မုပွန်ရဲစခန်းတွင် စစ်ဆေးဆဲ တရားခံ ၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေး

0
446

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးဆဲ တရားခံ ၄ ဦး ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁ နာရီခွဲခန့်က အချုပ်ခန်းဖောက် ထွက်ပြေးခဲ့သည်ဟု မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

ရဲစစ်ဆေးဆဲ အချုပ်သားတရားခံ ၉ ဦးရှိသည့်အနက် တရားခံ ၄ ဦးက အချုပ်ခန်းသံတိုင်တစ်ချောင်းကို သံဖြတ်လွှဖြင့် ဖြတ်ပြီး ထွက်ပြေးလွှတ်မြောက်သွားသည်ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။

အဆိုပါ အချုပ်ခန်းဖောက်ပြေးသူ ၄ ဦးအနက် စိုးစည်သူရှိန်၊ ခိုင်လင်းမြင့်၊ လွှမ်းဝေနိုင်ဆိုသူတို့ ၃ ဦးသည် မူးယစ်ဆေးဝါး အမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူများဖြစ်ပြီး မျိုးဇော်ဆိုသူက လုယက်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် တရားခံ ဖြစ်သည်။

“ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တယ်၊ ထွက်ပေါက်အားလုံးကိုလည်း စစ်ဆေးဖို့ အကြောင်းကြားထားတယ်၊ တရားခံတွေနေတဲ့ ရပ်ကွက်ကိုလည်း ရှာဖွေမှုတွေ လုပ်တယ်၊ ဒီနေ့ ၁၀ နာရီလောက်မှာတော့ လုယက်မှုနဲ့ ထွက်ပြေးသွားတဲ့ တရားခံမျိုးဇော်ကို ပြန်မိထားပါတယ်၊ ကျန်တဲ့ မူးယစ်မှုနဲ့ ထွက်ပြေးတဲ့ ၃ ယောက်ကိုတော့ မမိသေးဘူး”ဟု ရဲမှူးမြင့်အောင်က ပြောသည်။

အချုပ်သားထွက်ပြေးချိန်တွင် အချုပ်ခန်းအတွက် ကင်းမှူးအပါအဝင် ကင်းသား ၄ ဦး တာဝန်ယူထားသလို ရဲစခန်းလုံခြုံရေး အတွက်လည်း လုံခြုံရေးချထားကြောင်း သိရသည်။

အချုပ်သားထွက်ပြေးမှုကြောင့် ယင်းအချိန်တွင် တာဝန်ကျနေသည့် ကင်းတပ်သားများအား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားရမည်ဟု ရဲမှူးမြင့်အောင်က ပြောသည်။

ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းထားချက်အရ အချုပ်သားထွက်ပြေးလျှင် တာဝန်ကျသူမှာ အမြင့်ဆုံးအပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ်ထိ ကျခံနိုင်သည်ဟု ဖော်ပြထားကြောင်းလည်း ၄င်းက ရှင်းပြသည်။