မမလေးတို့လက်သီး

0
935

” မိန်းမတို့ အိနြေ္ဒရွှေပေးလို့မရ ” ဟူသည့် စကားပုံအားခေတ်မမီတော့ဟု မျက်ကွယ်ပြု ကျော်လွှားလာသည့် မြန်မာအမျိုးသမီးများ တစစများ လာပါပြီ။ ယခုခေတ်တွင် အမျိုးသမီး များကနေရာ၊ အလုပ်အကိုင်မရွေးအမျိုး သားများနှင့် ရင်ဘောင်တန်းလာကြပြီ။အချို့ကား သာမန်ယောင်္ကျား လေးများပင် မတက်ရဲသည့် စင်မြင့် တစ်ခု ပေါ်တက်လာကြလေပြီ..။

ယင်းစင်မြင့်ကား လက်ဝှေ့ထိုး လေးထောင့်ကြိုးဝိုင်း။ထားဝယ်မြို့တွင် အမျိုးသမီး လက်ဝှေ့သမားပြိုင်ပွဲဝင် အဆင့် ၅ ဦး၊ ဝါသနာရှင်အဆင့် ၄ ဦးတို့ကို နေ့စဉ် နီးပါး လေ့ကျင့်ပေးနေကြောင်း ထားဝယ် မြို့နယ် နည်းစနစ်မှူး ဒေါ်အေးအေးဖြိုး ကထံမှသိရသည်။

” ကျား.. ကျား.. ရှူး..ရှူး..” ဟူသည့် အားညစ်အော်ဟစ်သံများက ထိုအမျိုးသမီးငယ်များ၏ လေ့ကျင့်ရေးရုံ တွင်း သွေးကြွဖွယ် ဟိန်းညံနေတတ် ပါသည်။
သူတို့ထဲတွင် အပျိုဖော်ဝင်စ ဆယ် ကျော်သက်မှသည် ရင့်ကျက်တည်ငြိမ်စ အသက် ၂၀ ဝန်းကျင်ထိ ပါဝင်နေပါ သည်။
လက်ဝှေ့အဖွဲ့ချုပ် (ဗဟို) ပြိုင်ပွဲ လက်ရည်စမ်းပွဲတွင် ကြေးတံဆိပ်ရဖူး သော အသက် ၁၉ နှစ် အရွယ်ထားဝယ် ကနိုင်းဒါသူမပြည့်ဖိုးဝေကလည်း လက်ဝှေ့ မထိုးမီက ကြောက်ခဲ့ဖူးကြောင်း ဝန်ခံသည်။

သူမဟန်က ယခု ဆို ကျားကျား လျားလျား။ သို့သော် သူမ ယခင်ရော ယခုပါ သူမသည် သာမန်အမျိုး သမီးတစ်ဦးဟု ခံယူထားသည်။ သူငယ် ချင်းများကလည်း အမျိုးသမီးများသာ။” မိန်းကလေးအများစုက လက်ဝှေ့ ဆိုအသံကြားရုံနဲ့ ကြောက်စရာလို့ထင် ကြတယ်၊ လက်တွေ့ကစားတော့ ကြောက် စရာမဟုတ်ဘူး” ဟု ပြည့်ဖြိုးဝေက ပြော သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်း က ကော့သောင်းမြို့တွင် ပြုလုပ်သည့် မြို့နယ်ပေါင်းစုံ တံခွန်စိုက်လက်ဝှေ့ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သူ မသက်ဖူးငုံ (မြိတ် ဏွှဃ လက်ဝှေ့က လပ်) သည်လည်း စင်ပေါ်စတက်စဉ်က စိတ်လှုပ်ရှားလွန်းသဖြင့် ဒူးတုန်ခဲ့ ကြောင်း ရင်ဖွင့်သည်။သူမပါဝင်လေ့ကျင့်နေသည့် ဏွှဃ လက်ဝှေ့ကလပ်တွင် အမျိုးသမီးလက်ဝှေ့ သမား ၁၅ ဦး ရှိပြီး ၁၁ ဦးမှာ စင်ပေါ် တွင် လက်စွမ်းပြခဲ့ပြီး ဖြစ်သည်။” အမျိုးသမီးငယ်တွေက လက်ဝှေ့ ဝါသနာအရ ကစားတာများပြီး ပြိုင်ပွဲ အတွက် လေ့ကျင့်နေကြတာပါ” ဟု ယင်းကလပ် နည်းပြချုပ် ဦးစိုးသူလွင်က လေ့ကျင့်နေသည့် လက်ဝှေ့မယ်လေး များ၏ ကြည့်ရင်းပြောသည်။

