တစ်ယူနစ် ကျပ် ၂၀၀နှင့် သတိပြုဖွယ်ရာ

0
470

Global Grand ကုမ္ပဏီက လိုင်းပေါ်တင်ဈေး တစ်ယူနစ် ကျပ် ၁၃၀ နဲ့ တင်ဒါအောင်သွားတယ်လို့ သိရပါ တယ်။
ဒီဈေးနဲ့ အမှန်တကယ် လိုင်းပေါ် တင်ပေးနိုင်မယ် ဆိုရင်တော့ ဝမ်းသာစရာ ပါ။ လိုင်းပေါ်ကို ကျပ် ၁၃၀ နဲ့ တင်ပေး နိုင်ရင် ပြည်သူဆီကို ရောင်းတဲ့ဈေးက ကျပ် ၂၀၀-၂၁၀ ထက် မပိုနိုင်ပါဘူး။ကြိုဆိုရမှာ ဖြစ်ပါတယ်။

တင်ဒါဖိတ်ခေါ်စဉ်က ကိုယ်တိုင် လည်း ပါဝင်တက်ရောက်ခဲ့တဲ့အတွက် မီးသုံးသူများ သိရှိနိုင်အောင် အချက် အလက်အချို့ကို့ တင်ပြဆွေးနွေးသွားပါ မယ်။
တင်ဒါအတွက် စည်းကမ်းချက် / ပေးထားချက်တွေကတော့…

၁။ လက်ရှိသဘာဝဓာတ်ငွေ့ တစ်နေ့ ကုဗပေ ၁ သန်းအတွက် ကုဗပေ ၁၀၀၀ ကို ၇ ဒေါ်လာခွဲဈေးနဲ့ ဝယ်ယူခွင့် ရနေတယ်။
၂။ ၂၀၁၇ ဇူလိုင်လတွင် တစ်နေ့ ကုဗပေ ၂ သန်း ဝယ်ယူခွင့် ရနိုင် တယ်။ မူလအတိုင်း ၁သန်းတည်းလည်း ဖြစ်နိုင် တယ်။
၃။ ထားဝယ်ခရိုင်တစ်ခုလုံးအတွက် လိုအပ်တဲ့ မဂ္ဂါဝပ်အတိုင်း ပြည့်မီအောင် FO (သို့) ဒီဇယ်စက်နဲ့ ထပ်မံဖြည့်စွက်ပြီး လျှပ်စစ်ထုတ်ပေးရမယ်။
၎။ တင်ဒါအောင်တဲ့ ကုမ္ပဏီက ဂက်စ်င်္ယဥယ ဒီဇယ်အင်ဂျင်များကို ကံပေါက်မှာ လုံလောက်စွာ ထားရှိရမယ်။ ထားဝယ်ခွဲရုံမှာလည်း အရန်စက်တွေ ထားရှိရမယ်။
၅။ ဒေါ်လာဈေးနဲ့ FO/Diesel ဈေး တက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ယူနစ်ဈေး မပြောင်းလဲဘဲ ပုံသေဈေး နဲ့သာ သတ်မှတ်ရမယ်။
၆။ အထက်ပါပေးထားချက်တွေကို အခြေခံပြီး တင်ဒါတင်သွင်းတဲ့ ကုမ္ပဏီ အနေနဲ့ လိုင်းပေါ်တင်ပေးနိုင်တဲ့ အနိမ့် ဆုံး ဈေးနှုန်းတစ်ခုတည်းကိုသာ ကျပ်ငွေ နဲ့ တင်သွင်း ယှဉ်ပြိုင်ရမယ်။

အထက်ဖော်ပြပါ အချက်အလက် တွေက တင်ဒါပြိုင်ဖို့ ဖိတ်ခေါ်ခံရတဲ့ ကုမ္ပဏီ ၄ ဖွဲ့ရှေ့မှာ ဒု တိုင်းလျှပ်စစ် အင်ဂျင်နီယာက နှုတ်နဲ့ပြောပြ၊ ရှင်းပြ ချက်များကို လိုက်လံမှတ်သားထားချက် များ ဖြစ်ပါတယ်။ တင်ဒါတင်သွင်းပြီး တစ်လခန့်အကြာမှာတော့ Global Grand ကုမ္ပဏီက လိုင်းပေါ်တင်ဈေး တစ်ယူနစ် ကျပ် ၁၃၀ နဲ့ အောင်မြင်သွား ကြောင်း သိရှိရပါတယ်။

