လိုင်စင်မဲ့ ဆိုင်ကယ်များ ယခုနှစ် အတွင်း ဒေသလိုင်စင်ရမည်

0
486

တနင်္သာရီတိုင်းအတွင်းရှိ လိုင်စင် မဲ့ဆိုင်ကယ်များကို ၂၀၁၇ ခုနှစ်အတွင်း ဒေသလိုင်စင်လုပ်ပေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။လိုင်စင်မဲ့ ဆိုင်ကယ်များဖြင့် ဥပဒေ ဖောက်ဖျက်မှုတစ်ခုခု ကျူးလွန်ပါက ဖမ်းဆီးအရေးယူမှု လွယ်ကူပြီး တရားဥပဒေ စိုးမိုးမှုရှိစေရန် ယင်းကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ကို ဒေသလိုင်စင် လုပ်ပေးရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ချေ လုပ်ငန်းအစီအမံများကို အစီရင်ခံစာ တင်ခိုင်းထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆို သည်။” ကညနဘက်က စီမံချက် တင်လာ လို့ရှိရင် ကျွန်မတို့ဘက်က မကြာပါဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။

အချက်အလက်များ စုဆောင်း နေသည်မှာ ပြီးသလောက်နီးပါး ရှိနေ ပြီဖြစ်သည့်အတွက် စီမံချက်မူကြမ်းကို လာမည့်အပတ်တွင် တိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) ဦးစီးမှူး က ဆိုသည်။
” ဒီလိုင်စင်က တိုင်းထဲမှာပဲ သွား လာခွင့်ရတဲ့ လိုင်စင်ပါ”ဟု ကညန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိန်က ပြောသည်။ယခုလုပ်ပေးရန် စီစဉ်နေသည့် လိုင်စင်အက္ခရာမှာ “TNI” ဖြစ်လာနိုင် သည်ဟု ၎င်းက ဆိုသည်။အခွန်နှုန်းထား သတ်မှတ်ရန် အတွက် လက်ရှိလိုင်စင်ထုတ်ပေးနေ သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က ပြောသည်။ရှမ်းပြည်နယ်အတွင်း လိုင်စင် ထုတ်ပေးရာတွင် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တစ်စီးလျှင် အနည်းဆုံး ၃ သောင်းဝန်းကျင်နှင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တစ်စီးလျှင် အများဆုံး သုံးသိန်းခွဲခန့် ကျသင့်ကြောင်း မတ်လ ၆ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိတွင်မူ တနင်္သာရီတိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းမိပါက ရာဖြတ်အဖွဲ့က သတ်မှတ်သည့် ပေါက် ဈေး၏ ၅၀ ရာခိုင်နှုန်းကို အခွန် ဒဏ်ကြေးအဖြစ် ပေးသွင်းရပြီး ကညန ရုံးတွင် TNI အက္ခရာဖြင့် ဒေသတွင်း လိုင်စင် ထုတ်ပေးလျက်ရှိသည်။ထုတ်ပေးမည့် ဒေသလိုင်စင်များ ကိုမူ ရာဖြတ်အဖွဲ့က သတ်မှတ်သည့် ပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်းအောက် လျော့နည်းနိုင်ရန် မျှော်မှန်းထားသည်ဟု ဝန်ကြီးချုပ်က ဆိုသည်။၂၀၁၄ ခုနှစ် ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးစဉ်က အမြင့်ဆုံး ဆိုင်ကယ် လိုင်စင်ကြေးမှာ ၁ သိန်းကျပ်ခွဲသာ ကျသင့်ခဲ့သည်။

သို့သော် ယခုပြုလုပ်ပေးမည့်ဒေသ ပေါက် လိုင်စင်အတွက်မူ ရာဖြတ်ဈေး၏ တစ်ဝက်နီးနီးဆိုပါက ၅ သိန်းကျပ် ဝန်းကျင်ကျသင့်မည်ဖြစ်သဖြင့် ဈေးများ လွန်းသည်ဟု ထားဝယ်မြို့ခံ ဆိုင်ကယ် ပွဲစားတစ်ဦးက ဆိုသည်။” ငွေမတတ်နိုင်တဲ့လူတွေပဲ ဘလိုင်း (လိုင်စင်မဲ့ဆိုင်ကယ်) ဝယ်စီးကြတာ လေ၊ ဒါကို လိုင်စင်ကြေးများများ ဆောင်ခိုင်းရင် လာမလုပ်ကြမှာ စိုးရတယ်” ဟု ၎င်းက ပြောသည်။

