ဟိန္ဒားသတ္တုတွင်း မိုးရာသီရေနောက်ဆင်းပါက ရပ်နားခံရမည်ဟု သတိပေး

0
392

မိုးရာသီတွင် ချောင်းအတွင်းသို့ ရေနောက်ဆင်းပါက ထပ်မံရပ်ဆိုင်းမည်ဟု ထားဝယ်ခရိုင်၊ မေတ္တာမြို့ရှိ ဟိန္ဒားသတ္တုမိုင်းတွင် သတ္တုတူးဖော်လျက်ရှိသည့် မြန်မာပွန်ပီပက်ကုမ္ပဏီအား သတိပေးထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် နှစ်ကြိမ်တိုင် ရပ်နားခံခဲ့ရသည့် ဟိန္ဒားသတ္တုမိုင်းကို ပြန်လည်ပတ်ခွင့်ပေးထားပြီး နှုံးစစ်ကန်များကို ပြန်လည်တူးဖော်ရန် ညွှန်ကြားထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်တူးဖော်ခြင်း မရှိသေးသည့် အတွက် ယင်းသို့ ထပ်မံသတိပေးလိုက်ခြင်း ဖြစ်သည်။

“ဟိန္ဒားက ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကိုလည်း လုပ်ခိုင်းထားတယ်။ မိုးတွင်းမှာ ရေအခြေအနေမကောင်းရင် ထပ်ပိတ်မယ်ပြောထားတယ်” ဟု တိုင်းအစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်က ပြောသည်။

သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်အတွင်း နှုံးစစ် ကန်ဆယ်ယူခြင်းနှင့် ပက်သက်၍ တိုင်းအစိုးရအဖွဲ့မှ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးထံသို့ တစ်ပတ်တစ်ကြိမ် အစီရင်ခံရန် ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော် အစီရင်ခံစာများအရ နှုံးစစ်ကန်ကို ဆယ်ယူထားသည့် အနေအထားမရှိသေးကြောင်း ၀န်ကြီးက ဆိုသည်။ယင်းကြောင့် မိုးရာသီတွင် နှုံးစစ်ကန်များလျှံကျကာ ရေနောက်များ ချောင်းအတွင်းဆင်းမည်ဆိုပါက ထပ်မံရပ်နားခိုင်းမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

“ကန်က ပြန်လည်းမတူးထားဘူး။ မိုးရွာလာရင် ကန်ပြိုကျမှာကို အမြဲတမ်းစိုးရိမ်နေရတယ်” ဟု မြောင်းပြိုကျေးရွာမှ ဒေါ်တင်လှက ပြောသည်။

နှုန်းစစ်ကန်များမှာ မြောင်းပြိုကျေးရွာ၏ အမြင့်ပိုင်းတွင် တည်ရှိသည့်အတွက် မြေသားတမံများဖြင့်သာ ကာယံထားသည့် နှုန်းစစ်ကန်များ ပြိုကျလာမည်ကို အမြဲစိုးရိမ်နေရသည်ဟု ၎င်းက ဆိုသည်။

ဟိန္ဒားသတ္တုတွင်းကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် ပထမအကြိမ်အဖြစ် ဇွန်လ ၂၉ ရက်က ရပ်နားခိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ဟိန္ဒား သတ္တုတွင်း၏ လုပ်ကွက် A ၊ B ၊ C သုံးကွက်တွင် B နှင့် C တို့ကို စမ်းသပ် လည်ပတ်ခွင့်ပြုခဲ့သည်။

သို့သော် ချောင်းအတွင်းရေနောက်များ စီးဆင်းနေဆဲဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ထပ်မံ ရပ်နားခိုင်းခဲ့ပြီးနောက် အောက်တိုဘာလ ၅ ရက်တွင် ထပ်မံလည်ပတ်ခွင့်ပြုထားခြင်းဖြစ်သည်။