တက္ကသိုလ်နှင့် မျက်မမြင် မိဘများ

0
457

” ငုဝါပွင့်ရာ… ကံ့ကော်ပွင့်ရာ… စိန်ပန်းပွင့်ရာ.. တက္ကသိုလ်ကျောင်းတော် မှာလေ..” ဆိုတဲ့ ချိုပြုံးရဲ့ တက္ကသိုလ်က ငွေလမင်း သီချင်းလေးကို အိမ်က ကက်ဆက်အစုတ်ကလေးနဲ့ ဖွင့်တိုင်း အမေက ပြောတယ်။ အားမလိုအားမရနဲ့။

” အကြီးတွေတော့ နိဋ္ဌိတံသွားပြီ၊ ငါ့သားအလှည့်ရောက်မှ ရွှေတိဂုံဘုရား ကြီးဖူးပြီး၊ ရန်ကုန်တစ်ခွင် ပြဲပြဲစင် အောင်ကို လျှောက်လည်ပစ်ဦးမယ်” တဲ့။
အမေ အားခဲခဲ့ ရှာတယ်။ ဘာမှ မထူးခဲ့ပါဘူး။ ကျွန်တော်လည်း သက်မွေး ဝမ်းကျောင်း ပညာရေးနဲ့ပဲ ဇာတ်သိမ်းခဲ့ ရတော့ တက္ကသိုလ်ဆိုတာ ဖြူသလား၊ မည်းသလား အမေ မသိခဲ့ ရရှာဘူး။ကိုယ်တိုင် မိဘအလှည့် ပြန်ရောက် တော့ အမေ့လိုပဲ သားသမီး တွေအပေါ် မျှော်လင့်ချက်တွေ ထားခဲ့မိပြန်ရော။
ကိုယ့်မိဘတွေဆိုတာကလည်း ဟိုး .. ဂျပန်ခေတ်တွေ၊ အင်္ဂလိပ်ခေတ်တွေနဲ့ နှစ်ပါးသွားခဲ့ရတော့ တက္ကသိုလ်မပြောနဲ့ အထက်တန်း ပညာရေးကိုတောင် အနံ့ မရဘဲ ဘ၀တွေ အချိန်တွေ ကုန်ခဲ့ကြတာ လေ။

ကျွန်တော်တို့ ခေတ်မှာတော့ အထက် ဗမာပြည်က လူငယ်တွေက မန္တလေး တက္ကသိုလ်ကြီးနဲ့ ဆုံတွေ့ ရင်းနှီးခွင့်ရကြ၊ အောက်ဗမာပြည်အတွက် ကတော့ ရန်ကုန်တက္ကသိုလ်ကြီးပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ တက္ကသိုလ်ဆိုတာ လက်တွေ့ဘ၀နဲ့ ဝေလာ ဝေးရောပါပဲဗျာ။ အဲဒီအချိန်တွေကဆို တက္ကသိုလ် ကျောင်းသားဆိုတာ ရှားပါးစာရင်းဝင်။ ရပ်ကွက်ထဲ၊ ရွာထဲ စေ့စေ့ ပေါက်ပေါက် ရှာမှ လက်ဆယ်ချောင်းပြည့်အောင် မရှိဘူး။ အဲဒီတုန်းက ” ဘွဲ့ရ ” ပညာ တတ်လို့ ပြောကြတယ်။ သိပ်ပြီး ထည်ဝါ ဂုဏ်ရှိန်ကြီးတဲ့ စကားလုံးလေးပါ။ တန်ဖိုးလည်း သိပ်ကြီးတယ်။