မသက်ငုံဖူးကတော့ မိန်းကလေး လက်ဝှေ့ကစားသည်ကို ပတ်ဝန်းကျင်၏ဝေဖန်မှုရှိနေကြောင်း ဖွင့်ဟ၏။ သို့သော် ခေတ်ကာလ အနေအထားအရ ကိုယ်ခံပညာတတ်ထားခြင်းဖြင့် ကိုယ့် ကိုယ်ကိုကာကွယ်နိုင်မည်ဟူသော ခံယူ ချက်ဖြင့် စင်ပေါ်တက်ဖြစ်နေဦးမည် ဆိုသည်။” ကိုယ်နဲ့ ရွယ်တူမိန်းကလေးတွေ ကိုလည်း ကိုယ်ခံပညာလေး တတ်ထား စေချင်တယ်” ဟု မသက်ငုံဖူးက ပြော သည်။ထားဝယ် ကနိုင်းဒါသူ မပြည့် ဖြိုးဝေခံယူချက်ကလည်း မသက်ငုံဖူး နှင့်ထပ်တူ။

” ညီမတွေကိုတောင် သင်ခိုင်း စေချင်တယ်၊ ကိုယ်ခံပညာတတ်ထား တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာတယ်၊ ကိုယ့်ကိုစော်ကား မော်ကား ပြုလာရင်အရင်ထက် ပိုကာကွယ်နိုင်မယ် လို့ယုံတယ်” ဟု မပြည့်ဖြိုးဝေက ဆိုလေ သည်။လက်ဝှေ့ကစားနည်းသင်နေသည့် ကျောင်းသူတစ်ဦး၏ မိခင် ကော့သောင်း မှ ဒေါ်ချစ်မေကတော့ သမီးဖြစ်သူ လက်ဝှေ့ထိုးမည် ပြောလာသောအခါ အသားနာမည့်ကစားနည်းမျိုး ပေး မကစားချင်သဖြင့် တားသော်လည်း မရခဲ့ဟုဆို၏။

” သဘောမတူချင်ဘူး။တားမရ တော့ ပေးကစားဖို့ သဘောတူလိုက်တယ်၊ ကိုယ့်သားသမီးအနာတရ ဖြစ်တာမျိုး မလိုချင်သလို သူတပါးထိခိုက်အောင်လည်းမလုပ်စေချင်ဘူး” ဒေါ်ချစ်မေ၏သား (လက်ဝှေ့သင် သူ၏အစ်ကို)များကား သဘောကျကြ သည်ဟူ၏။ ဒေါ်ချစ်မေ သဘောမတူ သည်က ဒေါ်ချစ်မေတို့ခေတ် မြန်မာ့ရိုး ရာလက်ဝှေ့ဆိုက သဘာဝကျပါသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ဆိုက ခြေဗလာ လက်ဗလာခေါင်းဗလာဖြင့် အလဲအကွဲ ထိုးရ၏။

“ယောင်္ကျားမှာ အချင်း၊ မိန်းမမှာ အဆင်း” ဟူသည့် စကားပုံအရဆိုက မိန်းကလေးများ မျက်နှာကွဲ ပြဲခံ၍မဖြစ်ဟု ယူဆစရာ ရှိသည်။သို့သော် ယခုအမျိုးသမီး လက်ဝှေ့ (အများစု)ကား မြန်မာ့ရိုးရာလက်ဝှေ့ မျိုးမဟုတ်။ ဩထငညါ ခေါ် နိုင်ငံတကာ လက်ဝှေ့အားကစား။ ဖော့လက်အိပ်၊ ဖော့ခေါင်းစွပ်တို့ဖြင့် ထိုးရကာ ခြေကန်ချက်မပါ။ သို့ကြောင့် ဒေါ်ချစ်မေ ထင်ထားသကဲ့သို့ အသားမနာလှ။” အများဆုံးနာရင်မူးရုံပါပဲ” ဟု ထားဝယ်မြို့နယ်နည်းစနစ်မှူး ဒေါ်အေးအေးဖြိုးက ဆိုသည်။

