အပစ်ရပ်ရေး ကေအင်န်ယူနှင့် မွန်ပြည်သစ်ပါတီ သဘောတူ

0
456

မွန်ပြည်သစ်ပါတီနှင့် ကေအင်န်ယူ တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် ဇန်နဝါရီလ ၂၅ ရက်တွင် ပြုလုပ်သည့် နှစ်ဖက် ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်။


တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မွန်ပြည်သစ် ပါတီ(ထားဝယ်ခရိုင်) နှင့် တပ်မဟာ ၄ ကေအင်န်ယူ(မြိတ်-ထားဝယ်ခရိုင်) မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တိုင်း အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး အထက်ပါအတိုင်း သဘောတူ ခဲ့ကြခြင်းဖြစ်သည်။

 

” အခုဆွေးနွေးတဲ့အချိန်ကစပြီး အပစ်အခတ်ရပ်စဲထားဖို့။ ဆက်ပြီး ပစ်ခတ်မှုမဖြစ်အောင် တစ်ဖက်နဲ့ တစ် ဖက် ထိန်းထိန်းသိမ်းသိမ်းနေဖို့ သဘော တူထားပါတယ်”  ဟု မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်ထော့ ရော့က ပြောသည်။
ယင်းဆွေးနွေးပွဲတွင် အထက်ပါ အချက်အပါအဝင် အချက်နှစ်ခုကို ဆွေး နွေးသဘောတူခဲ့ကြခြင်းဖြစ်ကြောင်း နှစ် ဖက် ခေါင်းဆောင်များထံမှ သိရသည်။

 
” နောက်တစ်ခုက ပြည်သူလူထုရဲ့ သွားလာလှုပ်ရှားမှုကို တားဆီးပိတ်ပင် တာမျိုး မလုပ်ဖို့၊ ခြိမ်းခြောက်တာမျိုး မရှိစေဖို့ သဘောတူ ထားပါတယ် ” ဟု တပ်မဟာ ၄ ကေအင်န်ယူ (မြိတ်-ထား ဝယ်ခရိုင်) ဆက်ဆံရေးရုံးမှ တာဝန်ခံ ဖဒိုစောဝင်းခိုင်က ပြောသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုက်ပွဲဖြစ်ပွား သည့်ဒေသကို လေ့လာကာ တတ်နိုင် သမျှ ကူညီဖြေရှင်း ပေးမည်ဟု ပြောဆို ခဲ့ကြောင်း ၎င်းက ဆိုသည်။

 
မွန်ပြည်သစ်ပါတီနှင့် KNU တို့ သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အမျိုးသားဒီမို ကရေစီတပ်ပေါင်းစု (NDF) ၏ စေ့စပ် ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည် သွားခဲ့သည်မှာ ၂၈ နှစ်နီးပါး ရှိလာခဲ့ရာမှ တဖန် စက်တင်ဘာ ၈ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

 
စက်တင်ဘာ ၈ ရက်က ပစ်ခတ် မှုနှင့် ပတ်သက်ပြီး KNU နှင့် မွန်ပြည် သစ်ပါတီတို့ တွေ့ဆုံခဲ့ကြပြီး မွန်ပြည် သစ်ပါတီနှင့် ကရင်အမျိုးသားအစည်း အရုံးကြားအငြင်းပွားဖွယ် ဖြစ်နေသည့် နယ်မြေကိစ္စကို ဗဟိုအဆင့်တွင် ဆောင် ရွက်သွားရန်အပြင် အောက်ခြေအဆင့် စစ်ရေးပြဿနာ ထပ်မံမဖြစ်ပွားရန် သက်ဆိုင်ရာနယ်မြေခံ တပ်မှူးတို့က ကြပ်မတ်သွားရန်၊  သွားလာလှုပ်ရှား မှုများကို အသိပေးအကြောင်းကြားရန် အစရှိသည့် အချက်များ သဘောတူ ထားကြသော်လည်း ပစ်ခတ်မှု ဆက် လက် ဖြစ်ပွားခဲ့သည်။
မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့တို့သည် ရေဖြူမြို့နယ်တွင် ပြီးခဲ့ သည့်နှစ် စက်တင်ဘာလက တစ်ကြိမ်၊ အောက်တိုဘာလက တစ်ကြိမ်၊ ဒီဇင် ဘာလအတွင်းက၂ ကြိမ် နှင့် ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် နှစ်ကြိမ် စုစုပေါင်း ပစ်ခတ်မှု ၆ ကြိမ် ဖြစ်ပွားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူ မြို့နယ်တွင် မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာနယ်မြေ ဖြစ်သည်။

 
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မြန်မာအစိုးရနှင့် တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ် ပါတီသည် NCA သဘောတူစာချုပ် လက်မှတ်ရေး ထိုးထားခြင်းမရှိသည့်အဖွဲ့ ဖြစ်သည်။