ဇာတ်ပွဲမကရ တားမြစ်ချက် အချိန်နှင့်နေရာ ကြိုထုတ်ပြန်စေလို

0
364

အစိုးရနှင့် သက်ဆိုင်ရာဌာနများမှ မည်သည့်ရက်များတွင် မည်သည့် နေ ရာများ၌ ပွဲကခွင့် တားမြစ်ကြောင်း အချိန်နှင့်နေရာဇယားကို ကြိုတင်ထုတ် ပြန်စေလိုကြောင်း တိုင်းသဘင်ပညာ ရှင်များ အစည်းအရုံးဝင်များက ဆို သည်။

ယင်းသို့ကြိုတင်ထုတ်ပြန်ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၂ ရက်မှ မတ်လ ၁၇ ရက် ညအထိ စာမေးပွဲရာသီအဖြစ် သတ်မှတ်ကာ ဇာတ်ပွဲကပြခွင့်ပြုချက် တစ်လကျော် ချမပေး၍ အခက်အခဲ များစွာ ကြုံတွေ့နေရကြောင်း ဇာတ်ပွဲ တည်ထောင်သူများထံမှ သိရသည်။ယင်းကာလမှာ တပေါင်းလပြည့် ဘုရားပွဲများ အပါအဝင် ဇာတ်အကရဆုံး ကာလဖြစ်ပြီး ပွဲပါမစ် မချပေးသော ကြောင့် ပွဲငှားရန် ကြိုပေးထားသော စရန်ငွေများပြန်ပေးနေရကာ တချို့ ဆိုလျှင် စရံငွေ ပြန်မအမ်းနိုင်သဖြင့် ပွဲ ငှားနှင့် ပွဲတည်ထောင်သူတို့ကြား ပြဿနာများ တက်နေကြကြောင်း ရွှေမြင့်မိုရ် သဘင်အဖွဲ့၏ တာဝန်ခံ ဦးဇော်မျိုးလွင်က ပြောသည်။

“ကျွန်တော်တို့ဆို ‘အိမ်နဲ့မြေ ရောင်းမည်’ လို့တောင် ကြေညာထားရပြီ” ဟု ကိုဇော်မျိုးလွင်က ပြောသည်။၎င်းအပြင် တိုင်းအတွင်းပွဲတည် ထောင်သူများက ဇာတ်သဘင် သမား များကို နှစ်ကြေးပေး ငှားရမ်းထားခြင်း ကြောင့် ကာလရှည် ပွဲပိတ်ရက်အတွင်း ယင်းဇာတ်သမားတို့အား ထွက်ပြေး မသွားရန် ထိန်းထားရေး၊ နေ့စဉ်စား ဝတ်နေရေးနှင့် ဗာဟီရ ကိစ္စရပ်များ ဖြေရှင်းနေရသည်မှာ ခက်ခဲလှသည်ဟု တိုင်းသဘင်ပညာရှင်များ အစည်းအရုံး ဝင်များက ဆိုသည်။
ယခင်ကစာမေးပွဲရာသီတွင် စာစစ် ဌာနနှင့် အကွာအဝေးသတ်မှတ်၍ စာမေးပွဲကင်းလွတ်နယ်မြေများထုတ်ပြန်ကာ ပွဲကခွင့် ပြုခဲ့ပြီး ယခုလည်း ထိုသို့ ပြုလုပ်မည်ဆိုပါက အားလုံးအတွက် အဆင်ပြေနိုင်ကြောင်း၎င်းတို့က ထောက်ပြသည်။

” ပညာရေးကို ဦးစားပေးနေတာကို နားလည်တော့ ဒါကို မပြောသာဘူး ပေါ့ဗျာ၊ ဒီတော့ တိုင်းအစည်းအရုံးက ဇာတ်ဆရာတွေ အပြောအဆို ခံနေရ တယ်ပေါ့” ဟု တိုင်းသဘင် အစည်း အရုံးဥက္ကဋ္ဌ ဦးတင်သိန်းက ပြောသည်။အထက်ဒေသများတွင်မူ နေရာ ဒေသကိုလိုက်၍ ဇာတ်ပွဲများ ကခွင့်ပြု ထားသည်ကို တွေ့နေရကြောင်း တိုင်း သဘင် အစည်းအရုံးဝင်များက ပြောကြ သည်။

ယင်းသို့သော ဖြစ်ရပ်များ နောင် နှစ်များတွင် မပေါ်ပေါက်စေရန် ပွဲတား မြစ် အချိန်နှင့် နေရာဇယားကို နှစ်စ ကတည်းက ကြိုတင်ထုတ်ပြန်ထားပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြကြသည်။
တနင်္သာရီတိုင်းတွင် ဇာတ်ပွဲ ၁၂ ဖွဲ့ ရှိပြီး ဇာတ်ပွဲတစ်ခုတွင် လူ ၃၅ ဦး ဝန်းကျင်ရှိသည်။