အနားမညီတော့သည့် တြိဂံ

0
673

ပညာရေးတွင်စံထား အသုံးပြုသော သုံးနားညီတြိဂံ တစ်ခုရှိသည်။ထို သုံးနားညီတြိဂံမှာ မိဘ၊ ဆရာ၊ ကျောင်းသားကို ကိုယ်စားပြုသည်။
မိဘ၊ ဆရာနှင့်ကျောင်းသား လက် တွဲညီညာ ကြိုးစားပါမှ အောင်မြင်မှု ရမည်ဟု ဆိုလိုရင်းဖြစ်သည်။

အမှန် တကယ်လည်း သုံးဦးသုံး ဖလှယ် ညီဖို့ လိုလေသည်။ အနားတစ်ဖက် မညီပါက ရပ်တည်နိုင်ရန် ခက်ခဲသကဲ့သို့ အောင် မြင်မှုရရန်လည်း မလွယ်ကူချေ။ ယခင်က အနားညီခဲ့သော ထိုတြိဂံလေးမှာ ယခု အချိန်တွင်တော့ အနားမညီချင်တော့ပေ။အဘယ်ကြောင့်နည်း…..။

မြန်မာ့ပညာရေး၏ မူလအစသည် ဘုန်းတော်ကြီးသင်ပညာရေးမှ အစပြုခဲ့ ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးသင် ပညာ ရေးကျေးဇူးကြောင့်လည်း မြန်မာ အမျိုးသား၊ အမျိုးသမီးများ ပညာတတ် မြောက်မှု ရာခိုင်နှုန်းမြင့်ခဲ့ရသည်။ ဘုန်းတော်ကြီးသင် ပညာရေး စနစ်တွင် အရေး၊ အဖတ်၊ အတွက်အပြင် ၃၈ဖြာ မင်္ဂလာတရားတော်များနှင့် အခြားသော ဗုဒ္ဓစာပေများလည်း သင်ကြားခွင့်ရ ခဲ့ကြသည်။ ဗုဒ္ဓ၏အဆုံးအမ တရားတော် များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသောကြောင့် ထိုခေတ်က မြန်မာကလေးငယ်များ လိမ္မာ ယဉ် ကျေးကြလေသည်။ သို့သော်လည်း အားနည်းချက်တစ်ခုမှာ သိပ္ပံ ဘာသာရပ် များကို သင်ကြားခွင့် မရခဲ့ကြခြင်း ဖြစ် သည်။

ကိုလိုနီခေတ်မှစ၍ မြန်မာ့ပညာ ရေးစနစ် စတင် ပြောင်းလဲလာခဲ့သည်။ ယခုအချိန်ထိလည်း ပြောင်းလဲရင်း ပြောင်းလဲမှုများ လုပ်နေရဆဲ။ သို့သော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များမှာ ယခုအချိန်အထိ ကျောင်းသား အချို့ အားကိုးအားထား ပြုနေရဆဲဖြစ် သည်။ ဘုန်းတော်ကြီးသင်ကျောင်းများ တွင် အခြေခံပညာများကို ခေတ်နှင့် လိုက်လျောညီထွေ ပြောင်းလဲသင်ကြား ပေးလာကြသည်။ အောင်မြင်မှုရနေသည့် ကျောင်းများလည်း ရှိသည်။ မန္တလေးမြို့မှ ဖောင်တော်ဦးကျောင်းဆိုလျှင် အောင်မြင် မှု ရနေသည့် ဘုန်းတော်ကြီးသင်ကျောင်း တစ်ကျောင်း ဖြစ်သည်။ သင်ကြားနည်း စနစ်များမှာလည်း အထူးကောင်းမွန်လှ သည်။ နိုင်ငံခြားသား ပညာရှင်များက လည်း အကူအညီပေးလျက် ရှိသော ကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့သော် တချို့သောအချက်များမှ မြန်မာ့ပညာရေးထက်ရှေ့ကို ရောက်လျက် ရှိနေသည်။

ဥပမာ သမီးရည်းစား ထားခွင့်ပြု ထားပြီး၊ ကျောင်းဝင်းအတွင်း လူမြင် ကွင်း၌ပင်လျှင် ချိန်းတွေ့ခွင့်ပြုထား၏။ တားဆီးခြင်းမပြုဘဲ သူ့အရွယ်နှင့်သူ ဇီဝကမ္မသဘာဝအတိုင်း လိုက်လျောခွင့် ပြုထားခြင်း ဖြစ်သည်။ ထိုသို့ ခွင့်ပြုထား သော်လည်း ပညာရေးတွင် ထိခိုက်မှုမရှိ ပို၍ပင်အောင်မြင်မှု ရနေပေသေးသည်။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအရ ဆိုလျှင်မူ ဖီလာဆန့်ကျင်ပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့ မည်မျှပင် တား ဆီးစေကာမူ ကလေးများအနေဖြင့်မူ ကျွန်တော်တို့၏ နောက်ကွယ်တွင် ချိန်း တွေ့နေကြမည်မှာ အမှန်ဖြစ်သည်။

