ကျေးဇူးတော်ရွာသားနှစ်ဦး ဒဏ်ငွေ ကျပ်ရှစ်သောင်းစီ အမိန့်ချခံရ ပြန်

0
488

ပိုင်နက်ကျူးလွန်မှုနှင့် မီးရှို့မှုတို့ ဖြင့် တရားစွဲခံထားရသည့် ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင် နှစ်ဦးကို ဒဏ်ငွေ ရှစ်သောင်း ကျခံရန် မြို့နယ်တရားရုံးက ဖေဖော်ဝါရီ လ ၂၀ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တရားခံများ၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

အဆိုပါရွာသားနှစ်ဦးကို ကျေးဇူး တော်ရွာနှင့် အနီးတစ်ဝိုက်တွင် စိုက်ပျိုး ရေးစီမံကိန်း လုပ်ကိုင်ခွင့်ရထားသည့် ရွှေပဒုမ္မာ ကုမ္ပဏီက ရာဇသတ်ကြီး ပုဒ်မ-၄၄၇ (ပိုင်နက်ကျူးလွန်မှု) နှင့် ပုဒ်မ ၄၃၅ (မီးရှို့မှု) တို့ဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလက တရားစွဲဆိုထားခြင်း ဖြစ်သည်။”တရားလို လက်ရှိလုပ်နေတဲ့ ဧရိယာထဲကို တရားခံတွေက ကျူးကျော် ပြီးမီးရှို့တယ်လို့ သက်သေထွက်ဆိုချက် တွေအရ ပေါ်ပေါက်တဲ့အတွက် အခုလို အမိန့်ချလိုက်တာ”ဟု တရားခံ အကျိုး ဆောင် ရှေ့နေက ပြောသည်။

ရုံးချိန်း ၁၂ ချိန်းမြောက်တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။တရားခွင်တွင် မြေပြင်ကွင်းစစ် ဆေးရန်အတွက် လျှောက်ထားခဲ့သော် လည်း ပယ်ချခံခဲ့ရကြောင်း တရားခံ ရှေ့နေက ပြောသည်။ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဒီဇင် ဘာလကလည်း ကျေးဇူးတော်ရွာမှ နေရပ် ပြန် စစ်ဘေးရှောင် ၄ ဦးကို ပိုင်နက် ကျူးလွန်မှုဖြင့် ရေဖြူမြို့နယ် တရားရုံး က ဒဏ်ငွေ ၅၀၀၀ စီ ကျခံရန် အမိန့်ချ ခဲ့သေးသည်။”စစ်ဘေးရှောင် ရွာသားတွေရဲ့ မြေမှာ ဆီအုန်းနဲ့ ရော်ဘာတွေကို ပေး ထားတာဆိုတော့ ဒီဟာက နိုင်ငံရေးနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်။ တရားရေးနဲ့ ဖြေရှင်းရင် ရွာသားတွေက အမြဲရှုံး နေမှာပဲ”ဟု အရပ်ဘက် လူမှုအဖွဲ့ အစည်း တစ်ခုဖြစ်သည့် တာကပေါ အဖွဲ့မှ နော်ပီသလောက ပြောသည်။

စစ်ဘေးရှောင် ပြည်သူများတွင် မူလရွာတွင်ပြန်လည်နေထိုင်ခွင့် အပြည့် အဝ ရှိသည်ဟု ၎င်းက ဆိုသည်။စစ်ဘေးရှောင်များ နေရပ်ပြန်ချိန် တွင် ၎င်းတို့ မူလပိုင်ဆိုင်သည့် ဥယျာဉ် ခြံမြေများကို ယခင် အစိုးရလက်ထက်က စိုက်ပျိုးရေး စီမံကိန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် ဒေသခံများ ပိုက်နက် ကျူးလွန်မှုများဖြင့် တရားစွဲဆိုခံနေရပြီး ပြစ်ဒဏ်များ ကျခံနေရသည်။