သခင့် အချိန်ဇယားကို ပျက်ရယ် မပြုပါနှင့်

0
459

လူတိုင်းတွင် သူ့အချိန်ဇယားနှင့်သူ။ တစ်ရက်တာအတွက် အလုပ်ချိန်၊ စားချိန်၊ နားချိန် . . စသဖြင့်မှ တစ်ပတ်တာ၊ တစ်လတာ၊ တစ်နှစ်တာ အထိ။သူတောင်းစားမှသည် သမ္မတ အထိ အချိန်ဇယားကိုယ်စီ ရှိကြသည်။


မိမိနှင့် မိမိအဖွဲ့အစည်းကို ပိုင်နိုင် စွာ စီမံခန့်ခွဲနိုင်သူတိုင်းတွင် တိကျ သပ် ရပ်သော အချိန်ဇယားများ ရှိပြီးသား ဖြစ်နေလိမ့်မည်။ အချိန်ဇယားများတွင် ကတိကဝတ်များ ပါဝင်နေတတ်ကြသည်။ ကလေးအချင်းချင်း ကျောင်းပိတ် ရက် ဘယ်ကစားနည်းအတွက် ဘယ် အချိန် ဘယ်နေရာ လူစုရန်မှအစ၊ မိတ် ဆွေ/မိသားစုဝင် အချင်းချင်း ဘယ်နေ့ ဘယ်အချိန် ထမင်းလက်ဆုံ စားရန် အလယ်၊ စီးပွားရေးသမား/နိုင်ငံခေါင်း ဆောင်များ အချင်းချင်း အရေးကြီး ကိစ္စများ ဆွေးနွေးဆုံးဖြတ်ရန်အဆုံး ကတိကဝတ်ပြု အချိန်ဇယားချ အတိ အကျ ချိန်းဆိုတတ်ကြသည်။

 
မိမိကိုယ်ကို တန်ဖိုးထားသူတိုင်း ကတိ အပျက်မခံလိုကြ။ ထို့အတူ မိမိ လူ့အဝန်းအဝိုင်းကို တန်ဖိုးထားသူတိုင်း မိမိကတိပျက်မှုကြောင့် သူတစ်ပါး ထိခိုက် နစ်နာရမည်ကို အထူးစိုးရိမ်ကြ သည်။ ကတိမပျက်ရန် အတတ်နိုင်ဆုံး စောင့်ထိန်းကြသည်။
အချိန်သည် မည်သူအတွက်မျှ အစား ပြန်မရ။ သို့ကြောင့် အချိန်အတွက် ပေးသော ကတိပျက်မှုသည် အစားထိုး ပေးရန် မဖြစ်နိုင်။ မိမိ၏ ကတိပျက်မှု ကြောင့် သူတစ်ပါး၏ အချိန်ဇယားက ပျက်ကချော် ဖြစ်သွားက ပြန်ကုစားရန် မလွယ်။ မိမိ အချိန်မတိကျမှုကြောင့် တစ်ဖက်သား၊ တစ်ဖက်အဖွဲ့အစည်းတွင် စီးပွားရေး လူမှုရေး မည်မျှ ဆုံးရှုံးသွား နိုင်သည်၊ မိမိ ကတိပျက်(နောက်ကျ)မှုကြောင့် မိမိချိန်းဆိုထားသူ အခြား တစ်ဖက်တွင် နောက်ကျ ကတိပျက်ရ ခြင်းမှအစ ဆင့်ကဲဆင့်ကဲ တောက်လျှောက် နစ်နာသွားရနိုင်သည်။ အဝန်းအဝိုင်း တစ်ခုလုံး ထိခိုက်သွားနိုင်သည်။

 
သို့ကြောင့် ချိန်းဆိုမှု ကတိကဝတ် အား လွယ်လွယ်နှင့် မပေးသင့်။ ပေးမိက တည်နိုင်အောင် ကြိုးစားရမည်။ ယင်း သည်ပင် လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ တန်ဖိုးပင် ဖြစ်သည်။မိမိက ချိန်းဆိုသည်ထက် စော ရောက်ပါကလည်း တစ်ဖက်လူအတွက် စိတ်ကသိကအောက် ဖြစ်ရတတ်သည်။ အချိန်မကျဘဲ ကိုယ့်ကို ဧည့်ခံစကား ပြောရခြင်းကြောင့် စိတ်မအီမသာ ဖြစ်စေ တတ်သည်။ ၎င်း၏ ကိုယ်ပိုင်အချိန်ပင် ဖြစ်နေစေကာမူ သူ၏မိသားစုကို အချိန် ပေးခြင်း၊ စာဖတ်နေခြင်း၊ အနားယူခြင်း များ မိမိကြောင့် ပျက်စီးရတတ်သည်။

