တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့်လျှောက်လွှာ လာမည့်လ ရောင်းမည်

0
363

ထားဝယ်မြို့ စုပေါင်းရုံးအနီးတွင် တည်ဆောက်နေသည့် တန်ဖိုးသင့် တိုက်ခန်း ဝယ်ယူလိုသူများကို လာမည့် မတ်လမှစကာ လျှောက်လွှာများ ရောင်း ချမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

တည်ဆောက်မှုလုပ်ငန်း ပြီးစီး တော့မည်ဖြစ်သည့် တန်ဖိုးသင့် တိုက် ခန်း ၇၂ ခန်းရှိပြီး အငြိမ်းစားဝန်ထမ်း၊ လုပ်သက်ရင့် ဝန်ထမ်းများကို ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကာ လုပ်သက် နုဝန်ထမ်းနှင့် နေစရာအခက်အခဲရှိသည့် ပြည်သူများကို ဒုတိယဦးစားပေးအနေဖြင့် ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြား ရေးမှူးက ဆိုသည်။ရောင်းချမည့် တိုက်ခန်းတန်ဖိုးကို လက်ရှိအချိန်ထိ သတ်မှတ်နိုင်ခြင်း မရှိ သေးပေ။

” တန်ဖိုးကတော့ မြေပိုင်ဆိုင်မှု မပါ ဘူး မြေတန်ဖိုးမပါဘူး၊ ဈေးနှုန်း စိစစ်ရေး ကော်မတီ ဖွဲ့ထားတာရှိတယ်၊ သူတို့ ဆီက တွက်ချက်မှုတော့ တက်မလာသေး ဘူး” ဟု တိုင်းအစိုးရအဖွဲ့ရုံးညွှန်ကြားရေး မှူး ဦးသိန်းအောင်က ပြောသည်။လျှောက်လွှာ ရောင်းချပြီးချိန်မှသာ တစ်လုံးတစ်ခဲတည်း (သို့မဟုတ်) အရစ် ကျစနစ်ဖြင့် ရောင်းချမည်ကို သိနိုင်မည် ဖြစ်ကြောင်း ဦးသိန်းအောင်က ဆိုသည်။

အငြိမ်းစားဝန်ထမ်းအများစုမှာ ငွေကြေး ပြည့်စုံသူနည်းပါးသဖြင့် တစ် လုံးတစ်ခဲတည်း ပေးချေသည့်စနစ်ဖြင့် ဝယ်ယူနိုင်သူ မရှိသလောက်သာ ရှိလိမ့် မည်ဖြစ်ကြောင်း ထားဝယ်မြို့နေ ပညာ ရေးဌာနမှ အသက် ၆၅ နှစ် အရွယ် အငြိမ်းစား ကျောင်းဆရာ တစ်ဦးက ပြောသည်။

” ဘယ်သူမှ တစ်လုံးတစ်ခဲတည်း ဝယ်နိုင်မှာ မဟုတ်ဘူး ၊ တတ်နိုင်တဲ့ ငွေပမာဏနဲ့ အရစ်ကျစနစ်နဲ့ ရောင်းပေး စေချင်တယ်” ဟု အဆိုပါ အငြိမ်းစား ကျောင်းဆရာက ဆိုသည်။အဆိုပါ တိုက်ခန်းများကို ရောင်းချ ရာမှ ရရှိလာသည့် ငွေကြေးဖြင့် တန်ဖိုးနည်းအိမ်ရာများ ပြန်ဆောက် သွားရန် ရည်ရွယ်ချက် ရှိသည့်အတွက် အရစ်ကျစနစ်ဟုဆိုသော်လည်း နှစ်ရှည် ပေးချေသည့်စနစ် ရနိုင်မည် မဟုတ် ကြောင်း ဦးသိန်းအောင်က ပြောသည်။
သို့ရာတွင် တစ်လုံးတစ်ခဲတည်း ပေးချေသည့် စနစ်ဖြင့် ရောင်းမကုန်ပါက သက်ဆိုင်ရာဘဏ်နှင့် ချိတ်ဆက်ပြီး ရောင်းပေးရန် အစီအစဉ်ရှိကြောင်း ဦး သိန်းအောင် ကဆိုသည်။

ဝယ်ယူပြီးသည့် တိုက်ခန်းများကို တစ်ဆင့်ပြန်ရောင်းချခွင့်ရှိ၊ မရှိကိုလည်း မသတ်မှတ်ရသေးကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးထံမှ သိရသည်။