ဒီဘက်ခေတ်ရောက်လာတော့ ဟောတစ်ခု၊ ဟောတစ်ခုနဲ့ တက္ကသိုလ် ပေါင်းသောင်းခြောက်ထောင် အစိုးရ အဆက်ဆက်ရဲ့ စေတနာတွေပါ။ တက္ကသိုလ်တွေ ပေါများလာရခြင်း အကြောင်းကို အမြင်အမျိုးမျိုးနဲ့ ပြောကြ ဆိုကြတာတွေရှိပါတယ်။ ကျွန်တော် ကတော့ ကောင်းတဲ့ ဘက်ကနေပြီး ပြောမိ မြင်မိပါတယ်။ တကယ်ပါ နိုင်ငံတော်ရဲ့ စေတနာပါ။ ဝေးလံခေါင်သီတဲ့ ဒေသ တွေက ကလေးတွေနဲ့ မိဘတွေအတွက် ရန်ကုန်နဲ့ မန္တလေးဆိုတဲ့ နေရာတွေဆီကို လှမ်းဖို့ဆိုတာ မလွယ်ကူလို့ တိုင်းဒေသကြီး အလိုက် အနီးကပ်ဆုံးထိရောက်အောင် ခုခေတ်စကားနဲ့ ပြောရရင် ဆွဲစိပေးလိုက် တဲ့သဘော။

မိဘတွေကတော့ဗျာ ကျေးရွာတွေ အထိ နောက်ဆုံး အိမ်တိုင်ရာ ရောက် တက္ကသိုလ်တွေထိ ဖွင့်ပေးနိုင်လေ ကြိုက် လေပါပဲ။ ဟုတ်တယ်လေ။ သားသမီး တွေဆိုတာ အိမ်ကနေ ဧရိယာပြင်ပ ရောက်သွားရင် ထီမထင်ကြတော့ဘူး။စဉ်းစားကြည့်။ တက္ကသိုလ်ဆိုတာ မိဘတိုင်းရောက်ဖူးကြတာတော့ မဟုတ် ဘူး။ ကျောင်းတွေစပြီး အပ်ကတည်း ကိုက အထူးသဖြင့် ကျုပ်တို့လို နယ်က မိဘတွေအဖို့ ” ငါတို့က ဘာမှနားမလည် ဘူး နင့်ဦးလေးတို့ နင့်အဒေါ်တို့နဲ့သွား သူတို့က မနေ့တနေ့ကမှ ကျောင်းပြီးထား တာ” ၊ ” ဟဲ့ ငါတို့မှာ ဆယ်တန်း ပင် လယ်ကူးကတည်းက လက်ပန်းခြေပန်း ကျနေပြီ။ အစဉ်ပြေသလို ကြည့်လုပ်ကြ” ။

အဲသလို တွန်းပို့ဖြစ်ခဲ့ကြတာ။
အဲ . . . ကျုပ်အဖြစ်လေး ပြော ဦးမယ်။ ပထမနှစ်မှာ သမီး တက္ကသိုလ် တက်နေမှန်းကို မသိကြဘူး။ ကျုပ်တို့ ကြွားမှ အော် . . . သမီး တက္က သိုလ်တက်နေပြီလား၊ ဘာလားပေါ့ အောင်စာရင်း ထွက်တော့ကော အောင် လား၊ အောင်တယ်။ ဒါပါပဲ၊ လွယ် လွယ်လေး။ ဪ တက္ကသိုလ်ဆိုတာ ဖင်ပေါ့၊ ဝန်ပေါ့နဲ့ အချိန်တန်ဘွဲ့တစ်ခုရ လိမ့်မယ်။ ဒီလိုပဲ တွက်ခဲ့တာ။