ခေတ်စနစ်ဆိုးများကို နှစ်ပေါင်း ဆယ်ချီ ကျော်ဖြတ်ခဲ့ပြီးနောက် ယခင်က အရှေ့တောင်အာရှတွင် အကောင်းဆုံး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော မြန်မာ့ ပညာရေးသည် ယခုအချိန်တွင်မူ အဖတ် ဆယ်မရအောင်ပင် ပျက်စီးသွားခဲ့ပေပြီ။တာဝန်ရှိသူများက အကြိမ်ကြိမ် ပြောင်းလဲခဲ့သမျှ ထူးခြားပြီးတိုးတက် မလာ ဒုံရင်းကဒုံရင်းသာ။ အုပ်ချုပ်ရေး စနစ်တစ်ခု၏အောက်တွင် မြန်မာပြည်သူ အပေါင်း ငြိမ်ဝပ်ပိပြားခဲ့ရသလို စနစ် တစ်ကျလည်း ဖျက်ဆီးခံခဲ့ ကြရသည်။ အဆိုးဆုံးမှာ ပညာရေးစနစ် ပျက်သွား ခြင်းနှင့်အတူ စိတ်ဓာတ်များပါ ပျက် ပြားသွားရခြင်းဖြစ်သည်။ အနာဂတ် မျိုးဆက်သစ် ကလေးငယ်များကို ပြုပြင် ပေးရန်အချိန်ရသေးသော်လည်း မျိုးဆက် ဟောင်းကြီးများအတွက်မူ ဆေးမတိုး တော့။ ဝက်ကို ကောင်းကင်မော့ကြည့် ခိုင်းရန် လွယ်ချင်လွယ်မည်။ မျိုးဆက် ဟောင်းကြီးများကို ပြုပြင်ပေးဖို့ ဆိုသည် မှာမူ….။

မကျက်တကျက် မြန်မာ့ဒီမိုက ရေစီနှင့်အတူ မပြည့်တပြည့် လူ့အခွင့် အရေးသည် နောက်ကွယ်မှ ကပ်ပါလာနေ သည်။ လူ့အခွင့်အရေး နှုန်းစံများကြောင့် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့ စိုးရိမ်စရာအချက်များလည်း ရှိလာသည်။ လူ့အခွင့်အရေး နှုန်းစံများ၏ အားနည်း ချက်ကြောင့်မဟုတ် နားလည်လက်ခံသူ များ၏ အယူအဆ အလွဲများကြောင့် ဖြစ် သည်။ နောက်တစ်ချက်မှာ အသားမကျ သေး၍လည်း ဖြစ်နိုင်သည်။ ဆရာ၊ ဆရာမများ ကျောင်းသားများကို မရိုက် ရ။ ကြိမ်လုံးမကိုင်ရ။ ထိုအမိန့်များမှာ အားရ ဝမ်းသာကြိုဆိုရမည့် အချက် ဖြစ်သည်။သို့သော် မိမိတို့၏ သားသမီးများကို ဖွံ့ဖြိုးပြီးနိုင်ငံများမှ မိဘများကဲ့သို့ ငယ် စဉ်ကတည်းက စနစ်တကျ ပြုစုပျိုး ထောင်ပေးရမည့် တာဝန်ကျေပွန်ခဲ့ပါ သလားဆိုသည်မှာ ကျွန်တော်တို့ စဉ်း စားရမည့်အချက် ဖြစ်ပေသည်။

ဖွံ့ဖြိုးသည့်နိုင်ငံများမှ ကလေး သူငယ်များမှာ စနစ်တကျ ပြုစုပျိုး ထောင်ခြင်း ခံခဲ့ရသူများပီပီ စည်းကမ်း လိုက်နာမှု၊ ပညာသင်ယူချင်စိတ် စသည် ဖြင့် အားလုံးနီးပါး ပုံစံကျပြီးသား ဖြစ် သည်။ ကျွန်တော်တို့နိုင်ငံမှာမူ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ နိုင်ငံ့လူဦး ရေ၏ ၇၀ရာခိုင်နှုန်းကျော်မှာ ဆင်းရဲ မွဲတေမှုဒဏ်ကို ခါးစည်းခံနေကြရသည်။ စား၊ ဝတ်၊ နေရေးကိစ္စများကို လုံးပမ်း နေရခြင်းကြောင့် သားသမီးများကို ပြုစု ပျိုးထောင်မှုတွင် အနည်းနှင့်အများ အားနည်းနိုင်သကဲ့သို့ လစ်ဟာမှုများ လည်း ရှိနေနိုင်သည်။

