ထားဝယ်ဒေသ လျှပ်စစ်တစ်ယူနစ် ၂၀၀ ကျပ်ဝန်းကျင်ဖြင့် ရမည်

0
472

ထားဝယ်ခရိုင်အတွက် လျှပ်စစ် ထုတ်ပေးမည့် ကုမ္ပဏီအသစ်ကို ရွေးချယ် လိုက်ပြီးနောက် လျှပ်စစ် တစ်ယူနစ်လျှင် ၂၀၀ ကျပ်ဝန်းကျင်ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြား သည်။

လက်ရှိ လျှပ်စစ်ထုတ်လုပ်နေသော ကြယ်နီလာကုမ္ပဏီက ယခင်အစိုးရနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်အရ လာမည့် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ် သည့်အတွက် လျှပ်စစ်ထုတ်လုပ်ရေး တင်ဒါကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။ ထိုကြောင့် ဇွန်လနောက်ပိုင်းတွင် လျှပ်စစ်မီး တစ်ယူနစ် ကျပ် ၂၀၀ ဝန်း ကျင်ဖြင့် ရရှိနိုင်မည့်အခြေအနေ ဖြစ်သည်။ တင်ဒါအောင် ဒေသခံ ကုမ္ပဏီဖြစ် သည့် Global Grand ကုမ္ပဏီက လိုင်းပေါ်တင်ပေးသည့် ဈေးဖြစ်သည့် (စက်ရုံထွက်ဈေး) လျှပ်စစ် တစ်ယူနစ် ၁၃၀ ကျပ်ဖြင့် ထုတ်လုပ်ပေးမည်ဖြစ် ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။

ထုတ်လုပ်မှုစရိတ်နှင့် ဒေသအ တွင်း ဖြန့်ဖြူးရေးစရိတ် ထည့်ပေါင်း လိုက်ပါက ၂၀၀ ကျပ် သို့မဟုတ် ၂၁၀ ကျပ်နှုန်းဖြင့် ပြည်သူများ သုံးစွဲနိုင်ရန် မျှော်မှန်းထားသည်ဟု ဝန်ကြီးချုပ်က ပြောသည်။လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်း အတွက်ကိုမူ လာမည့် မတ်လခန့်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်းအစိုးရဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ် ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။” မတ်လ ဆန်းလောက်မှ စီစဉ်ဖြစ် မယ်၊ ဘာဖြစ်လို့လဲဆိုတော့ စောလည်း နည်းနည်း စောပါသေးတယ်။ ကျွန်မက တစ်ယောက်တည်းတော့ မပေးချင်ဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

လက်ရှိတွင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကို DDPC ကုမ္ပဏီက လုပ်ဆောင်နေသည်။ ဇွန်လနောက်ပိုင်း DDPC ဆက်လက် လုပ်ကိုင်ခွင့်ရ မရ ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထားဝယ်ဒေသတွင် လျှပ်စစ်ကိစ္စ နှင့် ပတ်သက်၍ တတ်နိုင်သလောက် လုပ်ဆောင်ပေးနေပြီးဖြစ်ကာ ဒေသ အကျိုးရှိမည့် မည်သည့်ကိစ္စကိုမဆို လုပ် ဆောင်သွားမည်ဖြစ်ကြောင်း DDPC လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်ဇော် ဟိန်းက ပြောသည်။သဘာဝဓာတ်ငွေ့ အင်ဂျင်ဖြင့် လျှပ်စစ်မီးပေးရန် ယခင်အစိုးရလက် ထက်က တစ်ရက်လျှင် ဂက်စ်ကုဗပေ တစ်သန်းပေးနေရာမှ လက်ရှိအစိုးရ လက်ထက်တွင် ကုဗပေ ၂ သန်း ပေးနေသည်။

သို့သော် လက်ရှိ လျှပ်စစ်ထုတ် နေသည့် ကုမ္ပဏီတွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်းအတွက် အင်ဂျင် မရှိသည့်အတွက် ကုဗပေ ၁ သန်းသာ အသုံးပြုနေကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဒီဇယ်အင်ဂျင်များဖြင့် အားဖြည့်ပေးနေရ သည့်အတွက် နောက်ထပ် ထုတ်လုပ် ခွင့်ရသည့် ကုမ္ပဏီကို သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်းဖြင့် ၉ မဂ္ဂါဝပ်ခန့် ထုတ်နိုင်ရန်ပြင်ဆင်ခိုင်းထားပြီး အင်ဂျင် စက်ကို ၁၂ မဂ္ဂါဝပ် ခန့်အထိ ပြင်ဆင် ထားခိုင်းကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။

လက်ရှိအချိန်တွင် ထားဝယ်ခရိုင် လျှပ်စစ်သုံးစွဲမှုအများဆုံးအချိန်တွင် ၉.၅ မဂ္ဂါဝပ်ခန့် ရှိပြီး ကံပေါက်ဒေသရှိ ၁ မဂ္ဂါဝပ် အင်ဂျင်စက် ၆ လုံးမှ လျှပ်စစ် ဓာတ်အား ၅.၇ မဂ္ဂါဝပ် ထုတ်လုပ်နေ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။ဇွန်လနောက်ပိုင်းတွင် လုပ်ငန်း စတင်သည့် လျှပ်စစ်ထုတ်လုပ်ရေး တင်ဒါ ကို ဖိုးသီးချို၊ ကြယ်နီလာ၊ DDPC ၊ Global Grand ကုမ္ပဏီ ၄ ခုဝင်ပြိုင်ခဲ့ ကြသည်။

ယင်းအနက် Global Grand ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ် သည်။လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ၆၂၀ KVA ဒီဇယ်မီးစက်များဖြင့် ဖြည့် ဆည်းပေးနေပြီး ထားဝယ်ခရိုင်အတွင်း မီတာအလုံးရေ သုံးသောင်းကျော်ရှိ ကြောင်း လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။