ရေဒီယို ကမာရွတ် ပိတ်ချိန် ရောက်တော့မည်

0
496

” ဟိုဘက်အိမ်က ညတိုင်းညတိုင်း စာအကျယ်ကြီး ကျက်တတ်တဲ့ ဆယ်တန်းကျောင်းသူကို ကျွန်တော်တို့ အဖွဲ့က ချစ်စနိုးလေးနဲ့….ရေဒီယို ကမာရွတ်လို့ မှည့်ထားတယ်…….အိုး… ရေဒီယိုကမာရွတ်ရေ့…..ကြိုးစားလိုက်စမ်းကွယ်….ဒီတွေနဲ့ အောင်ဖို့ ဆုတောင်း ပေးမယ့်သူတွေရှိတယ်…”
ကွယ်လွန်ခဲ့ပြီဖြစ်သော တေးသံ ရှင် စိုင်းထီးဆိုင်၏ သီချင်းပေါင်းများစွာ ရှိသည့်အနက်မှ သီချင်းကောင်း တစ်ပုဒ် ဖြစ်သည်။

ဤသီချင်းကို နှစ်သက်စွဲ လမ်းခဲ့သူ လူငယ်များမှာ ယခုအချိန်ဆို လျှင် သက်လတ်ပိုင်းသို့ ရောက်သူက ရောက် ကျော်သူကကျော်နေပေတော့ မည်။ မည်သည့်အချိန်တွင် ပြန်နား ထောင်နားထောင် ဘယ်သောအခါမျှ ရိုးအီ မသွား။ နှလုံးသားအား ရိုက်ခတ် ဆဲညှို့ယူ ဖမ်းစားနိုင်ဆဲ။
စိုင်းထီးဆိုင်၏ “ရေဒီယိုကမာရွတ်” သီချင်းကို ရာသီပေါ်သီချင်းဟု ဆိုချင် မိသည်။ ဆယ်တန်းစာမေးပွဲနီးချိန် ပြန်နားထောင်ရလျှင် ပို၍အရသာ တွေ့မိ သောကြောင့် ဖြစ်သည်။ ဤသီချင်း၏ သံစဉ်တေးသွားများက နားစည်ကို လာ ရောက်ရိုက်ခတ်ချိန်တွင် စိတ်အစဉ်သည် အတိတ်သို့လွင့်ပါးသွားရ၏။ ဆယ်ကျော် သက်အရွယ်က သူငယ်ချင်းများစုပြီး ဆယ်တန်း ကျောင်းသူလေး၏ အိမ်ရှေ့ ဂစ်တာ တစ်လက်နှင့်ဝိုင်းဖွဲ့ပြီး တေးသီချင်း လေးများဖြင့် ပျော်တော်ဆက်ခဲ့ကြသည့် အချိန်လေးများကို ပြန်ပြီးလွမ်းဆွတ် တမ်းတမိစေသည်။ အစား ပြန်မရ နိုင်တော့သော ငယ်ဘ၀၏ပျော်ရွှင် ဖွယ် ရာ အချိန်များပါပေ။

ယခင်အချိန်က ဆယ်တန်းကျောင်းသူ လေးကို ပိုးပန်းခဲ့သည့်သူ။ ယခုအချိန် တွင်တော့ ဆယ်တန်းကျောင်းသူလေး များကို ထိန်းကျောင်းရသည့် သူပင်ဖြစ် ၍နေပေပြီ။ယခင်အတိုင်း ချစ်ခင်ဆဲ၊ နှစ်သက် မြတ်နိုးဆဲ။ လူဦးရေ ၈၆ ရာခိုင်နှုန်းသည် သူတို့ နေ့စဉ်ခံစားနေရသော စိတ်ဖိစီး မှုများမှ လွတ်မြောက် နိုင်ရန်အတွက် ဂီတကို အသုံးချကြသည်ဟု ဆိုသည်။ ထိုအထဲတွင် စာရေးသူသည်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။ စာဖတ် သူအနေဖြင့်လည်း ပါကောင်း ပါဝင် လိမ့်မည်ဟု ထင်ပါသည်။ပြောချင်သည်က ဂီတအကြောင်း မဟုတ်။

