ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးလာပါက ငါးမိုင်းခွဲမှု လျော့လာနိုင်ဟုဆို

0
358

တိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာပါက ပင်လယ်ပြင် တွင် မိုင်းခွဲကာ တရားမဝင် ငါးဖမ်း ဆီးနေမှုများ လျော့ပါးလာနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ဝန်ကြီးက ပြောကြားသည်။

ငါးမိုင်းခွဲခြင်းကြောင့် ကျွန်းများ တွင် သန္တာကျောက်တန်း ပျက်စီးမှုများ ရှိနေသည်။ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာ ပါက လူအသွား အလာများလာသည့် အတွက် ယင်းကဲ့သို့ မိုင်းခွဲကာ ငါးဖမ်း မှုများ လျော့ပါးလာနိုင်ကြောင်း ဝန်ကြီး က ဆိုသည်။” ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ် ဆိုရင် ဒါတွေက တဖြည်းဖြည်း လျော့ နည်းလာနိုင်တယ်” ဟု တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ခရီးသွား လုပ်ငန်းဖွံ့ဖြိုး လာစေရန် တိုင်းအစိုးရက လိုအပ်သည့် ဖြေလျော့ မှုများ အမြန်ဆုံး လုပ်ဆောင်သင့် ကြောင်း ထားဝယ်မြို့ အခြေစိုက် ခရီး သွားကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သူက ဆိုသည်။ရေအောက် သန္တာကျောက်တန်းများ ပျက်စီးစေ သည့် အကြောင်းအရင်းများ ထဲတွင် မိုင်းခွဲကာ တရားမဝင် ငါးဖမ်း ခြင်းကြောင့် ပျက်စီးမှုမှာ အဓိက အချက် အဖြစ် ပါဝင်ကြောင်း သန္တာကျောက်တန်း နှင့် ပတ်သက်သည့် ပညာရှင်များ ထောက်ပြသည်။

လက်ရှိအချိန်တွင် ပင်လယ် ကမ်းဝေးငါးဖမ်းလှေအချို့ တရွတ်ဆွဲ ပိုက်များ အသုံးပြုကာ ကမ်းနှင့်နီးကပ် သည့် နေရာတွင် ဝင်ရောက် ငါးဖမ်း ဆီးမှုများလည်း ရှိကြောင်း ကမ်းနီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသည့် ရေလုပ်သားများထံမှ သိရသည်။