အဝေးပို့တာ အဖြေလား

0
453

လူတစ်ယောက်ချင်းစီအတွက် ပညာရေးက အရေးကြီးသလို နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဲဒီ နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသား တွေရဲ့ ပညာတတ်မြောက်မှုက အရေးပါ လှပါတယ်။ စာသင်ကျောင်းက ပညာသင်တဲ့ နေရာမှာ အရေးပါဆုံးဖြစ်သလို အဓိက အကျဆုံးလည်း ဖြစ်ပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေ စိတ်ချမ်းချမ်းသာသာ ပညာသင်ကြားနိုင်ဖို့အတွက် စာသင် ကျောင်းတစ်ကျောင်းရဲ့ အင်္ဂါရပ်နဲ့အညီ တည်ဆောက်ပြုပြင်ထားဖို့က အရေးကြီး ပါတယ်။ ဒီထက် ပိုအရေးကြီးတာကတော့ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမ များရဲ့ အရည်အချင်းရှိမှုပါပဲ။ အရည် အချင်း ပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ရှိမှအရည်အချင်းပြည့်ဝတဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်မယ် မဟုတ်လား။ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးအခြေ အနေကို လူတိုင်းသိပြီးဖြစ်လို့ အထွေ အထူး မပြောတော့ပါဘူး။အထူးသဖြင့် ကျေးလက်နေပြည်သူ တစ်ယောက်ရဲ့ ပညာရေးလက်လှမ်းမမီမှု တွေကို ကျွန်မကိုယ်တိုင် ခံစားခဲ့တယ်။ ကျွန်မငယ်ငယ်တုန်းက ကျွန်မတို့ရွာမှာ အစိုးရမူလတန်းကျောင်းပဲ ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့်၊ နယ်မြေ မအေးချမ်းတဲ့အတွက် ကြောင့်စတဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ကျောင်းလုံးမှာမှ ဆရာ၊ ဆရာမ နှစ် ယောက်လောက်နဲ့ပဲ စာသင်ရပါတယ်။

တစ်ခါတစ်လေ ကျောင်းမှာ ဆရာမ တစ်ယောက်ပဲ ရှိတော့ စာသိပ်မသင်ရဘဲ ကစားနေရတဲ့ အချိန်တွေပဲ များပါတယ်။ နှစ်ဆုံးလို့ အတန်းသင်စာမေးပွဲဖြေရင် သင်ရိုးညွှန်းတမ်း တစ်ဝက်လောက်ဘဲ သင်ထားရတဲ့အတွက် ကျွန်မတို့ သင်ရိုး ညွှန်းတမ်း တစ်ဝက်နဲ့ပဲ အတန်းတင် စာမေးပွဲ ဖြေရပါတယ်။ ဒီလိုနဲ့ပဲ ရွာက ကလေး တော်တော်များများက လေးတန်း အောင်ပြီးရင် ကျောင်းထွက် လိုက်ကြရပါ တယ်။ ပညာရေး အင်မတန်မှ လိုလားတဲ့ မိဘတွေ တစ်ယောက်စ နှစ်ယောက်စ ကသာ ငွေတွေ အများကြီး အကုန်ခံ၊ လူပင်ပန်းခံပြီး ကိုယ့်သားသမီးတွေကို ကုန်းတစ်တန်၊ ရေတစ်တန်သွားပြီး မြို့ မှာ ကျောင်းထားကြပါတယ်။ အဲဒီ မိဘတွေထဲမှာ ကျွန်မမိဘ ပါတဲ့အတွက် လေးတန်းအောင်ပြီးချိန်မှာ ရွာနဲ့ မိုင် တစ်ရာကျော်ဝေးတဲ့ မြို့ကျောင်းမှာ ကျွန်မကို ကျောင်းဆက်ထားပေးပါတယ်။

မြို့ကျောင်းမှာ ကျောင်းသွား တက် ရတဲ့အခါ ရွာကျောင်းမှာ အခြေခံမကျေ ခဲ့တဲ့အတွက် စာမလိုက်နိုင်ဘဲ အတော် လေး ဒုက္ခရောက်ရပါတယ်။ ကျက်စာ တွေက အလွတ်ကျက်နိုင်ရင်ရပေမဲ့ သင်္ချာ နဲ့အင်္ဂလိပ်စာမှာ မြို့က ကလေးတွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါက လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ်က မြို့ပြနဲ့ ကျေးလက် တို့ရဲ့ ပညာ သင်ကြားနိုင်တဲ့ အခွင့်အရေး ရပုံချင်း မတူခဲ့တာကို ကျွန်မပြောတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မူလတန်းကျောင်းလေးဟာ အခုအချိန်မှာ အထက်တန်းကျောင်းအဖြစ် ပြောင်းလဲ သွားပါပြီ။ ရွာက ကလေးတွေလည်း အထက်တန်းရောက်တဲ့အထိ ကိုယ့်ရွာမှာ ပညာသင်နိုင်တဲ့အတွက် ကျောင်းနေရတဲ့ ကလေးအရေအတွက် များလာပါတယ်။ ဆရာ၊ဆရာမများလည်း အရင်ကလို ကလေးတစ်ရာ တစ်ယောက်နှုန်း မဟုတ် တော့ဘဲ ကလေးနဲ့ ဆရာမ အချိုးမျှလာပြီ။
ကျောင်းအဆောက်အဦလည်း အတော်လေး ကောင်းမွန်လာပြီ။ ရွာက စာသင်ကျောင်း အခြေအနေကိုကြည့်ရင် ကျေးလက်ပညာရေး အခြေအနေ အတော်လေး တိုးတက်မှုရှိလာတယ်လို့ အကြမ်းဖျင်း မှတ်ချက်ချလို့ ရပါတယ်။

