ညဈေးတန်း ၊ အလင်းဆိုင် နှင့် ငယ်ကညများ

0
521

ကျွန်တော်တို့ ငယ်တုန်းက လမ်း ဆုံကြီးမှာ ညဈေးတန်းလေး တစ်ခုရှိခဲ့ ဖူးတယ်။
” ပြည်တွင်းဖြစ်ကို အားပေးပါဆို ” တဲ့ မဆလ ခေတ်ကြီးထဲ မိတ်အင်ထိုင်း လင်း (Made in Thailand) ယိုးဒယား ထုတ်ကုန်တွေ ရနိုင်တဲ့ မှောင်ခိုဈေးတန်း လေးပေါ့။


ညနေစောင်းမှာ ဆိုင်တွေခင်းပြီး ၉ နာရီပွဲ ရုပ်ရှင်ဇာတ်ကားပြီးချိန်တွေ လောက်မှာ သိမ်းတဲ့ လမ်းဘေးဈေးဆိုင် လေးတွေ။ ပေါင်ဒါ၊ မိတ်ကပ်၊ နှုတ်ခမ်း နီ၊ မျက်ခုံးမွှေးဆွဲတံလို အလှကုန်၊ ပျိုပျိုမေတို့အကြိုက် ပိတ်စအထည် အလိပ်တွေ။ လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲ၊ မီးခြစ်လို အသုံးအဆောင်ပစ္စည်းတွေ။ ကာလသားတို့အကြိုက် စတီးဆွဲကြိုး၊ ကြယ်ပုံလက်စွပ်၊ အရိုးခေါင်းခါးပတ်၊ တီရှပ်၊ ဘောင်းဘီ။ ကလေးကစားစရာ စုံစီနဖာ ရောင်းကြဝယ်ကြတာ။

 
နောက်ပြီး လမ်းဆုံကြီး ကြက်လျှာ စွန်းထောင့်မှာ မုန့်ကျေးမုန့်ဆား၊ အာပုံ၊ ဘိန်းမုန့်၊ မြေပဲတောင့်လှော်၊ ပြောင်းဖူး ဖုတ်လို သရေစာတွေ ဝယ်စားလို့ရတဲ့ ဆိုင်လေးတွေ ရှိတယ်။ အိုက်စခရင်၊ ဖာလူဒါ၊ ကြံရည်သောက်လို့ ရတယ်။လစာထုတ်ရက်မျိုးမှာ လမ်းဆုံကြီး က တရုတ်စားသောက်ဆိုင်တွေမှာ စား သူသောက်သူ စည်တယ်။ ငွေရွှင်တဲ့ရက် တွေကိုး။ ဖက်ရွက်စိမ်းစိမ်းကို သင်အူ ကြိုးနဲ့ ခေါက်တုံ့ချည်ထားတဲ့ ဖက်စိမ်း နံ့သင်းနေတဲ့ ခေါက်ဆွဲကြော်တွေလည်း လွမ်းစရာ။ အခုတော့ ဘာလာလာ ကြွတ်ကြွတ်အိတ်နဲ့ချည်း။

 
ဈေးတန်းလျှောက်သူ ရောင်းသူ ဝယ်သူတွေနဲ့ စည်စည်ကားကား စိုစို ပြေပြေရှိခဲ့ဖူးတဲ့ ညဈေးတန်းလေးလည်း ၈၈ အရေးအခင်း နောက်ပိုင်းမှာ မရှိပါ လေတော့။ဈေးကြီးတောင်ဘက် ရွှေဆိုင် တန်းက ညနေ ၃နာရီ ၄နာရီလောက် သိမ်းတော့ ညဘက်ရောင်းတဲ့ မိုးအလင်း ဆိုင်တွေက ဆိုင်စခင်း ကြတယ်။ ဂျုံနယ် သူကနယ်၊ မီးမွှေးသူက မွှေးပေါ့။ ဗန်ကောက်ပို့စ်လို ထိုင်းသတင်းစာ စက္ကူအဟောင်းတွေကို ခေါက်၊ ဓားနဲ့ ဖြတ်၊ နို့ဆီဗူးခွံထဲထည့်ပြီး လက်သုတ် စက္ကူ အနေနဲ့ သုံးကြတယ်။ အခုခေတ်လို တစ်ရှူးလိပ်တွေ ဘာတွေ သိပ်ပြီး အသုံး မတွင်သေးဘူး။ သတင်း အမှောင်ခေတ်၊ စာအုပ်စာတမ်း ရှားပါး တဲ့ခေတ်မှာ အဲဒီ သတင်းစာ ဖြတ်ပိုင်း တွေထဲ စစ်အစိုးရနဲ့ ပတ်သက် တဲ့ ကာတွန်းတွေ၊ ဆောင်းပါး တွေ၊ သတင်းတွေကို မတတ်တခေါက်နဲ့ ဖတ်ပြီးလည်း ပြောကြဆိုကြ ဝေဖန်ကြ ရတာမျိုးလည်း ရှိခဲ့တယ်။

