ဂုံး၊ ကမာ၊ ခရုမျိုးစုံ စီးပွားဖြစ်မွေးရန် ဂျပန်လေ့လာ

0
1263

မြိတ်ကျွန်းစုဒေသနှင့် မြိတ်ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ဂုံး၊ ကမာ၊ ခရုမျိုးစုံနှင့် အခွံမာ သတ္တဝါများကို စီးပွားဖြစ်မွေးမြူနိုင်ရန် ဂျပန်နိုင်ငံ JIRCAS အဖွဲ့က လေ့လာနေသည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

JIRCAS အဖွဲ့မှ ပညာရှင်များ ကွင်းဆင်း သုတေသနပြုနေပြီး စီးပွားမွေးမြူနိုင်ပါက နည်းပညာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အထက်ပါ ဌာနမှ သိရသည်။

“ဂုံး၊ ကမာ(မုတ်ကောင်)၊ ခရုမျိုးစုံကို သုတေသနလုပ်ပြီးတော့ မွေးမြူတဲ့နည်းစနစ်တွေ ဘယ်မျိုးစိတ်ကို ဘယ်လို မွေးမြူ မလဲဆိုတာကို ဒေသခံတွေ မွေးမြူလို့ရမယ့် နည်းစနစ်တွေပေးပြီး အကူအညီ ပေးသွားမှာပါ”ဟု မြိတ်ခရိုင် ငါးဦးစီးမှူး ဦးစိန်သောင်းက ပြောသည်။

မြိတ်ကျွန်းစုဒေသသည် ကမာ(မုတ်ကောင်)မွေးမြူရန် ရေမြေသဘာဝအရ သင့်တော်ကောင်းမွန် ပြီး ယခုမွေးမြူမည့် ကမာများကို ပုလဲမွေးမြူရန်အတွက်မဟုတ်ဘဲ အသားစားသုံးရန်အတွက်သာ မွေးမြူမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ JIRCAS ၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ နားလည်မှု စာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သုတေသန ပြုလုပ်သွားမည်ဖြစ်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ဘယ်နေရာမှာမွေးမယ်ဆိုတာ အတိကျတော့ မပြောနိုင်သေးဘူး၊ နေရာဒေသတွေလဲ ကွင်းဆင်း လေ့လာနေဆဲပါ”ဟု မြိတ်မြို့နယ်၊ ပျဉ်ထပ်အော်ငါးမွေးမြူရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးထွန်းက ပြောသည်။

မြိတ်မြို့အနီး ကျွဲကူး-ကျောက်ဖျာမြစ်အတွင်း၌ တစ်နိုင်တစ်ပိုင် ကမာငုတ်လုပ်ငန်းငယ်များရှိနေပြီး ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာနှင့် ပန်းဇင်ကျေးရွာတို့တွင်လည်း အနည်းငယ် လုပ်ကိုင်လျက်ရှိကြောင်း ၎င်းကပြောသည်။

ကမာမွေးမြူရေးလုပ်ငန်းသည် ဂျပန်နိုင်ငံတွင်အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် လည်း အောင်မြင်စွာ မွေးမြူလျက်ရှိကြောင်း သိရသည်။