မွန်ပြည်သစ်ပါတီ၏ အကောက်ခွန် ဂိတ် ၂ ခု တပ်မတော် ဖယ်ရှား

0
455

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူနှင့် သံဖြူဇရပ်ကားလမ်းပေါ်ရှိ မွန် ပြည်သစ်ပါတီ အကောက်ခွန်ဂိတ်စခန်း ၂ ခုကို တပ်မတော်က ဖယ်ရှားခိုင်းလိုက် သည်ဟု ဘုရားသုံးဆူမြို့ မွန်ပြည်သစ် ပါတီ ဆက်ဆံရေးရုံးမှ သိရသည်။

တပ်မတော် နယ်မြေခံ တပ်ရင်း ခလရ ၂၈၄ မှ ဖေဖော်ဝါရီ ၁၃ ရက်တွင် နယ်မြေခံမွန်ပြည်သစ်ပါတီ တာဝန် ရှိသူများအား ခေါ်တွေ့ပြီး ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းမပေါ်ရှိ မွန်ပြည် သစ်ပါတီ ဘုရားတောင်ဂိတ်စခန်းနှင့် ဇီးနှစ်ပင်ဂိတ်စခန်းတို့ကို ဖယ်ရှားပေးရန် ညွှန်ကြားထားခဲ့သည်။မွန်ပြည်သစ်ပါတီက အဆိုပါ ဂိတ်စခန်း ၂ ခုကို ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းခန့်ကဖယ်ရှားပေးခဲ့ပြီး မကြာခင်မှာပင် တပ်မတော်ဘက်က ဂိတ်ဝင်ထိုင်ခဲ့ကြသည်ဟု ပြောသည်။

“ဖယ်ပြီးတာနဲ့ပဲသူတို့ (အစိုးရ တပ်) ဝင်ထိုင်တယ်” ဟု မွန်ပြည်သစ် ပါတီ ဘုရားသုံးဆူ ဆက်ဆံရေးရုံး တာဝန်ခံ နိုင်စိုက်ရော့က ပြောသည်။
လက်ရှိတွင် မွန်ပြည်သစ်ပါတီ ဘက်က ဂိတ်စခန်း ၂ ခု ဖယ်ရှားပေးထား သည့်အနေအထားပင်ရှိကြောင်း အခြေ အနေထူးခြားမှု တစ်စုံတစ်ရာ မရှိသေး ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အကောက်ခွန်ဂိတ်စခန်း ၂ ခု ဖယ်ရှားပေးခြင်းသည် ဖေဖော်ဝါရီ ၁၂ ရက်က ဘုရားသုံးဆူမြို့နယ် ဂျပန်ရေ တွင်းကျေးရွာတွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီဗဟိုအဆင့် ၇၀ ကြိမ် မြောက် မွန်အမျိုးသားနေ့အခမ်း အနား တွင် စစ်ရေးပြအစီအစဉ် ပြုလုပ်ခဲ့သည် နှင့်ဆက်စပ်သည်ဟု နိုင်စိုက်ရော့က ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် အဆို ပါ ဂိတ်စခန်း ၂ ခုတွင် စခန်းချလာသည် မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီး ယခုကဲ့သို့ စခန်းဖယ်ရှားခိုင်းသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီမှ သိရသည်။