ထားဝယ်စီမံကိန်း သုံးလအတွင်း လုပ်ငန်းပြန်စရန် အသင့်ဟုဆို

0
331

ထားဝယ် စီမံကိန်း မြေပြင်လုပ် ငန်းများကိုနှစ်လမှ သုံးလအတွင်း စတင် ရန် အသင့်ဖြစ်နေကြောင်း စီမံကိန်းတွင် အခြေခံ အဆောက်အဦ ဆောက်လုပ်ခွင့်ရ အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီက ပြောကြားလိုက်သည်။

စီမံကိန်း ပထမဆင့်အဖြစ် မြေ ဧက ၇၀၀၀ ကျောပေါ်တွင် စက်မှုဇုန် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး ဧက ၄၈၀၀ ပေါ်တွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ အတွက် စက်မှုဇုန် တည်ဆောက်သွားမည်ဖြစ် ကြောင်း ITD ဥက္ကဋ္ဌ ပရီချိုင်း၏ ပြောဆို ချက်ကိုဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
ယင်းအတွက် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး ယင်း အနက် ဒေါ်လာ သန်း ၅၀၀ ကို ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက် ရေးတွင် အသုံးပြုသွားမည်ဟု ဆိုသည်။

၄၅၀ မဂ္ဂါဝပ် ရှိ ယင်း ဓာတ်အား ပေးစက်ရုံကို မည်သည့် ဓာတ်ငွေ့ဖြင့် လည်ပတ်မည်ကို သတင်းတွင် မဖော်ပြ ထားပေ။သို့သော် ကနဦး သတင်းများ အရ ဓာတ်ငွေ့ရည် အသုံးပြုမည်ဟု ထုတ်ပြန် ထားသည်။ထိုင်းဘက်မှလာသော သတင်းများ တွင် ထားဝယ်စီမံကိန်း စတင်ရန် မြန်မာ အစိုးရဘက်မှ မီးစိမ်းပြနေပြီဖြစ်ကြောင်း ရေးသားမှုများရှိသော်လည်း မြန်မာဘက် မှ စီမံကိန်း တာဝန်ရှိသူများမှာ ယင်း သတင်းကို အတည်မပြုသေးပေ။ ” (ထားဝယ်စီမံကိန်း) မြေပြင်မှာ အမြန်ဆုံး ပြန်စနိုင်အောင်၊ ထင်သာမြင် သာရှိတဲ့ ရလဒ်တွေ ပြနိုင်အောင် ဆောင် ရွက်နေပါတယ်”ဟု ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်က ပြောကြားသည်။

အမြန်ဆုံးပြန်စနိုင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရများ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရတို့ဖြင့် ဟန်ချက် ညီစွာ ကြိုးပမ်းနေကြောင်း ဒေါက်တာ တင်ထူးနိုင်က ဆိုသည်။ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းဌာန၏ ရေးသားမှုများအရ ထားဝယ်စီမံကိန်းနှင့် ထိုင်းနယ်စပ်သို့ ဆက် သွယ်မည့် လမ်းဖောက်လုပ်ရန် မြန်မာ အစိုးရက အမေရိကန်ဒေါ်လာ ၁၂၉ သန်း (ထိုင်းဘတ် ၄.၅ ဘီလီယံ) ချေး ယူရန် သဘောတူပြီး ဖြစ်သည်ဟု လည်း ဆိုသည်။
သို့သော် တနင်္သာရီ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ကမူ ထိုချေးငွေကိစ္စ ဆွေးနွေးဆဲသာ ဖြစ်ကြောင်း တနင်္သာရီ အပတ်စဉ်သို့ ပြောကြားသည်။

ထားဝယ်စီမံကိန်းကို ယခင် ဖြစ် ပွားခဲ့သော မြေယာ လျော်ကြေး ပြဿနာ များ၊ စီမံခန့်ခွဲမှု အလွဲများဖြေရှင်းပြီးမှ ဆက်လက်လုပ်ကိုင်ရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှု စစ်တမ်းများ လုပ်ဆောင်ကာ ပြည်သူကို တင်ပြရန် ထားဝယ် အရေး လှုပ်ရှားသောမြန်မာနှင့် ထိုင်းအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများက မကြာ ခဏ ထုတ်ဖော်တောင်းဆိုလေ့ ရှိသည်။

ထိုသို့သော မြေသိမ်းယာသိမ်း ကိစ္စများကို ကြားသိထားပြီး ဖြစ်ပြီး စီမံကိန်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများလာရောက်မည်ဖြစ်သည့် အတွက် နိုင်ငံတကာစံချိန်စံညွန်းနှင့်အညီ စတင် နိုင်အောင် လုပ်ဆောင်နေကြောင်း အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်က ပြောကြားသည်။