သူမ၏တပည့် ကနိုင်းဒါသူ မပြည့်ဖိုးဝေကတော့ ဘ၀တွင်အနာခံရဆုံးပွဲတစ်ပွဲရှိခဲ့သည်ဟု ပြုံးစစဖြင့် ပြော၏။ ယင်းပွဲကားလေ့ကျင့်ဖော် ယောင်္ကျား လေးတစ်ဦးနှင့် လက်ရည်စမ်းလေ့ကျင့်သည့်ပွဲ။ သူမဘယ်ဘက်ပါး ညိုမဲ သွားသည်ဟူ၏။တိုင်းတွင်း လက်ဝှေ့မယ်များ သင်ကြားမှုကား အခမဲ့။ အထောက်အပံ့များ လည်းရသေး၏။စတင်သင်ယူ လေ့ကျင့်က ထောက်ပံ့ကြေးတစ်လ တစ်သောင်းခွဲ။ ပြိုင်ပွဲဝင်ဖူးပြီးသူဆိုက တစ်လသုံး သောင်းနှင့် ခရီးစားရိတ်တို့ကို တိုင်းအစိုးအရအစီအစဉ်ဖြင့် ထောက်ပံ့ပေးနေကြောင်း ဒေါ်အေးအေးဖြိုးထံမှ သိရသည်။

မြိတ်တွင်လည်း ဆုရပြီးသူတစ်ဦးလျှင် တစ်လသုံးသောင်းကျပ် စင်ပေါ်တက်ပြီး ဆုမရသေးသူနှင့် စင်ပေါ် မတက်ရသေးသူကို တစ်လလျှင်တစ်သောင်းကျပ်နှုန်း ထောက်ပံ့မှု ပေးထားကြောင်း သိရသည်။တနင်္သာရီတိုင်းတွင်း၌ အမျိုးသမီးလက်ဝှေ့သီးသန့်ပြိုင်ပွဲများ ၃ လတစ် ကြိမ်ကျင်းပနေပြီး ရုံဝင်ကြေးမရှိသော်လည်း လာရောက်အားပေးကြည့်ရှုသူ မရှိသလောက် နည်းပါးလွန်းနေသေးကြောင်း ဒေါ်အေးအေးဖြိုးက ဖွင့်ဟသည်။

” ခုခေတ်အခြေအနေအရ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်း ကိုယ်ခံပညာတစ်ခုခု တတ်အောင် သင်ထားသင့်တယ်” ဟု ဒေါ်အေးအေးဖြိုးက ပြောသည်။
တချို့အမျိုးသမီးများက လက်ဝှေ့မဟုတ်သော ဝူရှူး၊ တိုက်ကွန်ဒိုစသည့် ကိုယ်ခံပညာများကို သင်ယူနေကြသည်။ ထားဝယ်ရွှေဝယ်သီရိ အားကစားရုံတွင် ဆယ်နှစ်အောက် ကလေးမလေးများပင် တိုက်ကွန်ဒို သင်ကြားလေ့ကျင့်နေသည်ကို တွေ့နိုင်ပါသည်။သို့သော် အချို့အမျိုးသမီးများကား ယင်းဘက်သို့ လုံးဝဦးမလှည့်။

ထားဝယ်ဝေဒီရွာသူ မနန္ဒာကတော့ ကိုယ်ခံပညာနှင့်ပတ်သက်ပြီး တစ်ခုမျှ စိတ်မဝင်စားဟု ဆိုသည်။” ဝါသနာမပါဘူးလို့ ပြောလို့ရတယ်” နန္ဒာက ပြောသည်။
မည်သို့ဆိုစေ တနင်္သာရီတိုင်းတွင် ဘောင်းဘီတိုဝတ်ကာ ယောင်္ကျားလေးများနှင့်အပြိုင် လေ့ကျင့်ကြသည့် အမျိုးသမီးလေးများကို ပိုပိုတွေ့နေရပြီဖြစ်သည်။
သူမတို့(အများစု) ခံယူချက်က ကိုယ့်ကိုယ်ကို ကာကွယ်ရန်။

“မော်ဒယ်ရှိုး လျှောက်တာတွေက အရေးကြုံရင် ဘာမှလုပ်လို့မရဘူး” ဟု ကနိုင်းဒါသူ မပြည့်ဖိုးဝေက ဆိုလေသည်။