ဟော ဒုတိယနှစ် နှစ်လလောက် ကျော်လာတာနဲ့ အသံနဲနဲ ထွက်လာပြီ ကျောင်းပါးဝ လာကြပြီ။ သိတယ် မို့လား၊ ဖိုးတွမ်တီးတွေနဲ့ အလိမ် အခေါက် အဆွဲတွေက မက်ဆီတို့ ရော်နယ်ဒိုတို့ ငေးလောက်တယ်။ စနေ၊ တနင်္ဂနွေ အိမ်ပြန်လာလို့ “တနင်္လာနေ့ တစ်ရက်လောက် ခွင့်ယူလိုက်ပါလား၊ မေမေ နေမကောင်းလို့” ဆိုတော့ မနက် ပိုင်းက ပရယ်တီကယ်နဲ့တဲ့၊ ပြီးတော့ ကျူတိုရီရယ်လည်း ရှိတယ်တဲ့ ကိုယ်နဲ့ မရင်းနှီးတဲ့ စကားလုံးတွေနဲ့ ပြောလာရင် ကိုယ်တွေက နဝေ တိမ်တောင်နဲ့ အထွန့် တက်ပြီး မေးခွန်း မထုတ်ရဲကြတော့ဘူး လေ။
ရပ်ဝေးက မိဘတွေဆိုတာ ပတ် ဝန်းကျင်ကောင်းမှ သားသမီးကိစ္စ အဝ၀ကို သိရမှာလေ။

ဒုတိယနှစ်ဝက် လောက်ရောက်ပြီ ဆိုရင် တော်တော်များများ ရည်းစား ထားလာကြပြီ။ အဲဒီထဲက တချို့ ကလေးတွေများကြတော့ လူမြင်ကွင်း တွေ မရှောင် ဗြောင်ကျကျ တွဲသွား တွဲလာ နဲ့လေ။ ကျုပ်လဲတက္ကသိုလ် ကျောင်းသားမိဘဆိုတော့ “တက္ကသိုလ် သံစုံ တီးဝိုင်း” ကြားရတာပဲလေ။
ဦးလေး သမီးတယောက် ဘယ် အအေးဆိုင်မှာ ကောင်လေး တယောက် နဲ့တဲ့။ ” ဒိန်း” ခနဲ ဒေါသဖြစ်တာပေါ့၊ မိဘပဲ။ အဒေါ့် သားတယောက် ကျောင်း မှာ မတွေ့ရဘူးဆိုတာ တွေရော..။ မောင်း မကန်မှာ သူတို့ ခြေရာတွေချည်းပဲတို့၊ စုံလို့ စုံလို့။

လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ ထမင်းဆိုင်တွေ ပန်းခြံတွေမှာ တွဲသွားတွဲ လား စကားတွတ်ထိုး နေကြတာတွေဟာ ရှေးရိုးစွဲတဲ့သူတွေရဲ့ အမြင်မှာတော့ အမြင်မတော်ဘူးပေါ့ဗျာ။ ဒီတော့ တွေ့တဲ့မြင်တဲ့သူတွေက မိဘတွေကို ပြန်ပြောပြကြတယ်။ စေတနာနဲ့ပါ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ စေတနာ တွေကိုလည်း မပစ်ပယ်အောင် စောင် မကြည့်ရှုမှုကိုလည်း လေးစား ကျေးဇူး တင်ဖြစ်မိပါတယ်။ ဒါမှလည်း လမ်း ကြောင်းတည့်ရင်း ဥပမာတွေနဲ့ ဆူပူ ကြိမ်းမောင်း ပြောကြရတာ မဟုတ် လား။တစ်ဖက်က ပြန်စဉ်းစားကြည့်တော့ ဆူပူကြိမ်းမောင်းမှုတွေ ချုပ်ချယ် ကန့်သတ် တင်းကျပ်မှုတွေ လွန်ကဲလာ ရင်လည်း “လူတွေရဲ့မမြင်ကွယ်ရာ”ကို ရှာသွားကြရင် အခက်။

