တနင်္သာရီတိုင်းတွင် အာရှဘောလုံး အဖွဲ့ချုပ် အသိအမှတ်ပြု လိုင်စင်ရ နည်းပြများရှိလာ

0
400

တနင်္သာရီတိုင်းအတွင်း အာရှ ဘောလုံးအဖွဲ့ချုပ်၏ အသိမှတ်ပြု လိုင်စင်ရထားသည့် ဘောလုံးနည်းပြ ၂၄ ဦး ရှိလာကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် အာရှဘောလုံးအဖွဲ့ချုပ်မှ နည်းပြဆရာဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၇ ရက်အထိ ၁၃ ရက်ကြာ နည်းပြသင်တန်းကို ပထမဆုံး အကြိမ် ဖွင့်လှစ်ခဲ့ပြီးနောက် သင်တန်းသား ၂၄ ဦးကို C လိုင်စင် များပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“မြန်မာနေရှင်နယ်လိဒ် ပြိုင်ပွဲလို မြန်မာဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပတဲ့ ပြိုင်ပွဲတွေမှန်သမျှ နည်းပြ လုပ်ချင်တယ် ဆိုရင် အာရှဘောလုံး အဖွဲ့ချုပ်က အသိအမှတ်ပြုတဲ့ B လိုင် စင်၊ C လိုင်စင်မရှိဘဲနဲ့ လုပ်လို့ မရပါဘူး”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ထားဝယ်မြို့တွင် ဖွင့်လှစ်သည့် C လိုင်စင် နည်းပြ သင်တန်းအတွက် အသက်ကန့်သတ်ချက်ကို ၂၈ နှစ်မှ ၃၅ နှစ်အထိ သတ်မှတ် ထားသော်လည်း လိုအပ်ချက်အရ သတ်မှတ်အသက်ကျော် လွန်သူများကိုလည်း သင်ကြားပေးခဲ့ကြောင်း ဦးကိုကိုသိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တွင်သာ ဖွင့်လေ့ရှိသည့် နည်းပြသင်တန်းကို မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး ထားဝယ်မြို့တွင်လည်း လာရောက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်က ဘောလုံးအပေးအယူ ကစားကွက်များကို တစ်ဦးချင်းကိုသာ သင်ပြနိုင်ရာမှ နည်းပြ သင်တန်း တက်ရောက်ပြီးနောက် အသင်းလိုက် လှုပ်ရှား မှုများကိုပါ သင်ပြပေးနိုင်သည့် အင်အား ရှိလာကြောင်း C လိုင်စင် နည်းပြ သင်တန်းတက်ရောက်ထားသူ ထားဝယ် မြို့နေ ဦးတင်နိုင်ထွန်းက ဆိုသည်။

“ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ပိုရှိလာတယ်၊ ရပ်ကွက်၊ မြို့နယ် အသင်းတွေကို နည်းပြအဖြစ် ဆက်လုပ် သွားမယ်”ဟု နည်းပြအတွေ့အကြုံ ၆ နှစ်ခန့်ရှိသည့် ဦးတင်နိုင်ထွန်းက ပြော သည်။

ယခင်က တနင်္သာရီတိုင်းတွင် လိုင်စင်ရ ဘောလုံးနည်းပြ မရှိခဲ့ပေ။