီး သကာလ ကျွန်ုပ်ကားသိသိ မသိသိ Friend Request တွေ တရကြမ်း ပို့သလိုလာ Add သမျှကိုလည်း ခြွင်း ချက်မရှိ လက်ခံလိုက်ရာ ငါးလအတွင်း Friend နှစ်ထောင်လောက် တိုးပွား လာသလိုသင်ဆရာ၊ မြင်ဆရာများ၏ ကျေးဇူးကြောင့် ဖေ့စ်ဘွတ်၌ လူပေါ် လူဇော်လုပ်နည်းကို သဘောပေါက်စ ပြုလာလေသည်။

ကျွန်ုပ်အပါအဝင် လိုင်းပေါ်ရှိ ဝေနေယျ အများစုမှာ စာရှည်ရှည်ဖတ်ဖို့ သိပ်စိတ်အား မထက်သန်လှပေ။ ထို ကြောင့် ကိုယ်က Like 8k လောက်ရ ထားသော ဖေ့စ်ဘွတ် ဆယ်လီကြီး မဟုတ်ဘဲ စာရှည်ရှည်ရေးမိပါက Like မရဘဲ မောရုံသာ အဖတ်တင်လိမ့်မည်။ ထိုသဘောကို ဆဝါးမိသော ကျွန်ုပ်ကား Like များများ ရအောင် ကမ္ဘာ့ အတွေး အခေါ်ပညာရှင်ကြီးများ၏ တိုနှံ့နှံ့ အဆို အမိန့်လေးတွေကို အနည်းငယ် ပြန် လည် ပြင်ဆင်ပြီး စတေးတပ်တင်၏။

သာဓကအားဖြင့် သိုးဆောင်း ကဗျာ ဆရာကြီး ရောဘတ်ဖရော့ထ်၏ ” ငါ တစ်သက်လုံး လေ့လာဆည်းပူးခဲ့သမျှ စာသုံးလုံးတည်း အနှစ်ချုပ်လို့ရသည်…. ၎င်းမှာ အနိစ္စဟူသော အဆိုအမိန့်ကို ကျွန်ုပ်က ” ငါ့တစ်ဘ၀လုံး လေ့လာ ဆည်းပူးခဲ့သမျှ စာသုံးလုံးတည်း ချရေး လို့ ရသည်….၎င်းမှာ မမြဲခြင်း” ဟု ပြင်ရေးပြီး တင်လိုက်သော အခါ Like တွေ၊ Share တွေ တထောကြီး ရလေ သည်။

ထိုမျှမကတချို့က “ကောင်းချက်က လန်ထွက်နေတာပဲ” “Very Good ” စသည်ဖြင့် Comment ရေးသားမြှောက် ပင့် ပေးကြလေသည်။ တစ်ယောက်သော ပုဂ္ဂိုလ်ကမူ ကျွန်ုပ်အား ” မြန်မာပြည်က ဆိုကရေးတီး” ဟု ချီးမြှောက်ရာ ကျွန်ုပ်က ဂရိအတွေးအခေါ် ပညာရှင်ကြီးဆိုက ရေးတီးနှင့် ကျွန်ုပ်အား တစ်တန်းတည်း ထား မနှိုင်းယှဉ်သင့်ကြောင်း၊ ဆိုကရေး တီးက ကျွန်ုပ်ထက် အိုင်ကျူမဆိုစလောက် လေး ပိုမြင့်ကြောင်း ပြောဆို မေတ္တာရပ်ခံ ရလေသည်။

ထို့ပြင်တ၀ လှေကြီးထိုး ရိုးရိုး ဆိုသလို နေ့စဉ်မိုးသောက် အဆိုအမိန့် တွေချည်းလှိမ့်တင်နေပါက ကျွန်ုပ်၏ အမာခံပရိသတ်များ တစ်မျိုးတမည် ရိုးအီ သွားမှာစိုးသဖြင့် အပြောင်းအလဲအဖြစ် ဓာတ်ပုံလေးတွေလည်း မကြာခဏဆို သလို တင်ပေးရလေသည်။ ထိုသို့ ဓာတ် ပုံတင်ခြင်းက စတေးတပ်ရေးတင်ခြင်း ထက် ပိုဥာဏ်နီဥာဏ်နက် ထုတ်သုံးရ လေသည်။ အကြောင်းမှာ ကျွန်ုပ်ကား အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်မဟုတ် သလို ဘာဆင်ဆင်မလိုက်ဖက်သော ဆင်မလိုက် ရူပါရှင်မို့ ဆယ်ဖီတွေချည်း ဆွဲတင်နေပါက Friend များက ကျွန်ုပ် အား အော်ဂလီဆန်ကာ အန်သွားမှာ မုချပင်။