ထိုကလေးများ ကျောင်းရောက်လာ သောအခါ ပညာရေးစနစ်ကလည်း ကလေးငယ်လေးများ သင်ယူချင်စိတ်ရှိ လာသည်အထိ ဆွဲဆောင်မှု မကောင်း။ ပညာသင်ကြားမှု နည်းစနစ်များကလည်း အားနည်းချက် အပြည့်။ ထိုအခြေအနေ မျိုးတွင် ကလေးများ၏ ပညာသင်ယူချင် စိတ်၊ စည်းကမ်းလိုက်နာမှု စသည်တို့မှာ အားနည်းချက်များ ဖြစ်ပေါ်လာပေသည်။ ထိုအထဲ မူးယစ်ဆေးဝါး အန္တရာယ် ကလည်း မသေး။ ပညာရေးပေါ်လစီ ကလည်း အောင်ချက်မြင့်မားရေးသည် အဓိက။ အောင်ချက်ကျလျှင် ထုချေလွှာ တင်ဖို့သာပြင်။ ထိုကဲ့သို့သော အခြေ အနေမျိုးတွင် တာဝန်ထမ်းဆောင်နေကြ ရသော ပညာရေးဝန်ထမ်းများ၏ ဘ၀ကို အနည်းငယ်မျှ ငဲ့စောင်းကြည့်လျှင်ပင် မိဘများအနေဖြင့် ကိုယ်ချင်းစာစိတ် ထားနိုင်မည်ဖြစ်သည်။

စာသင်သည်ဆိုသည်မှာ စာတစ်ခု တည်း သင်ရခြင်းမျိုး မဟုတ်။ စိတ်ကိုပါ သင်ရသော အလုပ်ဖြစ်သည်။ သင်ကြား ပေးသူ ဆရာဆရာမများ ကိုယ်တိုင်က လည်း ရင်ဘတ်ပါမှရမည်။ ရင်ဘတ်ပါမှ သင်ကြားရေးတွင် အောင်မြင်မှုရပေ မည်။ ထိုကဲ့သို့သော အခြေအနေတွင် ကျောင်းသားတစ်ဦးဦးက ဗွေဖောက်လာ လျှင် စာသင်ရသည်မှာ မဖြောင့်။ တစ်ခါ နှစ်ခါ သည်းခံနိုင်သော်လည်း အကြိမ်ရေ များလာလျှင်တော့ ပုထုဇဉ်လူသားများ ဖြစ်ကြသည်နှင့်အညီ ပေါက်ကွဲသံစဉ်များ ထွက်ပေါ်လာနိုင်ပေသည်။ စေတနာ အလျောက် ကရုဏာ ဒေါသောဖြင့် မိမိ၏ကျောင်းသားကို ရိုက်မိခဲ့လျှင်တော့ ဖြစ်လာမည့်နောက်ဆက်တွဲ ပြဿနာများ က မတွေးဝံ့စရာ။

လွန်ခဲ့သော တစ်လလောက်က ပညာရေး လောကသားများအတွက် စိတ်မကောင်းစရာ၊ တုန်လှုပ်ခြောက်ခြား စရာကောင်းသော အဖြစ်ဆိုးတစ်ရပ် ကြုံခဲ့ရလေသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ နမ္မမြစ်ကျေးရွာတွင်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့ နံနက်၈း၃၀နာရီခန့်၊ ကျောင်း သား၊ ကျောင်းသူများနှင့် စုဝေးနေချိန်တွင် အမည်မသိ လူသုံးဦးမှ ဆိုင်ကယ်နှစ်စီး ဖြင့် ရောက်ရှိလာပြီး ဆရာဦးအောင်ဇင် ထွန်းအား ခေါ်ဆောင်သွားကာ မလန်း ကျေးရွာနှင့် ဂျာရာယန်းကျေးရွာသွားလမ်း စွန့်ပစ်မြေစာ ပုံအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။