တင်ဒါစည်းမျဉ်းများအရ . . .
MOGE မှ ဂက်စ် တစ်နေ့ ကုဗပေ ၁ သန်း / ၂ သန်းကိုသာ ရောင်းပေး မှာဖြစ်ပြီး တင်ဒါအောင်မြင်သူက တစ် ယူနစ်ကျပ် ၁၃၀ ဈေးနဲ့ မီးသုံးသူ လိုအပ် သလောက် ထုတ်ပေးရမှာ ဖြစ်ပါတယ်။မီးသုံးသူကလည်း နေ့နေ့ညည သူတို့ကြိုက်သလိုသုံးပြီး ကျသလောက်ပဲ ရှင်းရမှာပါ။ ဖြန့်ဖြူးသူကလည်း လိုင်း ပေါ်တင်တဲ့ Main မီတာမှ ကျသင့် ယူနစ်ကိုသာ တစ်ယူနစ် ကျပ် ၁၃၀ နှုန်း နဲ့ ရှင်းပေးရမှာ ဖြစ်ပါတယ်။

လျှပ်စစ်ထုတ်လုပ်သူနဲ့ ဖြန့်ဖြူးသူ နှစ်ဘက်ဟာ အဆိုပါ လိုင်းပေါ်တင် မီတာပေါ်မှာပြတဲ့ ဂဏန်းတစ်ခုတည်းကို သာကြည့်ပြီး ငွေပေးချေရမှာ ဖြစ်ပါ တယ်။ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ Standard မီတာဖြစ်အောင် ကြိုတင် စစ်ဆေး အတည်ပြုထားဖို့ အလွန် အရေးကြီးပါတယ်။
နောက်တစ်ခု အရေးကြီးတာက Load Bank သုံး ယူနစ်ကိစ္စ ဖြစ်ပါ တယ်။

Load Bank ဟာ ရွာငယ်တစ်ရွာ သုံးတဲ့ယူနစ်နဲ့ ညီမျှပါတယ်။ လိုင်းပေါ် မတင်ခင် သုံးရတဲ့ ပစ္စည်းဖြစ်လို့ ကြိုတင် ပြောမထားရင် အငြင်းပွားရနိုင်ပါတယ်။
အရေးကြီးဆုံးကတော့ တင်ဒါ အောင်တဲ့ကုမ္ပဏီအနေနဲ့ ကတိတည်ဖို့ လိုပါတယ်။ မူလကတိအတိုင်း ၂၀၁၇ ခု ဇူလိုင်လမှာ ကျပ် ၁၃၀ ဈေးနဲ့ လိုင်းပေါ်တင်နိုင်အောင် တိတိကျကျ တာဝန်ယူ ရပါမယ်။ အကယ်လို့ အချိန်မီ မပြီး လျှင်ဖြစ်စေ၊ ပျက်ကွက်မှုရှိခဲ့လျှင် ဖြစ်စေ အလျော်အစား ရှိရပါမယ်။
တကယ်လုပ်ကိုင်ခွင့် ရပြီးကာမှ..

-ဟို/ဒီအကြောင်းပြပြီး ၁၃၀ ထက်ပိုယူခြင်း၊
-တခြားနည်းနဲ့ ငွေလှည့်ယူခြင်း၊
-ဟို / ဒီကိစ္စ ထည့်မတွက်မိလို့ ဆိုပြီး ပြန်ပြင်တောင်းဆိုခြင်း
-အနစ်နာခံထားပါတယ်ဆိုပြီး အခြား အခွင့်အရေးတောင်းခြင်း မျိုးတွေ ဖြစ်မလာစေဖို့ စာချုပ်စာတမ်းနှင့်တကွ လုပ်ထားရပါမယ်။

