သခင်များထံ မပျက်မကွက် စာပြန်ပါ

0
441

အစိုးရသည် ပြည်သူ့ကျွန်ဖြစ် သည်။ သခင်သည် ကျွန်ကို ခိုင်းတတ်ရန် လိုသည်။တိုင်းအစိုးရအဖွဲ့ တက်စတွင်လည်း အတိအလင်း ဝန်ခံထားခဲ့သည်။” ကျွန်တော်ကျွန်မတို့က ပြည်သူ့ ကျွန်ပါ၊ ကျွန်မကတော့ ကျွန်အဖွဲ့ ခေါင်း ဆောင်ပါ” ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။


မဲဆွယ်ပွဲများတွင်လည်း ” ခိုင်းပါ၊ ခိုင်းပါ” တစာစာ ပြောခဲ့သဖြင့် ဖူးဖူးမှုတ် ထားစရာ မလို။ ခိုင်းရာတွင် အားနာရန် အကြောင်းမရှိ။
ပြည်သူအချို့ကား တိုင်းအစိုးရကို ရဲရဲခိုင်းလာသည်။ ခိုင်းထားကြသည်များ လည်း ရှိသည်။ အစိုးရသစ် လက်ထက် တွင် ပိုပေါလာသည်။ လက်ရှိအစိုးရအား ပိုယုံကြည်၊ ပိုအားကိုးလာ၍ ဖြစ်သည်။

 
ပြည်သူတို့သည် အစိုးရအား ခိုင်း သည်ဆိုသော်လည်း တောင်းဆိုခြင်း၊ အသနားခံခြင်းဟူသော အသုံးအနှုန်း များသာ သုံးစွဲကြသည်။ ယင်းသည် မြန်မာနိုင်ငံသားတို့၏ ထူးခြားသည့် ဝိသေသတစ်ရပ် ဖြစ်သည်။ ချစ်စဖွယ် ယဉ်ကျေးမှုလည်း ဖြစ်သည်။
တနင်္သာရီတိုင်းသားများက သာ၍ ယဉ်ကျေးသည်။ ကျွန်အဖွဲ့ဟု ဝန်ခံ ထားသော်လည်း ကျွန်ကဲ့သို့ မဆက် ဆံကြ။ ခေါင်းဆောင်များအဖြစ် ချစ်ကြ သည်။ မိမိတို့၏ ပြဿနာများကို ဖြေရှင်း ပေးနိုင်မည့်သူများဟု ယုံကြသည်။
ထို့ကြောင့် တိုင်ကြားကြသည်။ အသနားခံကြသည်။ တောင်းဆိုကြသည်။

 
အချို့က အများနှင့် သက်ဆိုင် သောကိစ္စများ တောင်းဆိုကြလိမ့်မည်။ မီးလင်းရေး၊ ကျောင်းပြင်၊ လမ်းဖောက်၊ ဆေးခန်းဆောက် စသဖြင့်။ ရွာကို ပြည်ထဲရေး အမည်ပေါက်အောင် လုပ်ပေး ရန်မှအစ မြစ်ချောင်းများ၊ သယံဇာတများ၊ ပြည်သူပိုင်ပစ္စည်းများ ထိန်းသိမ်းပေးရန် အဆုံး..။အချို့က ပုဂ္ဂလိက ပြဿနာများ ဖြေရှင်းပေးရန်လည်း တောင်းဆိုကြ လိမ့်မည်။ လက်ငင်း ပြဿနာများ သာမက ဟိုးရှေးပဝေသဏီက မှုခင်းများ ကိုလည်း ဖြေရှင်းပေးရန် ပြန်လည်တူးဆွ တောင်း ဆိုလာနိုင်သည်။ ခေတ်အဆက် ဆက် တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ ငွေများ တရားနိုင်ဖြစ်ခြင်းတို့အား အောက်အီးသည်းခံခဲ့သမျှ ပြည်သူ့ အစိုးရလက်ထက်တွင် ပြန်လည် ဖွင့်အန် ကြမည်။
တောင်းဆိုရာတွင် ကိုယ့်ရပ်ရွာသို့ အစိုးရအဖွဲ့များ၊ လွှတ်တော် ကိုယ်စား လှယ် များလာရောက်သဖြင့် ခိုင်း(တင်ပြ)ခြင်းလည်း ဖြစ်နိုင်သည်။ စာဖြစ်လည်း လှမ်းခိုင်း(တင်ပြ၊ တောင်းဆို)ကြလိမ့် မည်။