 
အချိန်နှင့် ပတ်သက်လျှင် နှစ်ဦး နှစ်ဖက် အတတ်နိုင်ဆုံး တိကျရန် လို သည်။ ခေါင်းဆောင်ကောင်းတို့သည် မိမိ အချိန်ဇယားသာမက သူတစ်ပါးအချိန် ဇယားကိုပါ အလေးထားတတ်မြဲ ဖြစ် သည်။ သို့မဟုတ်က အကြည်အညို ပျက်ရတတ်သည်။ပြည်သူကို သခင်အဖြစ် ကြွေး ကြော်ထားသည့် လက်ရှိအစိုးရဆိုက ပို၍ပင် တာဝန်ကြီးသေးသည်။ ပြည်သူ တစ်ဦးချင်းစီ၏ အချိန်များ မိမိကြောင့် အလေအလွင့် မဖြစ်ရေး ပိုတာဝန်ရှိ သည်။

 
ယခင်က အချိန်လေးစားမှု မည်မျှ ပင် တန်ဖိုးမဲ့စေကာမူ ပြောင်းလဲရန် ကြွေးကြော်လာသူများမှ အချိန်နှင့် ပတ် သက်၍ ပြောင်းလဲမှုတွင် စံပြဖြစ်စေလို သည်။ ဦးဆောင် ပြောင်းလဲစေလို သည်။လုပ်နိုင်သည့် အားလည်း ရှိသည်ဟု မြင်သည်။ တိုင်းအစိုးရတွင် အချိန်များကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရန် ဝန်ကြီးတိုင်း တွင် ကိုယ်ရေးအရာရှိများ အနည်းဆုံး တစ်ဦး ထားပေးထား၏။
ယင်း ကိုယ်ရေးအရာရှိများသည် အစိုးရဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ များ၏ အချိန်ဇယားကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရမည်။ စီမံခန့်ခွဲခွင့် ရှိရ မည်။ သက်ဆိုင်ရာ ဝန်ကြီးများနှင့် လိုသလို ညှိနှိုင်းကာ စီမံခန့်ခွဲခွင့် ပေး ထားရမည်။ ဝန်ကြီးတို့၏ တစ်ရက်တာ အချိန်ဇယားကို တိကျစွာ သိနေရမည်။ တစ်ပတ်တာကို စီမံထားရမည်။ တစ်လ တာကို မူကြမ်းရှိရမည်။

 
ဥပမာ- မိမိ ဝန်ကြီးအား ယနေ့တွင် မည်သူတွေက မည်သည့်ကိစ္စများနှင့် အချိန်မည်မျှ တွေ့ခွင့်တောင်းထား ကြောင်း အချိန်ဇယား ရှိရမည်။ ဝန်ကြီး မှလည်း တွေ့ရန် လက်ခံထားကြောင်း သဘောတူပြီးပါက ငြင်းမရတော့။ ယင်း အချိန်တွင် တွေ့ကို တွေ့ရမည်။ လာတွေ့ သူကလည်း အချိန်ယူပြင်ဆင် တကူး တက လာရသည်ကို သတိပြုရမည်။ သူ့တွင်လည်း အခြားကိစ္စ များမြောင်စွာ ရှိနိုင်သည်။
ဧည့်သည်များ အချိန်ပိုယူ စကား ကြောရှည်နေပါက ကိုယ်ရေးအရာရှိမှ နောက်ကြို ချိန်းထားသူများ၊ အစည်း အဝေးများ ရှိသေးကြောင်း လိမ္မာပါးနပ်စွာ ပြောဆိုကာ အချိန်ကို ၎င်း မူလတောင်း ဆိုထားသည့်အချိန်အတိုင်း တိကျ စေနိုင်သည်။ ဝန်ကြီးမှ အမုန်းခံ နှင်ထုတ် စရာ၊ မျက်စိပျက် မျက်နှာပျက် ကုန်းကုန်း ကွကွ လုပ်ပြစရာ မလိုတော့။