အခုခေတ် ကလေးတွေက သူတို့ ကိုယ်သူတို့ ဆုံးမစရာမလိုပဲ အရာရာ ပြီးပြည့်စုံပြီး သိပြီးတတ်ပြီးသားတွေလို့ ခံယူထားသူတွေက များတယ်။
ပြီးတော့ ခုခေတ် တည်းခိုခန်း တွေကလည်း၊ ဂျိမ်းစ်ဘွန်းကားတွေလို စွယ်စုံသုံးလို့ ရတယ်လေ။ အန္တရာယ် ကြီးတဲ့ အမှောင်ခန်းတွေဆီ တွန်းပို့ သလိုလည်း ဖြစ်သွားမှာ စိုးရနဲ့၊ မိဘ တွေခမျာ မျောက်နဲ့ မီးခဲပါပဲဗျာ။ တချို့ မိဘတွေက တက္ကသိုလ် ဆိုတာနဲ့ သရဲခြောက်တဲ့ စံအိမ်ကြီး တစ်ခုလို ထင်နေကြတာလည်း ရှိတယ်။ တချို့ကျတော့ “ဘွဲ့သာရတာပါ၊ ဘာမှလည်း မတတ်ဘူး အလကား ငွေကုန်အချိန်ကုန် လူပန်း” တဲ့။
” ကျုပ်တို့သားကတော့ ဘွဲ့မရပေမဲ့ ပညာတွေ တတ်လာလိုက်တာ” တဲ့။ ဘာ ပညာတွေလည်းတော့ မသိဘူး။

“သားတယောက် ကျောင်းထား လိုက်တာ ဖွတ်မရ ဓားမဆုံး” ပါပဲ ဆိုတာတွေလည်း ပါတယ်။ပြီးတော့ ရှိသေးတယ်။ ” ကျောင်းတက်ဖို့ ပေးလိုက်တဲ့ ဆိုင်ကယ်လဲကုန်၊ လူလည်း မွဲခြောက် ခြောက်၊ ကျောင်းလည်း ပြီးအောင် မတက်နဲ့၊ မောင်းမကန်ကမ်းခြေမှာ သေးပေါက် လိုက်သလိုပဲ” တဲ့။
ကဲ ကောင်းရော။

ဘာပဲဖြစ်ဖြစ် မိဘတွေဆိုတာ ကိုယ့်သားသမီးတတ်သည် မတတ် သည် အပထား၊ တက္ကသိုလ်မှ တက်ပြီး ရင်တော့ ချွေးပြန်နေတဲ့ မျက်နှာတွေနဲ့ အလှ ဓာတ်ပုံလေး တစ်ပုံတော့ ရိုက် လိုက် ချင်ကြပါတယ်။မနှစ်တုန်းက အိမ်က သမီးလည်း ဒုတိယနှစ်ကျပါလေရော။ ဘာပြော ကောင်းမလဲ မိုးမီးလောင်ပေါ့။ မီးလောင် ရာလေပင့် စကားတစ်လုံးက ပါလာသေး တယ်။ ဘာတဲ့ ” အရင်ခေတ်ကလို ” ဂါ ” လို့ မရတော့ဘူးတဲ့။ ကဲ။ ” ဂါ “မရလို့ ကျတယ်ဆိုတဲ့ ဆင်ခြေက အာစရိယ ဂုဏောကို မထီမဲ့မြင် ပြုတာပါ။ ကိုယ် ကြိုးစားခဲ့ရင် စိတ်ဝင်စားစွာ အား ထုတ်ခဲ့ရင် ” ဂါ ” စရာလို သေးလား၊ ” ဂါ ” ရင်းနဲ့ လွတ်သွားခဲ့တဲ့ ငါးတွေရော ကြီးကုန်ပြီလား၊ ဘယ်နေရာ ဘယ် အဆင့်ထိ ခရီးနှင်နေပြီလဲ။ စဉ်းစား မိပါတယ်။ အချိန်တန်ရင် ” ဂါ ” လိုက် တာနဲ့ အောင်ကရောဆိုတဲ့ အတွေးအခေါ် အစုတ်အပြတ်တွေ အရိုးစွဲသွားမှဖြင့် နောင်ရေး ရင်လေး လှချည်ရဲ့။ ဂါတယ် ဆိုတာ” ဂါရ၀ပြုခြင်း ” ဆိုတဲ့ ဝေါဟာရ ကို ခြုံကြည့် လိုက်ကြတယ် ထင်ပါရဲ့။ ဂါရ၀တရားဆိုတာ ရိုသေထိုက်စွာ ဂုဏ်တင့်တဲ့ စကားစုလေးပါ။ ဒါကို အလွယ်သဘောနဲ့ ” ဂါ ” တယ်၊ ” ဂါ ” တယ် နဲ့ အသုံးများလာတော့ အပေါစား စကားလုံးတစ်ခု ဖြစ်သွားရော။