အတိတ်ကသမိုင်းကို သင်ခန်းစာယူ သုံးသပ်နိုင်အောင် တင်ပြခြင်း ဖြစ်ပါ တယ်။စီမံထားသည့်အတိုင်း ဖြစ်မလာ ခဲ့ရင် လက်ရှိအစိုးရအဖွဲ့ရဲ့ ပုံရိပ်ကို ထိ ခိုက်စေနိုင်ပါတယ်။တနင်္သာရီဂျာနယ်မှာ တစ်ယူနစ် ကျပ် ၂၀၀ ဝန်းကျင်နဲ့ရမယ်ဆိုပြီး ပါလာ ကတည်းက ပြည်သူအများစုက သံသယ ဝင်နေကြဆဲပါ။ ဘာဖြစ်လို့လဲဆို တော့.. ယခင်အစိုးရ အဆက်ဆက်က ဒီစကား မျိုး အကြိမ်ကြိမ် ပြောဖူးခဲ့ပြီး ဖြစ်မလာ ခဲ့လို့ပါပဲ။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ကာလက ကော့သောင်းမြို့မှာ တစ်ယူနစ် ၂၀၀ နဲ့ရအောင် လုပ်ပေးမယ် ဆိုပြီး မဲဆွယ်ခဲ့ကြပါတယ်။
မဲနိုင်ပြီးတာနဲ့ ၈ မဂ္ဂါဝပ် ပုဂ္ဂလိက ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့် ပြုခဲ့ပါတယ်။ တကယ် တမ်း စက်ရုံလည်ပတ်တဲ့ အခါ ကျတော့ အားလုံးသိကြတဲ့အတိုင်း တစ်ယူနစ် ကျပ် ၃၀၀ ကျော် ဖြစ်နေတယ်။ ( ပတ် ဝန်းကျင်ထိခိုက်မှု အပိုင်းကို ခဏထားပြီး ဈေးနှုန်းကိစ္စကိုပဲ ဆွေးနွေးသွားပါမယ်။) မီးသုံးသူတွေက ကတိခံထားတဲ့အတိုင်း တစ်ယူနစ် ကျပ် ၂၀၀ နဲ့ ရောင်းချပေးဖို့ ဖိအားပေးကြပါတယ်။ ဓာတ်အားပေး စက်ရုံ ရင်းနှီးမြှုပ်နှံသူဘက်ကလည်း ကော့သောင်းမီးသုံးအားအရ ကျပ် ၂၀၀ သို့ လျှော့ချလို့မရတဲ့ အခြေအနေ ဖြစ်နေ တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ သင်ခန်းစာယူစရာဖြစ်လို့ အရှိအတိုင်း သုံးသပ်ဖို့ လိုပါတယ်။

အဓိကကတော့ အစကတည်းက သီအိုရီတစ်ခုတည်းကိုကြည့်ပြီး မြေပြင် က လက်တွေ့အခြေအနေကို မေ့ထားကြ လို့ပါပဲ။ အဲဒီကာလက ကော့သောင်းမြို့ရဲ့ မီးသုံးအားဟာ ညဘက်မှာ အမြင့်ဆုံး ၃ မဂ္ဂါဝပ်သာရှိပြီး နေ့ခင်းဘက်မှာတော့ ၁.၅ မဂ္ဂါဝပ်ခန့်သာ ရှိပါတယ်။ တည် ဆောက်ထားတာက ၈ မဂ္ဂါဝပ် ဓာတ်အား ပေးစက် တစ်လုံးတည်း ဖြစ်နေတယ်။ ၃ မဂ္ဂါဝပ်လိုလည်း ဒီစက်၊ ၁.၅ မဂ္ဂါဝပ် လိုလည်း ဒီစက်တစ်လုံးတည်းကိုပဲ နှိုးရ တဲ့အခါ ထုတ်လုပ်မှုစရိတ်ကို လျှော့ချလို့ မရနိုင်ပါဘူး။ အမှန်က ကော့သောင်းမီး သုံးအားအရ ဆိုရင် ၃ မဂ္ဂါဝပ်တစ်လုံးနဲ့ ၂ မဂ္ဂါဝပ်နှစ်လုံး ဖြစ်အောင် စီမံထားမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဆီကို လျှပ်စစ်ကဏ္ဌ ရင်းနှီးမြှုပ်နှံလိုသူတွေ လစဉ် အဖွဲ့ပေါင်း များစွာ ရောက်လာလေ့ ရှိပါတယ်။ အားလုံးနီးပါးဟာ ဖြတ်ပိုင်းပြန်မလာ ချည်းပါပဲ။ တစ်ခါလာပြီး နောက်တစ် ကြိမ် ထပ်ပေါ်မလာတော့ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဒီဒေသမှာ ရင်းနှီးမြှုပ်နှံဖို့ အခြေခံလိုအပ်ချက်တွေ များနေဆဲမို့ လို့ပါ။ နေ့နဲ့ည မီးသုံးအား ကွာခြားမှု များနေခြင်းဟာလည်း လျှပ်စစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေကို အခက်တွေ့စေပါ တယ်။ ဒီလိုကွာခြားရခြင်းကတော့ အခြားဒေသမှာလို စက်မှုလုပ်ငန်းတွေ သိပ်မထွန်းကားသေးလို့ပါ။ နေ့ဘက်မှာ ဆို ဒေသပြည်သူတွေက လယ်ထဲဆင်း၊ အလုပ်ခွင်ထဲ သွားကြလေတော့ အိမ်မှာ မီးသုံးမယ့်သူမရှိဘူး။

