ဒေသသုံး သစ်တန်သုံးထောင် နီးပါး လေလံစနစ်ဖြင့် ရောင်းမည်

0
376

တနင်္သာရီတိုင်းဒေသကြီးအတွက် ဒေသသုံးသစ်တန် သုံးထောင်နီးပါးကို အထူးအိတ်ဖွင့် လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း တိုင်းဒေသကြီးမြန်မာ့ သစ်လုပ်ငန်းရုံးထံမှ သိရသည်။

ထားဝယ်ခရိုင်အတွက် ၈၉၅ တန်၊ မြိတ်ခရိုင်အတွက် ၁၅၀၀ တန်နှင့် ကော့သောင်းခရိုင်အတွက် ၅၀၀ တန် စုစုပေါင်း ၂၈၉၅ တန်ကို ရောင်းချမည်ဖြစ်ကြောင်း အထက်ပါရုံးမှ ဒုတိယ အထွေထွေမန်နေဂျာက ပြောသည်။” ၂၀၁၅-၂၀၁၆က ဌာနကနေ ထုတ်ထားတဲ့ သစ်တွေထဲက ရောင်းမှာပါ။ အဓိကကတော့ ဒေသဖွံ့ဖြိုးရေးအတွက် ရောင်းချပေးတာပါ” ဟု ဒုတိယ အထွေထွေမန်နေဂျာက ဆိုသည်။

အထူးအိတ်ဖွင့်လေလံပွဲကို ဖေဖော် ဝါရီလ ၁၄ ရက်တွင် ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး မြန်မာ့သစ် လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာ ရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး အာမခံငွေသွင်းမည့်ရက်နှင့် လေလံတင်သွင်း ရမည့်နေ့ကို ဖေဖော်ဝါရီလ ၁၃ ရက် နောက်ဆုံးဟု သတ်မှတ်ထားသည်။
ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် ဒေသသုံးသစ်ထုတ်လုပ်ခွင့် မပြုခဲ့သည့်အတွက် ဒေသခံလုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် ယင်းသို့ လေလံစနစ်ဖြင့် ရောင်းချရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဒုတိယအထွေထွေ မန်နေဂျာက ဆိုသည်။

“လေလံရတဲ့သူတွေက တစ်ဆင့် ပြန်ရောင်းခွင့် မရှိဘူး။ ဒေသကျော် သယ်ခွင့်မရှိဘူး” ဟု ၎င်းက ပြောသည်။