သန္တာ ကျောက်တန်းများ ရောင်းဝယ် ဖောက်ကားနေ

0
515

ပြန်လည်ဖြစ်ထွန်းရန် နှစ်ရာချီ ကြာမြင့်သည့် သန္တာကျောက်တန်းများ နှင့် အခြား ပင်လယ်ရေငန်ငါး(နီမိုငါး)များကို အလှမွေးရန် အတွက် ထားဝယ် ဒေသတွင် ရောင်းဝယ်ဖောက်ကား နေမှု ရှိနေကြောင်း သိရသည်။

လက်သီးဆုပ်အရွယ်ခန့်ရှိ ကျောက် တုံးတွင်ဖြစ်သည့် သန္တာကျောက်တန်း တစ်ခုကို ငွေကျပ် ၁၂၀၀၀ ခန့် နှင့် ရှားပါးငါးဖြစ်သည့် သန္တာကျောက်တန်း တွင်အများဆုံး ကျက်စားသည့် နီမို ငါးတစ်ကောင်လျှင် ငွေကျပ် ၁၈၀၀၀ နှုန်းဖြင့် ရောင်းချ နေခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် ရှားပါးမျိုးစိတ် ဖြစ်သည့် သန္တာ ကျောက်တန်းများကို လက်ရှိအချိန်၌ တရားဝင်ရောင်းဝယ်ခွင့် ပိတ်ထားပြီး သန္တာ ကျောက်တန်းများ ပျက်စီးသွားပါက ငါးနှင့် အခြားရေနေ သတ္တဝါများ ရှားပါး မျိုးတုန်းသွားနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များ အဖွဲ့ (FFI)မှ အဏ္ဍဝါနှင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ် ညှိနှိုင်း ရေးမှူးက ပြောသည်။

” သန္တာကျောက်တန်းတစ်ခု ဖြစ် လာဖို့က နှစ်ပေါင်းရာချီပြီး အချိန်ယူ ရတယ်” ဟု အထက်ပါညှိနှိုင်းရေးမှူး ဦးဇော်လွန်းက ပြောသည်။
သန္တာကျောက်တန်းများမှာ ကမ္ဘာ့ဧရိယာ၏ ၀.၂ ရာခိုင်နှုန်းသာရှိပြီး ကမ္ဘာ့ပင်လယ်အတွင်းရှိ ငါးအားလုံး၏ ၃၀ ရာခိုင်နှုန်းမှာ သန္တာကျောက်တန်း များတွင် ကျက်စားနေထိုင်ကြောင်း ၎င်း က ဆိုသည်။ထားဝယ်ဒေသတွင် ရောင်းချနေ သည့်သန္တာကျောက်တန်းများကို ရန်ကုန်ဘက်မှ မှာယူရောင်းချနေသည် ဟု ဆိုသော်လည်း ခရီးသွားလုပ်ငန်း ရှင်အချို့ကမူ ထားဝယ်ဒေသရှိ ကျွန်း များမှ ယူဆောင်လာခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိသည်။

” သန္တာကျောက်တန်းတွေ ပျက်စီး လာပြီဆိုရင် ခရီးသွားလုပ်ငန်းတွေ အ တွက် ထိခိုက်မှု အများကြီးရှိလာနိုင် တယ်”ဟု Dawei Toee ခရီးသွား ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူက ပြောသည်။သန္တာကျောက်တန်းများမှာ ခရီးသွားလုပ်ငန်း၏ သယံဇာတပင်ဖြစ် ကြောင်း အထက်ပါကုမ္ပဏီပိုင်ရှင် ဦးထိန်ဝင်းက ဆိုသည်။
သန္တာကျောက်တန်းများ ထိန်းသိမ်း ကာကွယ်နိုင်ရန် သက်ဆိုင်ရာဌာနများက ပြတ်ပြတ်သားသား ကိုင်တွယ်ရန် လို အပ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်ဆန်း ပိုင်းမှစကာ ထားဝယ်ဒေသရှိ လောင်းလုံး ဘုတ်ကျွန်းရေအောက်တွင် ရှိသည့် သန္တာကျောက်တန်း အလှများကို စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြား လာရောက် လည်ပတ်ခဲ့ကြသည်။

ခရီးသွားများ သွားလာမှုများသည့် အချိန်တွင် ကြပ်မတ်မှု အားနည်းသဖြင့် သန္တာကျောက်တန်း အခက်အလက် များကိုချိုးယူပြီးအမှတ်တရ ယူဆောင် သွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူး ကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရ သည်။ရှားပါးမျိုးစိတ်ဖြစ်သည့် သန္တာ ကျောက်တန်းများကို ရောင်းဝယ်၊ ချိုးဖဲ့၊ တူးဖော်မှုများကို ကန့်သတ်ထားပြီး တရားဝင် လုပ်ကိုင်ခွင့် မပြုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။
” ခိုးလုပ်တာပဲရှိမှာပါ၊ တရားဝင် လိုင်စင်တော့ လုံးဝပေး မထားဘူး” ဟု ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

ငါးမိုင်းခွဲခြင်းနှင့် သန္တာကျောက် တန်းများပေါ်တွင် ဒရွတ်ဆွဲပိုက်ဖြင့် ငါး ဖမ်းခြင်း အစရှိသည့် အကြောင်းအရာများ ကြောင့်လည်း ပျက်စီးမှုရှိသည်။
သန္တာကျောက်တန်း အပါအဝင် ငါးကြီးအန်ဖတ်၊ လိပ်၊ လိပ်ဥ အစရှိ ပင်လယ်ထွက်ပစ္စည်းများကို လုပ်ငန်း လိုင်စင်မရှိဘဲ ရောင်းဝယ် ဖောက်ကား ခြင်း၊ ဖမ်းယူခြင်း၊ ပြုပြင်ခြင်းနှင့် တူး ဖော်ခြင်းများ ပြုလုပ်ပါကမြန်မာ့ ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၀ အရအရေး ယူနိုင်ကြောင်းတိုင်း ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ယင်းပုဒ်မအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေ ဒဏ် ကျပ် ၃ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရနိုင်ကြောင်း အထက်ပါ ဥပဒေအရ သိရသည်။