တနင်္သာရီတိုင်းမှာ မီတာခ ဈေးများ တော့ စက်မှုလုပ်ငန်းတွေ မထွန်းကား၊ စက်မှုလုပ်ငန်းတွေ မထွန်းကားတော့ ဈေးသက်သာမယ့် လျှပ်စစ်စက်ရုံကြီးတွေ လာမဆောက်၊ ဂျာအေးသီချင်းလို ဖြစ် နေရဆဲပါပဲ။ ဒီလို လုံးချာလိုက်နေတာကို အဖြေရှာဖို့ လိုအပ်ပါတယ်။လက်ရှိအစိုးရအဖွဲ့အနေနဲ့ ” ပြည်သူ က သဘောမတူရင် မလုပ်ပါဘူး” ဆိုတာ ချည်း ပြောနေရုံနဲ့ မလုံလောက်ပါဘူး။ ကန့်ကွက်သူမရှိတဲ့ စီမံကိန်းမျှကိုသာ အကောင်အထည်ဖော်မယ် ဆိုရင်တော့ ၅ နှစ်သက်တမ်းသာ ကုန်သွားမယ် ဘာမှလုပ်လိုက်ရမှာ မဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ ဘာစီမံကိန်း လုပ်လုပ် ကန့်ကွက်တဲ့သူကတော့ အမြဲရှိနေမှာပါ ပဲ။ ကန့်ကွက်သူက သူ့တို့အလုပ် သူတို့ လုပ်တာပါ။

ဒေသအတွက် အမှန်တကယ် အကျိုးရှိမယ်၊ မဖြစ်မနေ လုပ်ရမယ့် စီမံကိန်းမျိုးလည်း ဖြစ်တယ်၊ သဘာဝ ပတ်ဝန်းကျင် ဥပဒေနဲ့အညီ လုပ်မယ် ဆိုတဲ့ စီမံကိန်းမျိုးဆိုရင်တော့ ရဲရဲလုပ်ဖို့ အကြံပြုလိုပါတယ်။ ဒါမျိုးကိုမှ ကန့်ကွက် ဆန္ဒပြသူ ပေါ်လာရင်လည်း လျစ်လျူရှုပြီး ” ဟစ်တိုင်ကွင်း” ကိုပဲ နည်းနည်းချဲ့ပေး လိုက်ရုံပါ။ထားဝယ်ခရိုင်အတွက် ၁၃၀ ဈေးနဲ့ လိုင်းပေါ်ရောက်လာ တော့မယ်။ လိုင်း ပေါ်မှ ၁၃၀ ဈေးနဲ့ဝယ်ပြီး ပြန်လည်ဖြန့် ဖြူးမယ့် ကုမ္ပဏီကို တင်ဒါပုံစံ ခေါ်ယူ ယှဉ်ပြိုင်စေမယ်ဆိုလို့ ကြိုဆိုပါတယ်။

လျှပ်စစ်လုပ်ငန်းစဉ်မှာ produ-ction, transmission , distribution (ထုတ်၊ပို့၊ဖြန့်)ဆိုပြီး သုံးပိုင်းရှိပါတယ်။ ကဏ္ဍတစ်ခုကို အဖွဲ့တစ်ခုစီ တာဝန်ယူ တာနဲ့စာရင်၊ production ကတစ်ဖွဲ့ transmission + distribution (ပို့၊ဖြန့်)က တစ်ဖွဲ့လုပ်တာက ပိုပြီးရှင်း လင်း လွယ်ကူပါတယ်။ တာဝန်ရှိသူတွေ ဘက်က ကြည့်ရင်လည်း အဖွဲ့နည်းလေ ကွပ်ကဲရ လွယ်ကူလေပဲ ဖြစ်ပါတယ်။ အဆင့်များလေ၊ ဈေးမြင့်လေ၊ ထိန်းချုပ်ရ လက်ဝင်လေပဲ ဖြစ်ပါတယ်။