 
မိမိရပ်ရွာသို့ တာဝန်ရှိသူများ လာသဖြင့် လိုအပ်သည်များ ခိုင်းစေခြင်း မှာ တစ်ခုခု အဖြေရခဲ့နိုင်သည်။ လုပ်ပေး ပါမည်၊ ဆွေးနွေးတိုင်ပင် အကြောင်း ပြန်ပါမည်စသဖြင့် ဖြေခဲ့နိုင်သည်။ ကတိ တစ်ခုခု လက်ငင်းရနိုင်သည့် သဘော ရှိသည်။စာဖြင့် ခိုင်းစေခြင်းကား ထိုသို့ မဟုတ်။ လက်ရှိအစိုးရအဖွဲ့ စာပေးစာယူ ဌာနသည် ပြည်သူ တစ်ဦးတစ်ယောက်၊ အစုအဖွဲ့ တစ်ခုခုမှ လာသောစာကို တိုင်စာ တောစာဟု သတ်မှတ်ကာ လက် မခံ။ စာတိုက်မှ တစ်ဆင့် မှတ်ပုံတင် ရသည်။ တိုင်းအစိုးရ အဖွဲ့ရုံးဝင်းထဲရှိ စာလက်ခံဌာနသို့ ရောက်ပြီးမှ စာလက် မခံသဖြင့် ပြန်ထွက်ကာ ယင်းရုံး၏ လမ်း တစ်ဖက်ရှိ စာတိုက်မှ ပြန်ထည့် ကြရ သည်။ ရုံးလုပ်ထုံးလုပ်နည်းဟု နားလည် ပါသည်။ ပြည်သူများ မငြိုငြင်။ ငြိုငြင် နေကလည်း ရွေးစရာ လမ်းမရှိ။ စာ အရောက် ပို့ကြသည်။

 
ပြန်စာကား မရဖူးကြ။
တိုင်စာတစ်စောင် ဖြစ်လာရန် မည် မျှ အားထုတ်ရကြောင်း ရေးခဲ့ပြီးပါပြီ။ ငွေနှင့် အချိန် မည်မျှကုန်သည်ကို လက်ရှိ တိုင်းအစိုးရ ဖြစ်နေကြသည့် အတိုက် အခံဘ၀မှလာသည့် နိုင်ငံရေးသမား တိုင်း(နီးပါး)၊ ကြိုးစားအားထုတ်ဖူးကြ သူတိုင်း သိချေမည်။
ယင်းသို့ အဆင့်ဆင့် ဖြတ်သန်းပြီး ရောက်လာသည့် ပြည်သူစာတစ်စောင် မိမိတို့ လက်ခံရရှိပါကြောင်း အကြောင်း ပြန်ရန် မည်သူမျှ အားမထုတ်ကြသည်မှာ အဘယ်ကြောင့်နည်း။

