ရေလုပ်ငန်းသုံး ရေခဲများ စားသုံးရန် မသင့်ဟုဆို

0
376

ရေလုပ်ငန်းတွင် ပင်လယ်ငါးများ ကို လတ်ဆတ်မှုရှိစေရန် အသုံးပြုသည့် ရေခဲများကို စားသုံးရန် မသင့်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA) ထံမှ သိရသည်။

ယင်းရေခဲများသည် သားငါးနှင့် အစားအသောက်များကို အအေးပေးရန် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်သည့် အတွက်သန့်ရှင်းမှုမရှိဟု FDA တိုင်း တာဝန်ခံ ဆရာဝန်က ဆိုသည်။သန့်ရှင်းသည့် ရေခဲမဟုတ်သဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်စေသည့် ရောဂါ ပိုးနှင့် အစာအဆိပ်သင့်စေသည့် ရောဂါ ပိုး အစရှိသည့် ရောဂါပိုးများ အများဆုံး ပါဝင်နိုင်ပြီး စားသုံးပါက ကျန်းမာရေး အတွက် အန္တရာယ်ဖြစ်လာ နိုင်ကြောင်း FDA တိုင်းတာဝန်ခံ ဒေါက်တာ ဟိန်း မင်းထက်အောင်က ပြောသည်။

ထားဝယ်ဒေသရှိ အအေးဆိုင် အများစုတွင် လုပ်ငန်းသုံး ရေခဲဖြင့် အအေး၊ အဖျော်ယမကာ များကို တည် ခင်းရောင်းချလေ့ရှိပြီး စားရေခဲ (ရေသန့် ရေခဲ) အသုံးပြုသည့်ဆိုင်မှာ အနည်းစု သာရှိသည်။” စားရေခဲက ရေရှည်ထားမခံဘဲ အရည်ပျော်သွားလို့ ရိုးရိုးရေခဲနဲ့ပဲ ရောင်း နေတာ” ဟု ထားဝယ်မြို့တွင် ကြံရည်နှင့် အအေးများ ရောင်းချနေသည့် ဒေါ်ခင်စန်း က ပြောသည်။

ရိုးရိုးရေခဲ(လုပ်ငန်းသုံး)များမှာ ရေ ရှည်အထားခံပြီး စားရေခဲမှာမူ ရေခဲ သေတ္တာတွင် ထည့်သွင်းအသုံးပြုမှသာ ရေရှည်အထားခံသည့်အတွက် တွက်ခြေ မကိုက်ဟု ဒေါ်ခင်စန်းက ဆိုသည်။ထားဝယ်ဒေသနေ ပြည်သူအများစု အနေဖြင့် သန့်ရှင်းသည့် စားရေခဲ စား သောက်မှုဓလေ့ နည်းပါးနေဆဲ ဖြစ်သည်။