ဒါပေမဲ့ တစ်ခြားကျေးလက် ဒေသ က စာသင်ကျောင်း မလုံလောက်မှုတွေ၊ ဆရာ၊ ဆရာမလိုအပ်နေတာတွေကို သတင်းတွေမှာ ဖတ်ရကြားနေရတုန်း ပါဘဲ။ ကျွန်မက ပညာရေးအသိုင်းအဝိုင်းနဲ့ ထဲထဲဝင်ဝင် ထိတွေ့မှု မရှိတဲ့အတွက် အပြင်က မြင်နေရတဲ့ အခြေအနတွေကိုပဲ သုံးသပ်နိုင်ပါတယ်။
အထက်မှာ ပြောခဲ့သလိုပဲ သင်ကြား တဲ့နည်းစနစ်နဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းက ပညာရေးစနစ် ပြုပြင် ပြောင်းလဲတဲ့ နေရာမှာ အလွန့်အလွန် အရေးကြီးလှပါတယ်။ ]]ပြောင်း လဲချိန် တန်ပြီ}}ဆိုတဲ့ ကြွေးကြော်သံနဲ့ တက် လာတဲ့ လက်ရှိအစိုးရကလည်း မြန်မာ နိုင်ငံရဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ မယ်။ ပညာရေးဘတ်ဂျက်ငွေကို တိုးမြှင့် သုံးစွဲမယ်။ ဆရာ၊ ဆရာမများရဲ့ အရည် အချင်းကိုလည်း မြှင့်တင်မယ် စတဲ့ ကောင်းသတင်းတွေ ကြားရပါတယ်။ မြန်မာပြည်မှာ ကျေးလက်နေ လူထု ၇၀ ရာခိုင်နှုန်းရှိတဲ့အတွက် အစိုးရ အနေနဲ့ ကျေးလက်နေ ပြည်သူများကိုလည်း အရည်အသွေး ပြည့်ဝတဲ့ ပညာရေးစနစ်နဲ့ လက်လှမ်းမီအောင် ကြိုးစားစေချင်ပါတယ်။

ဒါပေမဲ့ မကြာသေးမီအချိန်ကပဲ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ၊ ဆရာမတွေရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီး စွမ်းဆောင်ရည် မကောင်းရင် နည်းနည်းဝေးတဲ့နေရာ သွားရမယ်။ စွမ်းဆောင်ရည်လည်း မကောင်းဘူး။ စေတနာလည်း မရှိဘူး။ ကျောင်းသား၊ ကျောင်းသူကို သင်ယူ တတ်မြောက်အောင် လုပ်ပေးဖို့အတွက် သတ္တိလည်းမရှိဘူး။ အနစ်နာလည်း မရှိဘူးဆိုရင် ဝေးဝေး သွားတော့လို့ ပြောပါတယ်။
ဝန်ကြီးပြောတဲ့ ဝေးဝေးဆိုတာကို အတော်များများက နယ်လို့ ကောက် ချက်ချကြတယ်။ ကျွန်မလည်း အဲလိုပဲ ကောက်ချက်ချပါတယ်။

ဒီစကားအရဆိုရင် စွမ်းဆောင်ရည် ကောင်းတဲ့ ဆရာ၊ဆရာမတွေက မြို့ကြီး၊ ပြကြီးမှာပဲ စုဝေးနေတော့မှာ ဖြစ်ပါ တယ်။ ဒါဆို ကျေးလက်ဒေသတွေကရော။ တိုင်းရင်းသားအများစု နေထိုင်ကြတဲ့ ကျေးလက်ဒေသတွေမှာ မိခင်ဘာသာ စကားနဲ့ သင်ခွင့်မရလို့ အခက်အခဲ ဖြစ်ရတဲ့ကြားထဲ စွမ်းဆောင်ရည်လည်း မကောင်း၊ စေတနာလည်းမွဲတဲ့ ဆရာ၊ ဆရာမ မျိုးနဲ့ပဲ စခန်းသွားရမယ်ဆိုရင် အဲဒီကလေးတွေရဲ့ ပညာရေးအခြေအနေ ဘယ်လိုဖြစ်သွားမလဲ။
ကျောင်းအဆောက်အဦတွေ ဘယ် လောက်ကောင်းကောင်း သင်ကြား တဲ့သူတွေ အရည်အချင်းမရှိရင် ပညာရေး ရဲ့ ရည်မှန်းချက်ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်နေမယ်ဆိုတာ သတိပြု သင့်ပါတယ်။ ပြီးတော့ နယ်စွန် နယ်ဖျား ဆိုတာ အရည်အချင်းမရှိတဲ့သူတွေ၊ ပြစ်ဒဏ်ကျခံရသူတွေ စုဝေးနေထိုင်ကြ တဲ့ နေရာလား။

