ရပ်ရွာအရေး လှုပ်ရှားသူ နော်ချစ်ပန်းတိုင် အသတ်ခံရမှု နှစ်လကျော် ကြာသည်အထိ တရားခံမမိသေး

0
323

ဓားထိုးခံရပြီး နိုဝင်ဘာလ ၁၉ ရက်က သေဆုံးခဲ့သည့် ရပ်ရွာအရေးလှုပ် ရှားသူ နော်ချစ်ပန်းတိုင် သေဆုံးခဲ့ပြီး အချိန် ၂ လကျော်ကြာသည် အထိ လူသတ်တရားခံ မမိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။


လက်ရှိအချိန်တွင် မေတ္တာမြို့၊ မြေးခံဘော်ဒေသရှိ လူအချို့ အပါအဝင် လူပေါင်း ၃၀ ဦးခန့်ကို စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း တရားခံမည်သူမည်ဝါ ဖြစ်ကြောင်းနှင့် တရားခံဖြစ်သူအား ဖမ်းမိရန် နီးစပ်ပြီဟု မပြောနိုင်သေး ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။” လိုက်နေတုန်းပဲ၊ တရားခံလို့ ပြောနိုင်တဲ့ အခြေအနေတော့ အတိအကျ ပြောလို့မရသေးဘူး”ဟု အဆိုပါ တာ ဝန်ရှိသူက ပြောသည်။

 
လူသတ်တရားခံအား ဖော်ထုတ် နိုင်ရန်အတွက် KNU တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့်လည်း ထိုက် သင့်သည့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။နော်ချစ်ပန်းတိုင် အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ အမှုမှန်ပေါ် ပေါက်ရေးအတွက် အရပ်ဘက်အဖွဲ့ အစည်းများ အပါအဝင် အဖွဲ့အစည်း များက ကြေညာချက် အသီးသီး ထုတ် ပြန်ခဲ့ကြသည်။

 
ယခုကဲ့သို့ တရားခံ မမိသေးသည့် အပေါ် အရပ်ဘက်အဖွဲ့အစည်းတွင် လုပ်ဆောင်နေသူတစ်ဦးအနေဖြင့် လုံခြုံမှုမရှိသကဲ့သို့ ခံစားမိကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂ၏ save house အစီအစဉ် တာဝန်ခံက ပြောသည်။” တရားခံစုံစမ်းမှု လုပ်နေတာတွေ ကို အားမလို အားမရ ဖြစ်မိတယ်၊ ဒီထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ် လုပ် ဆောင်စေချင်တယ်” ဟု တာဝန်ခံ ဒေါ်သီတာမိုးက ဆိုသည်။နော်ချစ်ပန်းတိုင်၏ သူငယ်ချင်း တစ်ဦးကလည်း အချိန်ပိုပိုကြာလာပြီး တရားခံမမိဘဲ အဖျားရှုးသွားမည်ကို စိုး ရိမ်သည်ဟု ပြောသည်။

 
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက် ညက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံဂီတ အစည်းအရုံး ရန်ပုံငွေ အဆိုပြိုင်ပွဲ ကျင်းပစဉ်တွင် ပြိုင်ပွဲစင်မြင့် နှင့် မလှမ်းမကမ်းတွင် နော်ချစ်ပန်းတိုင် ဓားဖြင့်အထိုးခံရပြီး သေဆုံးခဲ့သည်။
အသတ်ခံခဲ့ရသည့် အသက် ၂၁ နှစ်အရွယ် နော်ချစ်ပန်းတိုင်သည် ထား ဝယ်ဒေသအရေးလှုပ်ရှားသည့် တာက ပေါအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူး သူဖြစ်ပြီး အခင်းမဖြစ်ပွားခင်အချိန်ထိ မြေမြှုပ်မိုင်းအန္တရာယ် အကြံပေး အဖွဲ့ ( MAG )တွင် တာဝန်ထမ်းဆောင်ခဲ့ သည်။