 
ဈေးတောင်ဘက် ရွှေဆိုင်တန်းမှာ ဖွင့်ခဲ့တဲ့ မိုးအလင်းဆိုင်တွေက မှတ်မိ သလောက် ကိုညီဆိုင်၊ ဘိုင်မြင့်ဆိုင်၊ ဘာဒဲဆိုင်။
ဘိုင်မြင့်ဆိုင်က လူစည်တယ်။ စားသုံးသူများတယ်။ အာဇာနည်လမ်း ဈေးသစ်က ကြီးပွားရေးစာအုပ်ဆိုင်၊ စန္ဒာစာအုပ်ဆိုင်တွေရှေ့မှာ ဖွင့်တာက ကိုတင်ထွန်းဆိုင်။ နောက်ကိုညီဆိုင် နား သွားတော့ သူ့ဆိုင်နေရာမှာ ကိုတင်ထွန်း ဆိုင် ရောက်သွားတယ်။ ဘိုင်မြင့်ဆိုင်က အကြော်ဆရာ ကိုဘိုလှက နောက်ပိုင်း ဘာဒဲဆိုင်နေရာမှာ သူ့ကိုယ်ပိုင်ဆိုင်ဖွင့် တယ်။

 
မိုးအလင်းဆိုင်တွေမှာ ရောင်းကြ တာက ပလာတာ၊ ကြက်သားဟင်း၊ ပန်းသေးခေါက်ဆွဲ၊ ကြက်သားခပတ်၊ ထမင်းကြော်။ လက်ဖက်ရည်၊ ကော်ဖီ ပေါ့။ ဗူးနို့ဆီနဲ့က တိုင်ကီ၊ ချက်နို့ဆီနဲ့က ချက်တဲ့။ မုန့်ဖက်ထုပ်လို ကောက်ညှင်း စေ့လိုမျိုး ကိတ်မုန့်၊ လမုန့်ဘာညာ နည်း နည်းပါးပါးလည်း တင်ရောင်းကြတယ်။ပန်းသေးခေါက်ဆွဲကတော့ မိုး အလင်းဆိုင်တွေရဲ့ အဓိက စားဖွယ်ရာ ပေါ့လေ။
ပန်းသေးခေါက်ဆွဲ အရိုးလွတ်စား၊ တိုင်ကီသောက်၊ စီးကရက်ခဲနိုင်ရင် အကောင်ပဲ။

 
လူကြီးပိုင်းထက် လူလတ်ပိုင်း လူငယ်ပိုင်းတွေက မိုးအလင်းဆိုင် အထိုင်များကြတယ်။ ကျွန်တော်တို့ ခေတ်က ကျောင်းသား အတော်များများရဲ့ စုရပ်ဆုံရပ်ဟာ မိုးအလင်းဆိုင်တွေမှာ။ ရေနွေးတွေ တစ်အိုးပြီး တစ်အိုးတောင်းပြီး ညနက်သန်းခေါင်အထိ ထိုင်ကြ ပွားကြ တာပဲ။