ထိုကြောင့် group အလိုက် ရိုက် ထားသော ပုံများ၊ ရှုခင်းလှလှ နောက်ခံမှာ ဖြတ်လျှောက်ပုံစံဖြင့် မခို့တရို့ရိုက် ထား သောပုံများကို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသလို မျက်နှာပူပူနှင့် တင်ရလေသည်။ ၎င်းအပြင် မြို့ကို ရောက်လာသမျှ အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင်၊ စာရေးဆရာ၊ မော်ဒယ်ဂဲလ်၊ မြန်မာကျော်နိုင်ငံရေးသမား အစရှိသူ တွေကိုအတင်းဝင် ပရောပရီလုပ်၊ ဓာတ်ပုံ တွဲရိုက်ပြီး ” သူတို့နှင့် ကျွန်တော်” ဟူ သော ခေါင်းစဉ်ဖြင့် စီးရီးလိုက်တင်ကာ ဖေ့စ်ဘွတ်ဩဇာ ထူထောင်သောကြောင့် ကျွန်ုပ်မှာ တစ်နေ့တခြား Friend တွေ၊ Like တွေများသထက် များလာလေ သည်။

သို့သော် ဖေ့စ်ဘွတ်ဟူသည် လူမှု ကွန်ရက်တစ်ခုမို့ တစ်ကိုယ်ကောင်း ဆန်ဆန်ကိုယ်အရချည်း လှိမ့်တင် နေရုံ နှင့် မပြီး။ အသွားရှိမှ အပြန်ရှိမည်ဟူ သော တုန့်လှည့်သဘော လူတို့၏ မနော ကို သတိချပ်ပြီး သကာလ ကိုယ့် Friend တွေ တင်သမျှ ဟုတ်ဟုတ်မဟုတ်ဟုတ် Like ပေးရပြန်သည်။ ထိုကြောင့် ထမင်းဝိုင်းပုံ တင်ထားပြီး စားကြပါဦး လားရှင်ကိုလည်း Like ၊ အလှူပွဲ သွားမလို့ ပြင်ဆင်ကိုလည်း Like ၊ သားသားဆု ယူနေစဉ်ကိုလည်း like ၊ ဘော်ဘော်တွေနှင့် ပျော်ပျော်ပါးပါး ကိုလည်း Like ၊ စင်္ကာပူကို ရှော့ပင်း ထွက်ခဲ့စဉ်က ကိုလည်းLike ၊ ပြောချင် လို့ အူကို ယားနေတာပဲကိုလည်း Like ၊ ဂွတ်မောနင်း အဲဗရီးဘော်ဒီကိုလည်း Like ၊ အိပ်တော့မယ်ညော်…ဘိုင့်ဘိုင် ကိုလည်း Like ပေးကာ ချူဆီထည့်ရ လေသည်။ မောင်မင်းကြီးသား ဇူကာ ဘတ်ကား လူ့စရိုက် လူ့သဘာဝများ ကို ဖေ့စ်ဘွတ်ထဲ ရောသမမွှေထားသော ကြောင့် ကျွန်ုပ်လို မိတ္တဗလကျမ်းကျေ နေသူများအတွက် လူပေါ် လူဇော် လုပ်ရ တာ ဘာမှ မခဲယဉ်းပေ။

သို့သော် အရာရာကို လှေနံဓားထစ် မှတ်ယူ၍မရသော လောကဓမ္မတာ အတိုင်း Like အပေးကောင်း၍ မိတ် ပျက်ခဲ့ရသော ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးပါ သည်။ တစ်ခါက အလွန်စကား အထ အနကောက်တတ်သော မိတ်ဆွေတစ်ဦး က သူ့သားဈာပနသတင်းကို လိုင်းပေါ် တင်ထားရာ ကျွန်ုပ်က အမှုမဲ့ အမှတ်မဲ့ Like ပေးမိရာ သူ့သားကွယ်လွန်တာ သဘောကျရ ကောင်းလားဟု ပြစ်တင် မာန်မဲတာ ခံရဖူးပါသည်။ ထူးဆန်းပေစွ အသင်ဖေ့စ်ဘွတ်။