အလွတ်ကျက် ပညာရေးအကြောင်း။
မြန်မာ့ ပညာရေးစနစ်တွင် ယခု အချိန်ထိတိုင် ကြက်တူရွေး ကျက်ကျက် ပြီး စာမေးပွဲများကို ဖြေဆိုနေရဆဲ။ ကျောင်းသူ ကျောင်းသား မဟုတ်သည့် မိဘ၊ ဆရာများနှင့် အခြားသူများသည် စာကျက် သံကြား နေရမှ အိပ်ပျော်စားဝင် ကြသည်။ သူတို့အတွက် စာကျက်စာ အံသံသည် မင်္ဂလာရှိလှ၏။ စာကျက်သံ နားထောင်ရင်း အိပ်ပျော်သွားချိန် စာ ကျက်သံရပ်လိုက်လျှင် အိပ်ပျော်နေရာမှ ပင်လျှင် နိုးလာတတ်၏။ ဤမျှလောက်ထိ စာကျက်သံ၊ စာအံသံအပေါ်တွင် စွဲလမ်း တပ်မက်ကြ၏။

ကျွန်တော့်အတွက် အရင်က စာကျက်သံသည် နားဝင်ပီယံဖြစ်သော် လည်း ယခုအချိန်တွင်မူ ငှက်ဆိုးသံကဲ့ သို့ ထင်ရ၏။
လုံးဝနားဝင် မချိုနိုင်တော့ပါ။ ကျောင်းသားလေးများ၏ စာအော် ကျက်သံ ကိုကြားရတိုင်း ရင်ထဲမကောင်းသလို စာနာသနားစိတ်များ လည်း တဖွားဖွား ဖြစ်ပေါ်မိသည်။ အရွယ်နှင့် မမျှအောင် ပင်ပန်းလှပေသည်။ သိရုံမျှဖြင့် လုံလောက် နေသည့် အကြောင်းအရာများကို ” ၏” “သည်”မရွေး အလွတ်ရအောင် ကျက်မှတ် နေကြရသည်။ ထိုကဲ့သို့ ပင်ပန်းကြီးစွာ ကျက်မှတ်ခဲ့သော စာများအားလုံးကို မှတ်မိသလားမေးလျှင် အဖြေမှာ နိုးပါ။ ဦးနှောက်၏ အလုပ်လုပ် ပုံအရလည်း အမြဲတမ်း မှတ်မိရန်မှာ မလွယ်ပါ။

စာကျက်သံများထဲတွင် လုံးဝ မကြားချင်သည်မှာ တက္ကသိုလ်ကျောင်း သူကျောင်းသားများ၏ စာကျက်သံဖြစ် ၏။ ကျွန်တော့်အိမ်တွင် နေသော နည်းပညာ တက္ကသိုလ်ကျောင်းသူတစ်ဦး ရှိသည်။ ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ယခုဆိုလျှင် Civil ကျောင်းသူပင် ဖြစ်၍နေပေပြီ။ သူမအနေဖြင့် ဝတ်ရသည့်ယူနီဖောင်းသာ လျှင် ပြောင်းသွားသည်။ တက်ရောက်ရ သည့် ကျောင်းသာလျှင် ပြောင်းသွား သည်။ စာကျက်ရခြင်းမှာ ပြောင်းလဲ၍ မသွား။ ပို၍တောင်မှများလာသေးသည်ဟု ထင်ရသည်။ သူစာကျက်နေသည်ကို ကြည့်ရင်း တက္ကသိုလ်ကျောင်းသား ဘ၀ကိုပင် စိတ်ကုန်ချင်စရာကောင်း လှသည်။ အမှန်မှာ အလွတ် ကျက်မှတ် နေရသော အကြောင်းအရာများသည် လက်တွေ့သဘော တစ်ခါမျှပြထားရုံဖြင့် တစ်သက်လုံး မမေ့နိုင်တော့သည့် အနေ အထား။
သင်ကြားသမျှ အားလုံးနီးပါးကို ကျက်ရသည်က အင်္ဂလိပ်လို။ သေသေ ချာချာ နားလည် သဘောပေါက်မှု ရှိ၊ မရှိဆိုသည်ကိုလည်း မသိနိုင်။ ဤကဲ့ သို့ လက်တွေ့နှင့် ကင်းကွာလှသော ပညာသင်ကြားရေး စနစ်ဖြင့် သင်ယူကြ ရပြီး ဘွဲ့ရလာခဲ့သည် ရှိသော် လုပ်ငန်း ခွင်၌ အောင်မြင်မှုရရန် အတော် ရုန်း ကန်ရနိုင်သည်။