 
ကိုယ်ရေးအရာရှိက ဝန်ကြီး၏ အချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင် လေလေ၊ လုပ်ငန်းချောမွေ့လေလေ ဖြစ် သည်။ ဝန်ကြီးအသိမှ တွေ့ဆုံလိုကြောင်း မိမိအား တိုက်ရိုက် ဖုန်းဆက်ခြင်း၊ စာ ဖြင့် အကြောင်းကြား ခြင်းမျိုး လုပ်လျှင် ပင် ကိုယ်ရေး အရာရှိနှင့် အချိန်ညှိရမည်။ မိမိသဘော အလျောက် လက်ခံ၍ မရ။ အချိန်ထပ် သွားနိုင်သည်။အကယ်၍ အရေးပေါ်ကိစ္စရပ်များ ကြောင့် ချိန်းဆိုထားပြီးသားများ ဖျက် သိမ်းလို၊ ရက်ရွှေ့လိုပါက ကိုယ်ရေး အရာရှိမှ ချက်ချင်း အကြောင်းပြန် ရပါမည်။ အကျိုးအကြောင်းပြောက  ပြည်သူ ငြိုငြင်လိမ့်မည် မထင်။

 
ယင်းသည် မဲဆန္ဒရှင် သခင်များ၏ အချိန်ဇယားနှင့် ကျွန်အစိုးရအဖွဲ့၏ အချိန်ဇယား ညှိယူနိုင်သောနည်း ဖြစ် သည်။
အဘယ်ကြောင့် အချိန်ဇယား အကြောင်း ရေးသနည်း..။လက်ရှိ တိုင်းအစိုးရအဖွဲ့ဝင် အချို့ အချိန်အပေါ် စီမံခန့်ခွဲမှု အားနည်းလွန်း၍ ဖြစ်သည်။ထိုထက် ပိုပြောရလျှင် သခင်ဟု ပြောသော ပြည်သူတို့၏ အချိန်ကို တန် ဖိုးထားရကောင်းမှန်း မသိ၍ ဖြစ်သည်။ ကြုံဖူးသည်တစ်ခု ရေးပြပါမည်။

 
ဝန်ကြီးတစ်ပါး၏ ကိုယ်ရေးအရာ ရှိဆီ ဝန်ကြီးနှင့် တွေ့လိုကြောင်း၊ အချိန် မည်မျှ ကြာနိုင်ကြောင်း၊ ဖုန်းဆက် ကြိုချိန်း ပါသည်။ ချိန်းသည့်အချိန် တိတိကျကျ သွားပါသည်။ သို့သော် ယင်းဝန်ကြီးရုံးခန်း သော့ပိတ်ထား၏။ကိုယ်ရေးအရာရှိထံ ဖုန်းပြန်ဆက် မေးသောအခါ” အခမ်းအနားတစ်ခု သွားတက်နေပါသည်။ ပြီးပြီးချင်း ရုံး ပြန်ပါမည်၊ ခဏစောင့်ပါ” ဟု ပြန်ဖြေပါ သည်။

 
ဝန်ကြီးရုံးခန်းများအပြင်တွင် ဧည့် သည်စောင့်ဆိုင်းရန် ထိုင်ခုံ မရှိပါ။ သခင်စိတ်မွေးကာ ကော်ရစ်ဒါတွင် မတ်တပ်ရပ် စောင့်နေပါသည်။
တစ်နာရီခန့် စောင့်သော်လည်း ပေါ်မလာ။ ချိန်းထားသည့် နောက်ကိစ္စ တစ်ခုဆီက ဖုန်းလာသည်။ တစ်နာရီခန့် နောက်ကျမည့် အကြောင်း တောင်းပန် လိုက်ရသည်။ မိမိတို့ တိုင်းသားများ (တစ်ဆင့်ခံ)ရွေးချယ် တင်မြှောက်ထား သူတို့၏ အချိန်လေးစားမှုနှင့် ကတိ စကားကို ယုံစားကာ မတ်တပ်ရပ် ဆက် စောင့်နေမိသည်။

 
တစ်နာရီ ကျော်လာသော် ရပ်စောင့် ရသည်က မလုံမလဲ ဖြစ်လာသည်။ ရုံးစာ ရေးမလေးများ ဖြတ်လျှောက်သွား တိုင်း မချိပြုံးပြန်ပြုံးပြရသည်က ကြာသော် ရှက်လာသည်။ အင်တာဗျူးကိစ္စ ပြန် ချိန်းဆိုနိုင်ရန် ဖုန်းပြန်ဆက် မိပါသည်။
” ရုံးသို့ အခုလာနေပါပြီ၊ ခဏ စောင့်ပါ” ဟု ဖြေဆိုသည်။

