အမျိုးသမီး လက်ဝှေ့အားကစားသမားများ အလိုရှိသည်

0
365

တိုင်းအတွင်း ထူးချွန်သည့် အမျိုး သမီး လက်ဝှေ့(ဘောင်ဆင်) အားကစား သမားများ ပေါ်ထွက်လာစေရန် အတွက် လစဉ်ထောက်ပံ့ကြေးပေးကာ ပျိုးထောင် နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ)ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးလက်ဝှေ့ အားကစားသမားများ ပြုစုပျိုးထောင်ရေး စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သင်ယူနေသည့် ကစားသမား ၄၀ ဦးခန့်ရှိကြောင်း တိုင်း ဒေသကြီး အား/ကာ ဦးစီးမှူး၊ ဦးစိုးမိုး နိုင်က ဆိုသည်။ပုံမှန်အားဖြင့် သတ်မှတ်ချက် ကိုက်ညီသည့် ကစားသမားသင်တန်း သူများကို တစ်ရက်လျှင် ၅၀၀ ကျပ် နှုန်းဖြင့် လစဉ် ငွေ ၁၅၀၀၀ ကျပ် ထောက်ပံ့သည်။ နည်းပြဆရာများက ထောက်ခံခြင်း နှင့် ပြိုင်ပွဲအတွေ့အကြုံရှိကာ ဆုရရှိ လာခြင်း အစရှိသည့်အချက်ပေါ် မူတည် ကာ ၂၀၁၅ ခုနှစ် ဇူလိုင်လမှစကာ တစ်လလျှင် ၃၀၀၀၀ ကျပ်အထိ လစဉ် ထောက်ပံ့ပေးနေကြောင်း ဦးစိုးမိုးနိုင် က ရှင်းပြသည်။

ယခင်က ပြိုင်ပွဲဝင် အတိုက်အခိုက် အားကစားပြိုင်ပွဲများတွင် မြိတ်ဒေသမှ အမျိုးသမီး အားကစားသမားများ အဓိက ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
သို့သော် ထိုကစားသမားများ အသက်ကြီးလာသည့်အတွက် ကြံ့ခိုင်မှု အားနည်းလာခြင်း၊ ဆုရရှိမှု နည်းပါး လာခြင်း အစရှိသည့် အကြောင်းများ ကြောင့် အနာဂတ် အားကစားသမား သစ်များ ထွက်ပေါ်လာစေရန် ရည်ရွယ် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အား^ကာ တိုင်းဦးစီးမှူးက ပြောသည်။
အတိုက်အခိုက် အားကစားနည်း များဖြစ်သည့် လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ မြန်မာ့သိုင်း၊ ဝူရှူး အစရှိသည့် အား ကစားနည်းများတွင် တိုင်းနှင့် ပြည်နယ် ပြိုင်ပွဲများ၌ တနင်္သာရီတိုင်းက ဆုရရှိ နှုန်းမှာ ၇၅ ရာခိုင်နှုန်းခန့် ရှိသည်။

လက်ဝှေ့အားကစားနည်းတွင် အမျိုးသမီး လက်ဝှေ့သမား ဆုရရှိမှုပို များပြီး ဆုရသူ စုစုပေါင်း၏ ၈၀ ရာခိုင် နှုန်းမှာ (ဥပမာ အားဖြင့် စုစုပေါင်း ဆု ငါးဆုတွင် လေးဆုမှာ) အမျိုးသမီးများ ဖြစ်ကြောင်း တိုင်းအား/ကာ ဦးစီးမှူး ဦးစိုးမိုးနိုင်က ဆိုသည်။” ဝါသနာပါတဲ့ အမျိုးသမီးတွေ အချိန်မရွေး စာရင်းပေးပြီး လာသင်နိုင် တယ်” ဟု တိုင်းအား/ကာ ဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

သင်တန်းသူများ အတွေ့အကြုံရရှိ လာစေရန် ၁၀ မြို့နယ်ပြိုင်ပွဲများကိုလည်း ကျင်းပပေးနေပြီး ရန်ကုန်၊ မော်လမြိုင် မြို့များတွင်ရှိသည့် အားကစားသိပ္ပံ ကျောင်းများမှ ကျောင်းသူများနှင့် လက် ရည်စမ်းပွဲ များကိုလည်း ပြုလုပ်ပေး နေကြောင်း ဦးစိုးမိုးနိုင်က ဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ်ခရိုင်မှ ၂၀ ဦး၊ မြိတ်ခရိုင်မှ ၁၆ ဦးနှင့် ကော့ သောင်းခရိုင်မှ ၃ ဦး မှာ ထောက်ပံ့ကြေး ယူပြီး သင်ယူလျက်ရှိကြောင်း တိုင်း အား^ကာ ထံမှ သိရသည်။