လေးလေးနက်နက် စဉ်းစားရမည့် နောက်တခုကတော့ ဒုတိယနှစ်ကို ဒုတိ ယအကြိမ်မြောက် ရှုံးခဲ့တဲ့ကလေး တယောက်။
မိဘရော၊ ကလေးအတွက် ရင်လေး မိပါတယ်။အမေစိတ်ဆင်းရဲမှာ စိုးလို့တဲ့၊ အမေက ပြောတယ်။ ဒီနှစ်သာ ထပ်ကျ ရင် အမေရင်ကျိုးပြီး သေမှာတဲ့ အမေ့ မှာ ရောဂါနဲ့တဲ့။ ကျတဲ့အကြောင်း မပြောဘဲ၊ နေ့တိုင်း ကျောင်းသွားတယ်။ ဘယ်နေရာတွေများလဲ၊ အန္တရာယ်ကော ကင်းရဲ့လား၊ အပြင်မှာ ဖြုန်းနေပစ်တဲ့ အချိန်တွေ တနှစ်လုံးသာဆိုရင် လေလွင့် သွားမယ့် စိတ်ဒဏ်ရာတွေ၊ သားသမီး ကိုယုံတဲ့ မိဘစုံလုံး ကန်းခိုင်းမှာလား၊ ဘုရား၊ ဘုရား အမှန်အတိုင်း ပြောပြဖို့ ဝန်လေး နေရလောက်အောင် ဖိအား တွေက “လေးလံလွန်းလို့လား” ပြောပြ ဖို့ခွန်အားတွေ မွေးပေးပါကွယ်၊ အမေ ဆူရင် ခဏပါ။ ဘ၀မှာ လိမ္မာ ရမည့် အချိန်တွေကို နောင်တတွေနဲ့ မဖြတ် သန်းမိစေချင်ဘူး။

မိဘတွေ အနေနဲ့လည်း ကိုယ့်သား သမီးရဲ့ ပကတိ အခြေအနေနဲ့ ရောက် သင့်တဲ့နေရာထက်ပိုပြီး မျှော်လင့် လွန်တာမျိုးကို ဖယ်ရှားနိုင်ပါစေ။
အရှုံးကို လက်ခံနိုင်ဖို့လည်း ပြင်ဆင်နားလည် ပေးစေချင်ပါတယ်။ မိဘတွေမှာက ဘ၀ရဲ့ လောကဓံ ဖိအားတွေနဲ့ မအားလို့ တက္ကသိုလ် ဆိုတာကို ကိုယ်တိုင်ပုံရိပ် မဖမ်းနိုင် ရင်တောင်မှ နီးစပ်ပတ်သက်ရာတွေ ဆီက သားသမီးတွေရဲ့ ပုံရိပ်တွေကို စုစည်းပြီး အပြုသဘောဆောင်တဲ့ ဖိအားတွေမှ တစ်ပါး၊ ဝန်မပို စေချင်ပါဘူး။
မိဘတွေရော၊ သားသမီးတွေပါ တက္ကသိုလ်ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ မရစေချင်ပါဘူး။

” နင်ကော ဆယ်တန်း အောင် ပြန်ပြီလား” လို့ နောင်လာ နောင်သား တွေကို မျက်ရည်ဝဲ . .ဝဲနဲ့ မေးပြော ဖြစ်ခြင်းကင်းဝေး စေချင်ပါတယ်။