ကမ်းနီးငါးဝင်ဖမ်းသည့် ကမ်းဝေး ငါးဖမ်းလှေ ၂ စီးဖမ်းမိ

0
550

ကမ်းနီးရေပြင်တွင် ငါးဝင်ဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေ ၂ စီးကို မတ်လ ၁၅ ရက်က ဖမ်းမိထားကြောင်း မြိတ် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကျွန်းစုမြို့နယ် ဒုံးကျွန်းအနောက် ဘက် ကမ်းနီးရေပြင်တွင် ငါးဖမ်းနေ သည်ဟု ဒေသခံလှေငယ်များ၏ သတင်း ပေးပို့အချက်အရ ကမ်းခြေစောင့်တိုက်ရေ ယာဉ်က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းနီးရေပြင်တွင် ကမ်းဝေး ငါး ဖမ်းလှေများ ငါးဝင်ဖမ်းပါက ဒဏ်ငွေပေး ဆောင်စေခြင်း၊ ငါးဖမ်းခွင့်ကို အချိန် ကာလသတ်မှတ်ပြီး ရပ်နားစေခြင်း၊ ငါးဖမ်းလိုင်စင်နှင့် စက်လှေ သိမ်းသည် အထိ အရေးယူခြင်းတို့ ပြုလုပ်နိုင်သည် ဟု အထက်ပါဌာန တာဝန်ရှိသူက ပြော သည်။
” ဒဏ်ငွေချမှတ်တာက ရုံးချုပ်က ချမှတ်မှာပါ။ ခုဖမ်းမိတဲ့လှေတွေကို ဘယ်လောက်ချမှတ်မလဲဆိုတာ အတိ အကျတော့ မပြောတတ်သေးဘူး” ဟု ၎င်းက ဆိုသည်။

ယင်းငါးဖမ်းလှေ ၂ စီးအား အရေး ယူနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရ သည်။
လှေသားများ၏ ထွက်ဆိုချက်အရ ဖမ်းမိ လှေ ၂ စီးအနက် အောင်မိုးသိန်း ၇၂ ငါးဖမ်းလှေမှာ မြိတ်မြို့နေ ဦးဝင်း မြင့်ဆိုသူ ပိုင်ဆိုင်ပြီး အောင်ချမ်းသာ ၁ ငါးဖမ်းလှေမှာ သီတာရေလုပ်ငန်း ကုမ္ပဏီပိုင် ငါးဖမ်းလှေများဖြစ်ကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကမ်းဝေးငါးဖမ်းလှေများသည် ညအချိန်တွင် ကမ်းနီးရေပြင်တွင် ဝင်ရောက်ငါးဖမ်းဆီးမှုများကို မကြာ မကြာ မြင်တွေ့နေရကြောင်း ကျွန်းစုမြို့ နေ ရေလုပ်ငန်းလုပ်ကိုင်သူ တချို့က ပြောသည်။

မြိတ်မြို့တွင်၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း ယခု ဖမ်းမိသည့် ငါးဖမ်း လှေ ၂ စီးအပါအဝင် ကမ်းနီးငါးဝင် ဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေ ၅ စီးကို ဖမ်းဆီးရမိထားပြီး ဖြစ်ကြောင်း အထက် ပါဌာနမှ သိရသည်။