ဖြန့်ဖြူးရေး (ပို့+ဖြန့်) အပိုင်းကို တင်ဒါရွေးချယ်တဲ့အခါ ဈေးနှုန်း သက်သာတာ တစ်ခုတည်းကို ကြည့်ပြီး ရွေးချယ်တာမျိုး မဟုတ်ဘဲ ကုမ္ပဏီရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ဝန်ဆောင်မှု တန်ဖိုး ကိုပါ ထည့်သွင်းစဉ်းစားပြီး ရွေးချယ် သင့်ပါတယ်။ တင်ဒါမှာ ဈေးနည်းနည်းနဲ့ တင်သွင်းပြီး အခြားနည်းနဲ့ လှည့်ပတ်ပြီး ငွေယူတာမျိုး၊ ပညာပြတာမျိုး နဲ့ ကြုံရ တတ်ပါတယ်။ လက်တွေ့လည်း ကြုံခဲ့ ရတဲ့သာဓကတွေ ရှိနေပါတယ်။တနင်္သာရီတိုင်းမှာ ၂၄ နာရီ မီးရ နေတာ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်ကတည်းက ဖြစ်ပါတယ်။ လက်ရှိပြည်သူတွေ လိုအပ် နေတာက ဈေးပေါတာ တစ်ခုတည်း မဟုတ်ဘဲ အရည်အသွေးပြည့်ဝပြီး ဝန် ဆောင်မှုကောင်းတဲ့ လျှပ်စစ်မျိုးကို လိုချင်ကြတာပါ။

မကြာခင် ထားဝယ်-သရက်ချောင်း၊ ထားဝယ်-လောင်းလုံ၊ ထားဝယ်-ရေဖြူ၊ ထားဝယ်-မေတ္တာ (၃၃ကေဗွီ) ဓာတ် အားလိုင်းကြီး လေးလိုင်းပြီးမြောက် ပါတော့မယ်။ ဒီ ၃၃ လိုင်း လေးလိုင်း ပြီးပြီဆိုရင် အဲဒီမြို့တွေရဲ့ ပတ်ပတ်လည် မိုင် ၂၀ ဝန်းကျင်ကို ၁၁ ကေဗွီလိုင်းနဲ့ ဆက်ဆွဲလို့ရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘတ်ဂျက် ၁၁၀၀၀ ဗို့၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း သစ်တွေကလည်း ၂-၃ လအတွင်း ပြီးပါတော့မယ်။ အဲဒီအခါ ကျရင် ဓာတ်အားလိုင်းကွန်ရက်က အလွန် ကျယ်ပြန့်သွားပါတော့မယ်။ ထားဝယ်ခရိုင် လျှပ်စစ်ကဏ္ဍအတွက် မည်သူက လုပ်ကိုင်ခွင့်ရသည်ဖြစ်စေ မီးသုံးသူ ပြည်သူများ စိတ်အေးချမ်းသာ စွာ မီးသုံးခွင့်ရရေးက ပိုမိုအရေးကြီးပါ တယ်။

ထားဝယ်ခရိုင်မှာ တစ်ယူနစ် ကျပ် ၂၀၀ လောက်နဲ့ ရတာတော့ ဟုတ်ပါပြီ။ ” မြိတ်နဲ့ ကော့သောင်း ခရိုင်တွေမှာ ယူနစ်ဈေးကျအောင်ရော မလုပ်နိုင်တော့ ဘူးလား”မးစရာ ရှိလာပါတယ်။ မြိတ်နဲ့ ကော့သောင်းအတွက်ကိုတော့ ပြည်ထောင်စု အစိုးရက လုပ်ပေးမှ ရမှာ ပါ။ ပြည်ထောင်စုအစိုးရက လုပ်ပေးနိုင် အောင်ဆိုရင် နေပြည်တော်ရောက် ကိုယ်စားလှယ်တွေက လွှတ်တော်မှာ အချက်အလက်နဲ့ အကွက်ကျကျ တောင်း ဆိုတင်သွင်း ရမှာပါ။
မတ်လ ၁ ရက်က လျှပ်စစ်နှင့် စွမ်းအင် ပြည်ထောင်စု ဒုဝန်ကြီး ဒေါက် တာထွန်းနိုင်က ” မဟာဓာတ်အားလိုင်းမှာ တစ်ယူနစ် သုံးတိုင်း ဌာနက၂၃ ကျပ် စိုက်ပေးနေရတယ်” လို့ လွှတ်တော်မှာ ပြောသွားပါတယ်။