အခြားသော တက္ကသိုလ် ပေါင်း များစွာတို့သည်လည်း ဘ၀တူ များပင် ဖြစ်ပေလိမ့်မည်။နောင်လာမည့် မျိုးဆက်သစ် ကျောင်းသားများအနေဖြင့် စာကို ကြက်တူရွေးကျက် ကျက်နေရခြင်းမှ လွတ်မြောက်ဖို့ဆိုလျှင် သင်ကြားရေး စနစ်၊ သင်ရိုး ညွှန်းတမ်းနှင့် စာမေးပွဲ စနစ်တို့ကို ပြောင်းလဲရပေမည်။ ထိုကဲ့ သို့ ပြောင်းလဲဖို့ဆိုလျှင် အခြေခံ အဆောက်အဦမှအစ ပြောင်းလဲရန် ဖြည့်ဆည်းရန် များစွာ လိုအပ်နေပေမည်။ အခြေခံ အဆောက်အဦများထဲမှ ကျောင်းဆောင်များအပြင် လျှပ်စစ်ဓာတ် အား ရရှိရေးမှာလည်း အရေးကြီးပေ သည်။

နိုင်ငံက ဆင်းရဲတွင်း နက်နေချိန် တွင် အခြေခံအဆောက်အဦများကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးဖို့ ဆိုသည်မှာ လွယ်လှသည်တော့ မဟုတ်။သို့သော် အချိန်မီမပြင်ဆင်ဘဲ ရှေ့ဆက် သွားပြန်လျှင်လည်း တစ်ခြားသော နိုင်ငံများကို ကျော်တက်ဖို့ မဆိုထားဘိ အမီလိုက်ရန်ပင် မဖြစ်နိုင်။ အခြေခံ အဆောက်အဦများအပြင် ဆရာ၊ ဆရာမများ၏ capacity ကို လည်း မြှင့်တင်ပေးရန် လိုအပ်သေးသည်။ သို့မှ သာလျှင် နည်းပညာများကို အသုံးချပြီး ထိထိရောက်ရောက် သင်ကြားပေးနိုင် မည် ဖြစ်သည်။ အရည်အချင်းညံ့သည့်၊ ကြိုးစားအားထုတ်မှု မရှိသည့် ဆရာ၊ ဆရာမများကို နယ်စွန် နယ်ဖျားပို့ရုံမျှဖြင့် မြန်မာ့ပညာရေး တိုးတက်လာဖွယ် မရှိ။ ထိုဆရာ၊ ဆရာမများ နယ်စွန်နယ်ဖျား ပို့ရုံမျှဖြင့် မိမိကိုယ်ကိုမိမိ အကောင်း ဆုံးဖြစ်အောင် ပြန်လည်ကြိုးစားကြ မည်ဟု အာမ မခံနိုင်။ ဖြစ်သင့်သည်မှာ ထိုဆရာ၊ ဆရာမများကို နယ်စွန်နယ်ဖျား ပို့မည် ဆိုလျှင်လည်း မွမ်းမံ သင်တန်းများ အချိန်အတိုင်းအတာ တစ်ခုအထိပေးပြီးမှ ပို့သင့်သည်ဟု ထင်ပါသည်။