 
စာပြန်စေချင်သည်။ မိမိတို့ သခင် များထံ စာရပါကြောင်း အရေးတယူ အကြောင်းပြန်ရမည် မဟုတ်လော။
မဆိုးလှသည်မှာ စာအပေါ် အရေး ယူမှု မြန်သည့် အချက်။ သတိထားမိ သလောက် အချို့တိုင်စာများအပေါ် ၁၀ ရက်ခန့်အတွင်း အရေးယူမှု ပြုနိုင် သည်ကို တွေ့ရသည်။ (တချို့စာများ ထိုထက် ပိုကြာနိုင်ပါသည်။)တစ်ပတ် ၁၀ ရက်အတွင်း တိုင် ကြားသူ(များ)ထံ အနည်းဆုံး မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်လာတတ်သည်။ တိုင်စာပါ အကြောင်းအရာများထဲမှ မရှင်း လင်းသည်များကို မေးမြန်းသည်။ ထွက်ဆို ချက်များကို တိတိကျကျ ရေးသားပေးကာ တိုင်သူက လက်မှတ်ထိုးရသည်။

 
ယင်းသို့ ထွက်ဆိုချက် လာယူသည့် အဖွဲ့များထဲမှ တချို့အဖွဲ့များက အပိုး မကျိုးကြ။ ၎င်းတို့ဌာနကို ထိသော တိုင်စာဆိုပါက ဟောက်စား လုပ်တတ် သေးသည်။ တချို့ဆိုလျှင် ခြိမ်းခြောက် တတ်သေးသည်။ တချို့ကလည်း ခိုင်း ၍သာလုပ်ရသည် ဟူသော အချိုးမျိုးဖြင့် စိတ်ပါလက်ပါ မရှိကြ။

 
ပြည်သူ တိုင်သည်က ပြည်သူ့ အစိုးရ။ လာစစ်သည်က အတိုင်ခံရသည့် ဌာနဝန်ထမ်းများ။ ဤမျှတော့ ရှိမည်။ ရှိနှင့် ပြည်သူ့ အရွေးချယ်ခံ အရေ အတွက်နှင့် တိုင်စာတောစာ အရေအတွက် အရ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံဖြေရှင်းရန် မလွယ်။
ထားတော့။ တိုင်ကြားစာ စိစစ် သောအဖွဲ့များ သမာသမတ်ကျကျ ဖြစ် စေရေး ဖွဲ့စည်းနိုင်ရန်မှာ ခိုင်းလိုက်သူ အစိုးရတို့တာဝန်။ ယင်းအဖွဲ့များသည် အစိုးရ၏ နား၊ မျက်စိများပင်ဖြစ်ကြောင်း သတိချပ်ထားရန် လိုသည်။ လူယုံ သတ် က စုံလုံးကန်းတတ်သည် မဟုတ်လော။

 
ဆိုးသည်မှာ ယင်းသို့ လာစစ် ပြီးနောက်တွင်ကား ယင်းတိုင်စာ ဇာတ် လမ်း အဆုံးသတ်သွားခြင်း ဖြစ်သည်။
မည်သို့ ဆုံးဖြတ်လိုက်သည်ကို မကြားရတော့။ မည်သို့ ဆက်လက် ဆောင်ရွက်သည်ကို အကြောင်း မပြန် တော့။
မဖြစ်သင့်ပါ။ မိမိတို့ တိုင်ကြား လိုက်သည့်စာ၊ ခိုင်းလိုက်သည့် အလုပ်ကို မည်သို့ ဆုံးဖြတ်လုပ်ဆောင်မည်ကို ခိုင်း သူ သိကို သိရမည်။ အခိုင်းခံရသူ အစိုးရ ထိန်ချန်ထားခွင့် မရှိ။

 
တိုင်းအစိုးရ၏ ဆုံးဖြတ်ချက် ပြန်သိရမှသာ တိုင်ကြားကြသည့် တိုင်း သားများက မည်သို့ ဆက်လက် ဆောင် ရွက်သင့်သည်ကို အချိန်နှင့် တပြေးညီ ဆုံးဖြတ် လုပ်ဆောင်နိုင်မည်။ ပြည် ထောင်စုအဆင့်သို့ တက်သင့်က တက် နိုင်မည်။
ပြန်သူ့ထံ စာပြန်ရန် မည်မျှ အပန်း ကြီးနိုင်၏နည်း။ အုပ်ချုပ်ရေးယန္တရားက ပြည်ထောင်စုမှသည် ရပ် / ကျေး (လခ စား ဝန်ထမ်းစာရေး) အထိ ကွန်ရက်ချိတ် ဆက်ထားရှိပြီး ဖြစ်သည်။ အသုံးပြု တတ်ရန်သာ လိုသည်။

