စက်သုံးဆီဆိုင်များအတွက် လျာထားနေရာ မနှစ်သက်ဟုဆို

0
382

မြိတ်မြို့ပေါ် ရပ်ကွက်အတွင်းရှိ စက်သီးဆီအရောင်းဆိုင်များအတွက် လက်ရှိလျာထားသည့် နေရာများကို မနှက်သက်ကြကြောင်း စက်သုံးဆီအရောင်းဆိုင်တစ်ချို့ထံမှ သိရသည်။လျာထားသည့်နေရာများမှာ မြိတ်တောင်ကျေးရွာ အရှေ့သိမ်းဘုန်းကြီး ကျောင်းအနီး၊ ကလွင် ကျေးရွာရှိ ဘိုးဘွားရပ်သာအနီးနှင့် မြိတ်-ကျွဲကူး လမ်းမကြီးပေါ်ရှိ စန္ဒဝတ်ကျေးရွာတို့ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

တရားမဝင် စက်သုံးဆီအရောင်း ဆိုင်များအား ဖမ်းဆီးအရေးယူမည်ဟု သတင်းများ ထွက်ပေါ် လာပြီးနောက် စက်သုံးဆီ အရောင်းဆိုင်များ၊ မြို့နယ်၊ ရပ် ^ကျေး အုပ်ချုပ်ရေးမှူးများ၊ မီးသတ်ဌာနနှင့် သက်ဆိုင်ရာဌာနတို့ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကို မတ်လ ၁ ရက်က မြိတ်ခရိုင် အုပ်ချုပ် ရေးမှူးရုံးရှိ ကျွန်းရတနာ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း ယင်းအခမ်းအနားမှ သိရသည်။

“ယခုရောင်းနေတဲ့နေရာမှာပဲ မီးသတ်ဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့အညီ ရောင်းချင် တယ်” ဟု ထားဝယ်စု ဂုဏ်ရုံလမ်းရှိ အရောင်းသက်တမ်း ၃၀ ကျော်ရှိ ဓာတ်ဆီအရောင်းဆိုင်ရှင် ဦးတင်ဦးက ပြောသည်။လျာထားသည့်နေရာများသို့ ပြောင်းရွှေ့ရမည်ဆိုပါက အရှေ့သိမ်ကျောင်းအနီးတွင်သာ အဆင်ပြေ နိုင်ပြီး မြို့ပြင်ရှိ ကျန်နှစ်နေရာတွင် အခက်အခဲများရှိနိုင်ကြောင်း စက်သုံးဆီ အရောင်းဆိုင်တချို့က ဆိုသည်။

ထို့ပြင် မော်တော်ယာဉ်များ အနေဖြင့် မြို့တွင်းရှိ တရားဝင်စက်သုံးဆီ အရောင်းဆိုင်ကြီးများကိုသာ ပိုမို အားထားလာမည်ဖြစ်ကာမြို့ပြင်ရှိ အရောင်းဆိုင်များအနေဖြင့် ရောင်းအားကျနိုင်ကြောင်း စက်သုံးဆီ အရောင်းတချို့က ခန့်မှန်းသည်။အထက်ပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောင်းရွှေ့ရမည့်နေရာများကို သတ်မှတ်ခြင်းမရှိသေးဘဲ လျာထားသည့်အဆင့် သာရှိကာ ယင်းကိစ္စကို ပြန်လည်ဆွေးနွေးညှိနှိုင်းကာ အဖြေရှာသွားမည် ဖြစ် ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ သိရသည်။ မြိတ်မြို့ပေါ်တွင် တရားမဝင်စက်သုံးဆီအရောင်းဆိုင် ပျမ်းမျှ ၁၀၀ ဝန်းကျင်ခန့်နှင့် တရားဝင်ဆိုင် ကြီး ၄ ဆိုင်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။