ဘန်းချောင်းကျောက်မီးသွေး တူးဖော်မှု ရက်အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်း

0
443

ကုမ္ပဏီမှ လိုက်နာရမည့် စည်းကမ်းချက်များကို မလိုက်နာသဖြင့် ထားဝယ်မြို့နယ်အတွင်းရှိ ဘန်းချောင်းဒေသတွင် ကျောက်မီးသွေးထုတ်လုပ်နေမှုအား ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်ကြောင်း တနင်္သာရီတိုင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ထံမှ သိရသည်။

ဦးမြင့်မောင်ပါဝင်သော တိုင်းအစိုးရအဖွဲ့မှ ဘန်းချောင်းဒေသရှိ အဆိုပါ သတ္တုတွင်းသို့ ရှောင်တခင် သွားရောက် စစ်ဆေးပြီး နောက် ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ပြီးမှ လုပ်ကိုင်ခွင့် ပြန်ပေးအပ်မယ်” ဟု ဦးမြင့်မောင်က ပြောသည်။

လုပ်ငန်းရပ်ဆိုင်းခံရသော မေဖလားဝါးကုမ္ပဏီသည် ဘန်းချောင်းဒေသ ကွင်းချောင်းရွာအနီးတွင် ၂၀၁၀ မှ ၂၀၃၅ ထိ ၂၅ နှစ်တိတိ ကျောက်မီးသွေးထုတ်ခွင့် ဧက ၅၀၀၊ ကထောင်းနီရွာအနီးတွင် ၂၀၁၂ မှ ၂၀၂၂ ထိ ၁၀ နှစ်တိတိ ၂၀၀ ဧက၊ စုစုပေါင်း ဧက ၇၀၀ ကျောက်မီးသွေးထုတ်ခွင့် ရထားသည်။

တူးဖော်ခွင့် ဧကများနှင့် ပတ်သက်၍ အချက်အလက်တချို့ အနည်းငယ် ကွဲလွဲမှုရှိနေပြီး စုစုပေါင်း ဧက ၇၀၀ ကို ၀န်ကြီးက လက်ရှိ အတည်ပြုသည်။
ယင်းအနက် ပျားသားချောင်းကျေးရွာအုပ်စု၊ ကွမ်းချောင်းကြီးကျေးရွာတွင် ၆၄ ဧက ကို တူးဖော်လျက်ရှိသည်။

မေဖလားဝါးကုမ္ပဏီမှ Eastar Mining ကုမ္ပဏီအား တဆင့်ခံ ကန်ထရိုက်ပြန်ချပေးထားပြီး ထွက်ရှိလာသည့် ကျောက်မီးသွေး များကို ထိုင်းသို့ ပို့ဆောင်နေကြောင်း ၀န်ကြီး ဦးမြင့်မောင်ထံမှ သိရသည်။ “ထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေကို တိတိကျကျ လိုက်နာစေချင်တယ်၊ ဒါမှ ပတ်ဝန်းကျင် မထိခိုက်ဘဲ နိုင်ငံ့အခွန်ဝင်ငွေ တိုးမှာပေါ့” ဟု ဦးမြင့်မောင်က မှတ်ချက်ပြုသည်။

ကုမ္ပဏီ၏ ကျောက်မီးသွေး ထုတ်ယူစုပုံမှုများကြောင့် ဒေသခံတို့က ညစ်ညမ်းသောလေထုကို ရှူရှိုက်နေရကြောင်း ထုတ်ဖော်ပြောဆိုနေကြပြီး မီးလောင်မှု၊ ချောင်းရေညစ်ညမ်းမှုတို့လည်း ကြုံတွေ့နေရသဖြင့် ဖြေရှင်းပေးရန် မကြာခဏ တောင်းဆိုနေကြသည်။

ဒေသခံများ၏ ထိခိုက်နစ်နာမှုများအား ဖြေရှင်းရန်ပြောဆိုရာတွင် တရားဝင်လိုင်စင်ရ ကုမ္ပဏီနှင့် မြေပြင်တွင် လုပ်နေသည့် ကုမ္ပဏီ ကွဲလွဲနေခြင်းကြောင့် ညှိနှိုင်းဖြေရှင်းရခက်ခဲကာ လက်ရှိတူးဖော်နေသည့်ကုမ္ပဏီကို ပြည်ထောင်စုဝန်ကြီးဌာနကပင် မသိဟု ဆိုခဲ့ဖူးကြောင်း ယင်းသတ္တုတွင်းကိစ္စ လိုက်လံဆောင်ရွက်ပေးနေသည့်အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည့် ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ဦးသန့်ဇင်က ပြောသည်။

“ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ ပြောနေတာကြာပြီ၊ ခုတော့ အကောင်အထည်ပေါ်လာတယ် ပြောရမှာပေါ့၊ ဒါတော့ ဝမ်းသာစရာပဲ”ဟု ဦးသန့်ဇင်က ဆိုသည်။