 
အခမ်းအနားပြုလုပ်ရာ ဟိုတယ်မှ အစိုးရအဖွဲ့ရုံးသို့ (ထားဝယ်ယာဉ်ကြော ပိတ်ဆို့မှုကို ချိန်ဆကာ)အလွန်ဆုံး ၁၅ မိနစ်ခန့်အတွင်း ရောက်လိမ့်မည်ဟု ယုံကြည်စွာ သည်းခံ စောင့်ဆိုင်းလိုက် ပါသည်။သို့သော် ၁ နာရီနီးပါး ကြာသည် အထိ ပေါ်မလာ..။ နောက်ကိစ္စတစ်ခုဆီက ဖုန်းဆက်လာသည်။ မင်းမလာလို့ လူ တချို့ စိတ်ပျက်ပြန်ကုန်ပြီဟူ၏။ ကျွန်ကို ယုံမိ၍ကတိ ပျက်ရလေပြီ..။

 
နောက်ဆုံးတွင် ဝန်ကြီးက ချိန်းဆို ထားသည့် အချိန်မှ စုစုပေါင်း ၂ နာရီ တိတိ နောက်ကျပြီးမှ ရောက်လာသည်။ ထူးခြားသည်က အမူအရာ လုံးဝ မပျက်။ ပြုံးပြုံး ပြုံးပြုံး။ ကိုယ်ရေးအရာရှိကို မေးကြည့်တော့ သူပြောပြီးဟု ဆိုသည်။
နောက်မှ ပြန်သိရတော့ စိတ်ထဲ မကောင်း။ ဝန်ကြီးများ အလုပ်ရုံဆွေးနွေး ပွဲမှ အပြန် လက်ဖက်ရည်ဆိုင် ဝင်နေ သည်ဟူ၏။ သူ့အစား ရှက်မိသည်။

 
ကျွန်များအလာကို စောင့်နေရသည့် သခင်များက အစိုးရရုံး ကော်ရစ်ဒါ တစ်ကျော မတ်မတ်ရပ်ကာ ပြန်မရနိုင် သော အချိန်များ ကတိကဝတ်များ ပေး ဆပ်လိုက်ရလေပြီ..။ယင်းသည် သာဓက များစွာထဲက တစ်ခုသာ။ အချိန်ဇယားအပေါ် အလေး ထားတတ်မှုကား မေးခွန်းထုတ်စရာ များလွန်း၏။ ကိုယ်ရေးအရာရှိ အများစု သည် ဝန်ကြီးများ၏ အချိန်ကို စီမံခန့် ခွဲခွင့် ပိုင်ပိုင်နိုင်နိုင် ရဟန်မတူ။ စွက်ဖက် ခွင့်ရဟန် မမြင်။ တချို့ ကိုယ်ရေးအရာ ရှိများက ဝင်စာ၊ ထွက်စာများဖြင့်သာ နှစ်ပါးသွားနေရသည်ကို တွေ့နေသည်။ ဝင်စာထွက်စာအတွက် ဝန်ကြီးဌာန တိုင်း၏ သက်ဆိုင်ရာ ရုံးစိပ်တစ်ခုလုံး ရှိနေသည်ကို နှမျောမိပါသည်။

 
ဝန်ကြီးများကလည်း ကိစ္စအကြီး အသေး၊ အလေးအပေါ့ပေါ် မူတည်ကာ အချိန်ကို မည်မျှ မည်သို့ အသုံးချရ မည်ကို အကဲဖြတ် တွက်ချက် ထားဟန် မတူ။ “လေ ” အတွက် မည်မျှ၊ ” ဝမ်း”  အတွက် မည်မျှ အချိန်ပေးသင့်သည်ကို လေနှင့် ဝမ်းမကွဲကြလော မသိ။
တစ်ခါတစ်ရံ အပူလုံးကြီးများ ခေါင်းပေါ်ရွက်ကာ ရုံးခန်းအပြင်တွင် မျက်လွှာချစောင့်နေကြသော သခင်၊ သခင်မများကို အားမနာ..၊ စေ့ထားသော ရုံးခန်းထဲမှ လျှံထွက်လာတတ်သည့် အေး အေးလူလူ ရယ်မောသံများ ကြားရ တတ်ပါသည်။
ယင်းအသံများသည် သခင်ဖြစ်သော ပြည်သူတို့၏ အချိန်ဇယားကို ပြက်ရယ် ပြုခြင်း ဖြစ်လေသည်။