ဘောလုံး အကယ်ဒမီ၏ လူငယ်မျိုးဆက်သစ် ရှာဖွေရေး ထားဝယ် မြိတ် ခရီးစဉ်

0
422

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီများအတွက် ၁၁ နှစ် နှင့် ၁၂ နှစ်အောက် လူငယ်မျိုးဆက်သစ် ကစားသမားများ ရှာဖွေရန် ထားဝယ်နှင့် မြိတ်မြို့တွင် ယခုလအတွင်း လာရောက်ရွေးချယ်မည်ဖြစ်သည်။

ထားဝယ်မြို့တွင် မတ်လ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင်လည်းကောင်း၊ မြိတ်မြို့တွင် မတ်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင်လည်းကောင်း လာရောက်ရွေးချယ်မည်ဖြစ်ပြီး ကော့သောင်းမှ ကစားသမားများအနေဖြင့် မြိတ်တွင် သွားရောက်အရွေးခံရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အား/ကာ ထံမှ သိရသည်။

“ ရွေးခံချင်တဲ့သူတွေအနေနဲ့ ခရိုင်ရုံးတွေမှာ စာရင်းပေးလို့ရပါတယ်” ဟု တိုင်းအား/ကာ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဋ္ဌေးက ပြောသည်။

ရွေးချယ်ခံမည့်သူများသည် ကျောင်းထောက်ခံစာ၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်းနှင့် ကျောင်းထောက်ခံစာတို့ကို ယူဆောင် လာရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်အထိ ထားဝယ်တွင် ၂၈ ဦး၊ မြိတ်တွင် ၆ ဦးနှင့် ကော့သောင်းတွင် ၁၆ ဦး အရွေးခံရန် စာရင်းပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့တို့ရှိ ဘောလုံးအကယ်ဒမီများတွက် ပဏာမ ကစားသမား ၂၀၀ ကျော်ကို မြို့နယ် ၅၂ ခုတွင် ရွေးချယ်မည်ဖြစ်သည်။