 
ပြည်သူရေးသောစာအား တခုတ် တရ စာပြန်တတ်ခြင်းက ပြည်သူကို အမှန်တစ်ကယ် သခင်ရာ သွင်းခြင်းသို့ ရောက်စေလိမ့်မည်။ တိုင်းသားများ ကလည်း မိမိတို့အစိုးရ၏ အလေးအမြတ် ပြုခြင်းခံရမှုအပေါ် ကျေနပ်နှစ်သက် နိုင်ကြမည်။ တင်မြှောက်ရကျိုး နပ်လေ ခြင်းဟု မော်ကြွားနိုင်ကြမည်။ တိုင်း အစိုးရ မဖြေရှင်းနိုင်သည့် ပြဿနာ ဖြစ်ပါကလည်း ယင်းပြန်စာမှတစ်ဆင့် ပွင်းလင်းစွာ ရှင်းပြကာ မည်သို့ ဆက် လက် ဆောင်ရွက်သင့်ကြောင်း အကြံပြု နိုင်လိမ့်သည်။

 
တစ်နည်းဆိုသော် ယင်းပြန်စာဖြင့် အမှတ် အများကြီး ရယူနိုင်သည်။ ပြည်သူကို အရေးတယူ ပြုသောအစိုးရ၊ ပြည်သူကို မျက်နှာမူသော အစိုးရ၊ ပြည်သူ့အခက်အခဲကို အကြီးအသေးမဟူ ဖြေရှင်းအကြံပြု စောင်မတတ်သော အစိုးရအဖြစ် ပြည်သူအချစ် တိုးလာ မည်မှာ မုချ။
ယခုကဲ့သို့ စာမပြန်တတ်ခြင်းကား တိုင်းအစိုးရ အပြောနှင့် အလုပ် လက် တွေ့ မကျဟု လှောင်ပြောင်ကြလိမ့်မည်။ သခင့်ထံ စာမပြန်သော ကျွန်များအား ပြည်သူတို့ ပြက်ရယ်ပြုလိမ့်မည်။ ပွင့် လင်းမြင်သာသော အစိုးရ ဖြစ်စေရမည်ဟု ကတိပြုထားပြီး မဟုတ်ချေလေ။

 
အစိုးရဟု ဆိုရာတွင် တိုင်းအစိုးရ အဖွဲ့ကိုသာ မဆိုလို။ တိုင်းပြည်မဏ္ဍိုင် ၃ ရပ်စလုံးကို ဆိုလိုသည်။ အုပ်ချုပ်ရေး မဏ္ဍိုင်မှ တိုင်းအစိုးရအဖွဲ့၊ ဥပဒေပြုရေး မဏ္ဍိုင်မှ တိုင်းလွှတ်တော်၊ တရားစီရင်ရေး မဏ္ဍိုင်မှ တိုင်းတရားလွှတ်တော် တို့ကိုပါ ဆိုလိုသည်။ တိုင်းလွှတ်တော်ရှိ ပြည်သူများ တိုင်ကြား အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီကလည်း လုပ်ဆောင် ချက်များ   ပြန်အကြောင်းကြားသည်ဟု မကြားမိ သေး။

 
တိုင်စာများအပေါ် အကြောင်း မပြန်တတ်ခြင်းသည် လက်ရှိအစိုးရအပေါ် ပြည်သူ့အားကိုးယုံကြည်မှု အနှုတ် လက္ခဏာ ဆောင်သည်။
သခင်ဖြစ်သော ပြည်သူများအား စာပြန်ရန် လိုသည်။