စာမေးပွဲနီးနေချိန် ခွင့်မဲ့ပျက်ကွက်ခဲ့ သော ကျောင်းသားကျောင်းသူလေးများကို ဆုံးမမိခဲ့၍ှ ကျောင်းသား မိဘများက မကျေမနပ်ဖြစ်ကာ အထက်အဆင့်တာဝန် ရှိသူများကို တိုင်တန်းကြသည့်အဆင့်မှ နောက်ဆုံး အသတ်ခံလိုက်ရသည်အထိ ဖြစ်သွားခဲ့သည်။ သူ့တွင်သာ ကျောင်း ဆရာစိတ် မပြည့်ဝခဲ့ပါလျှင်၊ ဥပေက္ခာ တရားလက်ကိုင် ထားနိုင်ပါလျှင် အသက် ဘေးနှင့် ကြုံဖွယ်မရှိ။ ကျောင်းဆရာစိတ် အပြည့်နှင့် ဆုံးမမိကာမှ အသက်ကို စတေးလိုက်ရသည့်ဖြစ်ခြင်း။ ဤအဖြစ် အပျက်ကို ပြန်တွေးမိရင်း မြန်မာ့ပညာ ရေးသည် စေတနာဆရာများနှင့် မထိုက် တန်တော့သလားဆိုသည်ကို စောကြော နေမိခဲ့သည်။ယခုအချိန်တွင်မူ တလွဲဆံပင် ကောင်းမိဘများအတွက် ယင်းဆရာလေး ၏ ဖြစ်ရပ်မှာ ခြိမ်းခြောက်စရာ တစ်ခု သဖွယ်ဖြစ်လာသည်။ “အောင်ဇင်ထွန်းကို သိတယ်မဟုတ်လား” ။

၎င်းမှာ ကျွန်တော့်သူငယ်ချင်းတစ် ယောက် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူနေရသည့် လောင်းလုံးမြို့နယ် အတွင်းမှ ကျေးရွာကြီး တစ်ရွာ၏ ကျောင်းသားမိဘတစ်ဦးမှ ဆရာတစ်ဦး ကို ခြိမ်းခြောက်ပြောဆိုလိုက်သော စကား ဖြစ်သည်။ဓားနှင့်ထိုးသတ်မည်ဟုလည်း ပြော သွားသေးကြောင်း သိရသည်။ ထိုကဲ့ သို့ ပြောဆို ကြိမ်းမောင်းခြင်းမှာ ဆရာ တစ်ဦးက သူ့သားကို ရိုက်ခဲ့မိ၍ ဖြစ် သည်။ ကျွန်တော့်သူငယ်ချင်း အနေဖြင့် ထို ကိစ္စကို တားဆီးနိုင်ခဲ့သော်လည်း ဆရာ လေးနေရာတွင် ကျွန်တော်တို့ ဖြစ် နေခဲ့ မည်ဆိုလျှင် မည်ကဲ့သို့ ခံစားနေရ မည်ကို ကိုယ်ချင်းစာကြည့်နိုင်သည်။

အဖြူရောင်နယ်မြေအဖြစ် သတ်မှတ် ခံထားရသော ကျွန်တော်တို့ နေရာဒေသမှ ဆရာများ၏ ဘ၀များပင်လျှင် လုံခြုံမှုကို ခြိမ်းခြောက်ခံ ရသကဲ့သို့ ဖြစ်နေပါလျှင် မငြိမ်းချမ်းသေးသည့် ဒေသများတွင် ဆိုလျှင်မူ ဆိုဖွယ်ရာမရှိတော့။ တာဝန်ရှိ သူများအနေဖြင့် အထူး အလေးအနက် ထား စဉ်းစားစရာဖြစ်သည်။ ကျောင်း ဆရာ၊ ဆရာမလုပ်ချင်သူ နည်းလာနိုင် သလို လက်ရှိတာဝန်ထမ်းဆောင်နေရ သော ဆရာ၊ ဆရာများကိုယ်တိုင်လည်း ဆရာ၊ ဆရာမအလုပ်ကို စိတ်ပျက်ငြီး ငွေ့လာနိုင်သည်။

လစာဝင်ငွေမလောက်ငခြင်းကြောင့် စိတ်ဓာတ်လွန်ဆွဲနေရချိန် အထက်ပါ ဖြစ်ရပ်များက ” ဘူးလေးရာ ဖရုံဆင့်” ဆို သလို ဖြစ်လာမည်ကို စိုးရိမ်မိသည်။
ဤသည်မှာ မိဘ၊ ဆရာနှင့် ကျောင်းသားအကြားမှ အနားမညီမှုများ ထဲက တစ်ခုဖြစ်သည်။ကျွန်တော်တို့ အနေဖြင့် ဟိုးအရင် ကကဲ့သို့ နွေးထွေးပျူငှာမှုရှိသည့် စည်း လုံးညီးညွတ်မှုရှိသည့် ပညာရေး အသိုက် အမြုံတစ်ခု ပြန်ဖြစ်လာရန် အနားများကို ညီအောင်ပြန်ညှိကြရပေမည်။ သို့မှသာ အောင်မြင်သည့် ပညာရေးပန်းတိုင်သို့ အရောက်လှမ်း နိုင်မည်ဖြစ်သည်။ ထိုကဲ့ သို့ မလုပ်ဆောင်နိုင်တော့လျှင် အောက်ပါ မဃဒေ၀အလင်္ကာကို ပြောင်းဖို့ရန်သာ ရှိပေတော့သည်။

“မြတ်ဆရာ”
ရှေ့ရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့။