ဆိုင်ကယ်အရောင်းကုမ္ပဏီများက ပြုလုပ်ပေးနေရသည့် လိုင်စင်ကြေးမှာ ထားဝယ်တွင် အရောင်းအသွက်ဆုံး ၂၀၁၇ နောက်ဆုံးပေါ် ထိုင်းကလစ် ဆိုင်ကယ်တစ်စီးလျှင် ၄ သိန်းအောက် ကုန်ကျကြောင်း ထားဝယ်ဆိုင်ကယ် ဈေးကွက်အတွင်းမှ သိရသည်။ ” နှစ်သိန်း နှစ်သိန်းခွဲလောက်ပဲ ဖြစ်စေချင်တယ်။ လေးငါးသိန်း ဆိုရင် တော့ လုပ်နိုင်မှာမဟုတ်ဘူး” ဟု လိုင်စင်မဲ့ ဃူငခု ဆိုင်ကယ်စီးနေသည့် မြို့ခံ လူငယ်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် လိုင်စင်မဲ့ ဆိုင် ကယ်အများစုကို ဆိုင်ကယ် အရောင်း ဆိုင်များက ရောင်းချနေကြပြီး ၎င်းကို ထိန်းချုပ်နိုင်ရန်အတွက် လိုင်စင်ထုတ် ပေးရန်စီစဉ်နေခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ် က ဆိုသည်။လိုင်စင် ထုတ်ပေးပြီးပါက လိုင်စင်မဲ့ ရောင်းချနေသည့် ဆိုင်များကို စိစစ်အရေး ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ဆိုင်ကယ် အရောင်းဆိုင်ကြီး အများ စုကမူ လိုင်စင်မဲ့ဆိုင်ကယ် တင်မရောင်း ဟု ဆိုကြသည်။

“လက်ရှိက ဆိုင်ကယ် Show Room အကြီးတွေ နာမည်ကို အသုံး ချပြီး ဆိုင်ကယ်အရောင်းဆိုင် သေးသေး လေးတွေက ဘလိုင်း (လိုင်စင်မဲ့ ဆိုင်ကယ်) တွေ အကြီး အကျယ် ဖြန့်ဖြူးနေတယ်” ဟု TZA ဆိုင်ကယ် အရောင်းဆိုင် တာဝန်ရှိသူက ပြောသည်။တနင်္သာရီတိုင်းအတွင်းသို့ မြိတ် မောတောင်လမ်း၊ ရေးလမ်းတို့မှ လိုင် စင်မဲ့ဆိုင်ကယ်များ ဝင်ရောက်လျက်ရှိပြီး ထီးခီးလမ်းကလည်း အနည်းငယ် ဝင် သည်ဟု ဆိုင်ကယ်လုပ်ငန်းရှင်များက ပြောသည်။

လိုင်စင်ဈေး အနည်း အများပေါ် မူတည်ကာ လိုင်စင်မဲ့ဆိုင်ကယ်ဈေး အတက်အကျ ကစားနိုင်ကြောင်း ပွဲစား များက သုံးသပ်ကြသည်။
တိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ် များကို ပြီးခဲ့သည့် ၁၉၉၉ ခုနှစ်တွင် ခရိုင်အလိုက် ထ၀၊ မမ ၊ ကသ ဟူ၍ လုပ်ပေးခဲ့ဖူးပြီး မြန်မာနိုင်ငံတစ်ဝန်း စီးခွင့်ရှိသည့် ” ယ” အက္ခရာကို ၂၀၀၉ ခုနှစ်တွင် ပြင်ဆင်ထုတ်ပေးခဲ့ကြောင်း ကညနရုံးမှ သိရသည်။

တိုင်းအတွင်း လိုင်စင်ရှိဆိုင်ကယ် နှစ်သိန်းနီးပါးရှိပြီး ထားဝယ်ခရိုင်တွင် ၉၂၄၃၆ စီး၊ မြိတ်ခရိုင်တွင် ၇၈၈၉၉စီး နှင့် ကော့သောင်းခရိုင်တွင် ၁၉၅၃၁ စီးရှိကြောင်း တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။