ပြည်နယ်နှင့် တိုင်း အသီးသီးက အခွင့်ထူးခံ မီးသုံးသူတွေ တစ်ယူနစ် ၃၅ ကျပ်နဲ့ ဘုံးဗောလအော သုံးနေသမျှ တနင်္သာရီတိုင်းသားတွေ လျှပ်စစ်ငတ်မွတ်နေရအုံးမှာပါ။

၂၃ ကျပ် အရှုံးနဲ့ တစ်နေ့ယူနစ်ပေါင်း သန်း(၂၀)ခန့် သုံးနေတဲ့အတွက် နေ့စဉ် ကျပ်သန်း ၄၆၀ ခန့် ဌာနက စိုက်ထုတ် ပေးနေရပါတယ်။ ပြည်မမှာ စိုက်ထုတ် ရများတော့ တနင်္သာတိုင်းအတွက် တစ် ပြားမှ မပံ့ပိုးနိုင်ပဲ ဖြစ်နေတယ်။

ဒါ ကြောင့် တနင်္သာရီတိုင်း အမတ်တွေက ဦးဆောင်ပြီး နိုင်ငံတော်ဓာတ်အားခ တိုးကောက်ပေးဖို့ တင်သွင်း၊ ထောက်ခံ။ဆွေးနွေးရမှာ ဖြစ်ပါတယ်။

အကယ်လို့ ပြည်မမှာ တစ်ယူနစ် ကျပ် ၁၀၀ နှုန်းလောက်နဲ့ တိုးကောက် မယ်ဆိုရင် ဌာနဝင်ငွေတစ်နေ့ကျပ်သန်း ၁၀၀၀ ခန့် ပိုရလာမှာဖြစ်လို့ တနင်္သာရီ တိုင်းနဲ့ လျှပ်စစ်မရတဲ့ဒေသတွေကို အစားထိုးပံ့ပိုးနိုင်မှာပါ။

၁၉၈၈ ဝန်းကျင်က လက်ဖက်ရည် တစ်ခွက် ၂၅ ကျပ်၊ မီတာခတစ်ယူနစ် ၂၅ ကျပ်။ ၂၀၁၇ မှာ လက်ဖက်ရည် တစ်ခွက် ကျပ် ၃၀၀ ဆိုတော့ ရန်ကုန်မီတာခ တစ်ယူနစ် ကျပ်၁၀၀ လောက်တော့ ဖြစ်သင့်ပါတယ်။မနေ့ကပဲ ရန်ကုန်တိုင်း ဝန်ကြီး ချုပ်က ဓာတ်အားခ ၃ ဆခန့်တက်မယ်လို့ ထုတ်ပြောလိုက်တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ နောက်နေ့ကျတော့ မပြောဘူးဆိုပြီး ဖြစ်ပါတယ်။

တကယ်လို့သာ တကယ်တိုး ကောက်မယ်ဆိုရင် တနင်္သာရီတိုင်းနဲ့ နိုင်ငံတော်လျှပ်စစ် မခံစားရဖူးတဲ့ ပြည်သူ တွေအတွက် ဝမ်းသာစရာ သတင်း ကောင်းဖြစ်ပါတယ်။ ဓာတ်အားခတက် လို့ ရန်ကုန်မှာ ဆန္ဒပြပွဲတွေပေါ်လာခဲ့ရင်၊ တနင်္သာရီတိုင်းသားတွေကလည်း ” မီတာခ တိုးကောက်တာကို ထောက်ခံတဲ့ အကြောင်း ဆန္ဒထုတ်ဖော်ဖို့” လိုအပ်မယ် ထင်ပါတယ်။