ပဒေသရာဇ် ခေတ်တုန်းက ရှင် ဘုရင်မကြည်တဲ့သူတွေကို မဲဇာပို့သလို မျိုးနဲ့ တူမနေဘူးလား။ဒီအတိုင်းဆို ပဒေသရာဇ်ခေတ် ရောက်တဲ့အထိ ကျွန်မတို့ နောက်ကြောင်း ပြန်နေပြီဆိုတာ သတိပြုမိပါရဲ့လား။ဝေးဝေး ပို့လိုက်လို့ရော အရည် အချင်းမရှိတဲ့ ဆရာဆရာမတွေ အရည် အချင်း ရှိလာမတဲ့လား။ စေတနာ မွဲတဲ့ ဆရာဆရာမတွေ နာသုံးနာနဲ့ ပြည့်စုံလာ မတဲ့လား။အုပ်ချုပ်ရေးလက်တံနဲ့ ဝေးသွားလို့ ပိုဆိုးသွားတာမျိုး မဖြစ်နိုင်ဘူးလား။လေ့လာသင်ယူ မွမ်းမံဖို့ အခက် အခဲရှိတဲ့ နယ်ဝေးရောက်သွားလို့ ပိုပြီး ပိတ်မိသွားတာမျိုး မဖြစ်နိုင်ဘူးလား။
မေးခွန်းထုတ်စရာတွေ အများကြီး ပါ။

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက် ဖို့အတွက် လူသားအရင်းအမြစ်ကလည်း အလွန်အရေးကြီးကြောင်း ပညာရှင်များ က ပြောကြပါတယ်။ လူသားအရင်း အမြစ်တိုးတက်ဖို့ဆိုရင် ပညာရေးက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင် ပါတယ်။တစ်နိုင်ငံလုံး တိုးတက်စေချင်တယ် ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူသား အရင်းအမြစ်တွေကို တန်းတူတဲ့ ပညာရေး ဝန်ဆောင်မှုရအောင် အစိုးရအနေနဲ့ လုပ်ပေးသင့်ပါတယ်။ လူတိုင်းအကျုံးဝင် ပညာရေးလို့ဆိုတဲ့အတွက် ကျေးလက် ဒေသကလည်း မြို့ပြနဲ့တန်းတူ ပညာ ရေးဝန်ဆောင်မှု ရသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ကျေးလက်နေလူထု ၇၀ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီလူတွေရဲ့ ပညာရေး အဆင့်အတန်းမြင့်မားလာ အောင် မလုပ်ပေးနိုင်သေးသရွေ့ မြန်မာ နိုင်ငံရဲ့ ပညာရေးစနစ် အမှန်တကယ် ပြောင်းလဲနေပါပြီလို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာပါလဲ။
မြန်မာနိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းသား အားလုံး တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရသင့်ပါတယ်။

တန်းတူညီမျှမှုဆိုတဲ့ နေရာမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးဝန် ဆောင်မှု ရရှိတာချင်း တူညီဖို့ လိုအပ်ပါ တယ်။အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမ တွေကို မြို့ပြတွေမှာထားပြီး၊ အရည် အချင်းမရှိတဲ့သူတွေကို ခပ်ဝေးဝေး သွားခိုင်းနေသရွေ့ ဒီမိုကရေစီတို့၊ ဖက်ဒရယ်ပြည်ထောင်စုတို့ ဆိုတဲ့စကား လုံးတွေက ကျေးလက်နေ တိုင်းရင်းသား များအတွက် ရယ်စရာဟာသ ဖြစ်နေမှာ ပါ။အစိုးရအနေနဲ့ ပညာရေးစနစ် အမှန်တကယ် ပြောင်းလဲချင်တယ်ဆိုရင် အရည်အချင်း မပြည့်ဝတဲ့ ဆရာ၊ဆရာမ တွေကို ခပ်ဝေးဝေး သွားခိုင်းမယ့်အစား၊ အရည်အချင်း ပြည့်ဝလာအောင် လုပ်ပေး ဖို့က ပိုပြီး အရေးကြီးလှပါကြောင်း။ ။