မြို့နယ်လေးခု ဖွံ့ ဖြိုးမှု နည်းပါးဇုန်အဖြစ် သတ်မှတ်

0
365

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်က ထုတ်ပြန်ကြေညာခဲ့သည့် ဖွံ့ဖြိုး မှု နည်းပါးသည့် ဇုန်အမျိုးအစား သတ်မှတ် ရာတွင် တိုင်းအတွင်းရှိ မြို့နယ် ၄ ခု ပါဝင်နေသည်။ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက် သာခွင့်ပြုရန် ဇုန်အမျိုးအစား သတ်မှတ် ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က ကြေညာခဲ့သည်။
တိုင်းအတွင်း သရက်ချောင်း၊ ပုလော၊ တနင်္သာရီနှင့် ခမောက်ကြီး မြို့နယ်တို့ကို ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများအဖြစ် သတ်မှတ်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် ဇုန်သတ် မှတ်ချက်ကိုသာ ဖော်ပြပြီး မည်သည့် ဇုန်တွင် ပါဝင်သည့် မြို့နယ်များကို မည် သို့ အခွန်ကင်းလွတ် ခွင့်ပြုမည်ဟူသည့် ရှင်းလင်းသည့် သတင်းအချက်အလက် မပါဝင်ပေ။အဆိုပါကိစ္စ တနင်္သာရီတိုင်း ဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ညွှန်ကြားချက် မရောက်သေးဟု ပြောသည်။

” ရောက်လာရင်လည်း တိုင်းအစိုးရ ကို ချက်ချင်းတင်ပြသွားမှာပါ ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။တိုင်းအတွင်းရှိ မြို့နယ် ၇ ခု ဖြစ်သည့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်း မြို့နယ်များကို ဖွံ့ဖြိုးမှု အသင့်အတင့်ရှိ ဒေသများအဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သည် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀(ခ)အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၇၅(က)ပါ ဝင်ငွေကင်းလွတ်ခွင့်၊ သက် သာခွင့်တို့ပြုရန်အလို့ငှာ ဖွံ့ဖြိုးမှုနည်း ပါးသော ဒေသများကို ဇုန် ၁ အဖြစ် သတ်မှတ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။

ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသများကို ဇုန် ၂ အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသောဒေသများကို ဇုန် ၃ အဖြစ် လည်းကောင်း ထုတ်ပြန်ကြေညာခဲ့သည်။