ဖောက်ခွဲရေးသတင်းကြောင့် မွန်တွင် လုံခြုံရေး တိုးမြှင့်

0
426

ဖောက်ခွဲရေးသတင်းကြောင့် မွန် ပြည်နယ်အတွင်းတွင် လုံခြုံရေးတိုးမြှင့် ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
ဇန်နဝါရီလ ၂၅ ရက်က စတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကာလပြီးသည် အထိ တိုးမြှင့်ထားမည်ဟု အထက်ပါရုံးမှ ဒုတိယ ရဲမှူးကြီး ခင်မောင်စိုးက ပြော သည်။

” တံတားထိပ်တွေမှာ ၂၄ နာရီ လုံခြုံရေး ယူထားတယ်၊ ယာဉ်တွေမှာ ပိတ်ဆို့ရှာဖွေမှုတွေ စစ်ဆေးမှုတွေ လုပ်တယ်၊ ဖောက်ခွဲရေး ပစ္စည်းတွေ၊ လက်နက်တွေကို အဓိကထားပြီး စစ် ဆေးတယ်” ဟု ၎င်းက ဆိုသည်။လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်နေသည်ဟု သိရ သည်။

” ခုတလော မြို့အဝင်တွေမှာ အဖွဲ့ ပေါင်းစုံတွေ စောင့်နေတာတွေ့တယ်၊ ဆိုင်ကယ်တွေ ကားတွေ ဖမ်းတာ ထင် နေတာ၊ ဒါပေမဲ့ဖမ်းတာလည်း မတွေ့ဘူး ညနေ ၆ နာရီလောက်ထိရှိနေတာ တွေ့ရ တယ်၊ ထူးခြားမှုတစ်ခုခုရှိလို့ နေမှာ” ဟု မုဒုံမြို့မှ မင်းအောင်ထွန်းက ပြော သည်။
ပြည်နယ်အတွင်း စုစုပေါင်း ၁၄ နေရာ အဓိကထား လုံခြုံရေးတိုးမြှင့် ထားသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။