 
ဈေးတောင်ဘက်လမ်းမှာ ပေး မရောင်းတော့တဲ့နောက် ဦးကျော်ရင် လမ်းဘက် ဈေးသစ်တန်းမှာ ဘိုင်မြင့် ဆိုင်။ ကိုလှဦးဆိုင်တို့ ဖွင့်ကြသေးတယ်။ နောက်ရုံးကြီးနားက ကုန်သွယ်ရေးရုံး အခု အင်းဝဘဏ်နေရာမှာက စားဗိုက်ဆိုင်။
နိဗ္ဗာန်လမ်းထောင့် ဗဟိုအအေးဆိုင် နားရောက်သွားတာက ဘိုလှဆိုင်။ ကိုတင်ထွန်းကျတော့ အိုးလုပ်ရပ်ရေးလမ်း က ခေတ်မီ ကွမ်းယာဆိုင်နေရာရောက်သွားခဲ့တယ်။ မိုးအလင်းဆိုင်တွေထဲ ပဲဟင်းနံပြား၊ ပဲသုပ်နံပြားရောင်းတဲ့ ဘိုင်ကာရှင်ဆိုင်လည်း ချန်ခဲ့လို့မရ။ ဘိုင်ကာရှင်က မင်္ဂလာလမ်း (ပေ ၅၀ လမ်း) သုံးပန်လှအိမ်နဲ့ မျက်စောင်း ထိုးလောက်မှာ လက်တွန်းလှည်း ကလေး နဲ့ရောင်းတာ။ ဦးစိုးလက်ဘက်ရည်ဆိုင် ထောင့်နားမှာပေါ့။

 
ဂန်ဂျာသမား၊ မာရှီသမားတွေက ဘိုင်ကာရှင်ရဲ့ နံပြားကို အားကိုးကြတယ်။ ည၂ချက်တီး ၃နာရီလောက် သွားနှိုးလည်း ပက်လက်ကုလားထိုင်ပေါ် အိပ်နေရာက ထလာ၊ ပုဆိုးမှာ လက်လေးဘာလေး သုတ်ပြီး ဂျုံလုံးလှိမ့်၊ ဆွဲဖြန့်ပြီး ဘတ် ကနဲ နံပြားဖိုထဲ ကပ်ထည့်လိုက်တာပဲ။

 
အခုဘိုင်မြင့် မရှိတော့။ ကိုတင် ထွန်းဆိုင်က တောင်ခွလမ်းဆုံနားမှာ။ ဘိုလှတို့ စားဗိုက်တို့က ဝဲကျွန်းဘက် မှာတဲ့။ ပခုက္ကူကျောင်း ပတ်လည်မှာတော့ မိုးအလင်းဆိုင်၃ဆိုင်ရှိတယ်လို့ သိရ တယ်။ ကျွန်တော်တို့ထိုင်ခဲ့ဖူးတဲ့ ဆိုင် တွေကတော့ တောင်တစ်ဆိုင် မြောက် တစ်ဆိုင်ပြန့်ကျဲပြီး အလင်းဆိုင် ယဉ်ကျေး မှုကြီး ပျက်သုဉ်းသွားခဲ့ပြီ။

 
အခု ဈေးတောင်ဘက်လမ်းမှာ ညဈေးတန်းဆိုပြီး ပြန်လုပ်နေတာကြား ရတော့ အရင်က အရသာများ၊ အရင်က ညအခါ များပြန်လိုချင် လာပြန်တယ်။ အရင်က အရသာများ၊ အရင်က ညအခါများ၊ ထားခဲ့၍ မရသော အကြောင်းအရာများ။
အရင်နဲ့ရော တူသေးရဲ့လား မသိ။

 
ကျောင်းသားတွေရော အရင်ခေတ် လို မိုးအလင်းဆိုင်မှာ စုကြသေးလား။ ရေနွေးတွေ တစ်အိုးပြီး တစ်အိုးတောင်းပြီး ညနက်သန်းခေါင်အထိ ထိုင်ပွားကြ တုန်းလား။ အဝေးရောက်တစ်ယောက်ရဲ့ အတွေးစတွေက အတိတ်ဆီ ပြန်ပြန် ရောက်နေရဲ့။