(၃)
တဖြည်းဖြည်း ရက်ကိုလက ဝါးမျို၊ လကို နှစ်က ဝါးမျိုကာ တစ်နှစ်ဟူသော အချိန်ကုန်လွန်ခဲ့ပြီးသကာလ ကျွန်ုပ် သည် ဖေ့စ်ဘွတ်တွင် Friend ငါးထောင်၊ Follower တစ်ထောင်နီးပါးနှင့် ဘာ တင်တင် Like 3K အထက်ရသော ဆယ်လီတစ်ပိုင်း၊ အကောင်တစ်ပိုင်း ဖြစ်နေလေပြီ။

ရှေ့မှာ ဆိုခဲ့သလို ယခုတစ်လော ဖေ့စ်ဘွတ်တွင် “ကွီး၊ ကွကိုယ်၊ ခေး (ခလိန်း)၊ ညေး၊ ညလေး…” အစ ရှိသော ဘန်းစကားတွေ ရေပန်းစားလျက် ရှိရာ ဘာကိုဆိုလိုမှန်း ကျွန်ုပ်မသိသော ကြောင့် ကိုယ့်တူကိုယ့်သား အရွယ် ငချွတ်လေးတွေထံ အောက်ကျို့ခံ မေးမြန်း ရလေသည်။ ထိုအခါ ငချွတ်လေးတွေက ဖေ့စ်ဘွတ် ရင့်မကြီး တစ်ယောက်ဖြစ်ပြီး ဒါလေးတောင် မသိရကောင်းလား အချိုး မျိုးဖြင့် မဖြေချင်သလိုလို ဖြေချင်သလိုလို ပြန်ဖြေပေးသောအခါ ကျွန်ုပ်၏ ပညာ မာနက ဟုန်းခနဲ ထတောက်ပြီး ဒင်းတို့ ကို ကဗျာတစ်ပုဒ်ဖြင့် ပြန်ကြောပစ်လိုက် ပါသည်။
” ခွီးနဲ့ ဝီးဂျား
ညညနှိပ်စက်
ကွီးအိပ်ပျက်တယ်
ထိုင်ပလေးနဲ့ ဂိုးတော့မည်”

ယခုလို ကျွန်ုပ်ကဗျာ၌ လူအများ မသိနိုင်သော ” ခွီး၊ ဝီးဂျား၊ ထိုင်ပလေး” ဟူသော ဝေါဟာရ တချို့ ပါဝင်နေသော ကြောင့် ကျွန်ုပ်အား မထီမဲ့မြင် ပြုခဲ့ကြ သော ငချွတ်လေးတွေက “အလင်းပြပါ” ဟု ဝိုင်းတောင်းဆိုကြလေသည်။

ထိုအခါ ရဟန်းတို့၏ အလိုကို ဘုရားပင် မလွန်ဆန်နိုင်ရကား ကျွန်ုပ် လည်း ငချွတ်လေးတွေကို ” ခွီး” ဟူသည် ထားဝယ်အသုံးအနှုန်းဖြစ်ပြီး “ခွေး” ကို ဆိုလိုကြောင်း၊ ” ဝီဂျား” ဟူသည် အဝေး ကပင် ကြားနိုင်သော ” လော်စပီကာ” ဖြစ် ကြောင်း၊ ” ထိုင်ပလေး” ဟူသည် ခွထိုင် ပြီး မောင်းနှင်ပါက မြင်းရိုင်းတစ်ကောင် လို ပြေးသော ” ဆိုင်ကယ်” ကို ဆိုလို ကြောင်း၊ ခွေးနှင့်လော်စပီကာ နှိပ်စက် သောကြောင့် ညည အိပ်ရေးပျက်ပေါင်း များပြီမို့ ဆိုင်ကယ် တစ်စီးဖြင့် ဝေးရာ ပြေးပြီဖြစ်ကြောင်း အလင်းပြရာ ကျွန်ုပ် ကဗျာနှင့် ကျွန်ုပ်ရှင်းချက်ကို ဖတ်ရသမျှ ဝေနေယျ အပေါင်းတို့က သာဓု အနုမော ဒနာ ခေါ်ဆိုပြီး ကျွန်ုပ်အား အတုလ ဆရာ့ဆရာကြီးဘွဲ့ ဆက်ကပ်သမှု ပြုကြ လေသတည်း။