ကြက်ကင်အသားစိမ်းတွင် အစာအဆိပ်သင့်စေသည့် ဘက်တီးရီးယားပိုးတွေ့

0
352

ထားဝယ်ဒေသတွင် ရောင်းချနေ ကြသည့် ကြက်ကင်ဆိုင်အချို့မှ ကြက် သားအစိမ်း နမူနာများကို ဓာတ်ခွဲ စစ် ဆေးရာ အစာအဆိပ်သင့်စေသည့် ဘက်တီးရီးယားပိုးများ တွေ့ရှိရကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေး ကော်မတီထံမှ သိရသည်။


ကြက်ကင်ရောင်းချနေသည့် ဆိုင်များမှ ကြက်သားအစိမ်းတွင် အစာ အဆိပ်သင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်စေသည့် ဘက်တီးရီးယားများ တွေ့ရှိရပြီး အဆိုပါကြက်သားများကို အကင်လုပ်စားရန် မသင့်တော်ဘဲ ချက် ပြုတ်ကြော်လှော်ပြီးမှသာ စားသုံးသင့် ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌက ဆိုသည်။

 

” ဒီကြက်သားတွေကို ကျက်အောင် ပေါင်းပြီးကင်စားမှ စိတ်ချရတယ်” ဟု ယင်း ကော်မတီဥက္ကဋ္ဌက ပြောသည်။
ကင်ပြီးသား ကြက်သားကင်များကို နည်းပညာအရ စစ်ဆေးရန်အခက် အခဲရှိပြီး ကြက်သားအစိမ်းများ ဓာတ်ခွဲ စစ်ဆေးခြင်းကို မကြာခဏ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင် ဘာလက ကြက်သားကင်ရောင်းချနေ သည့် ဆိုင်အချို့မှ ကြက်သားအစိမ်း နမူနာများကို ရန်ကုန်မြို့ရှိ တိမွေးကု ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။

 
ဓာတ်ခွဲ စစ်ဆေးချက်အရ ကြက် သားများတွင် ဘက်တီရီးယားပိုးများ ရှိသင့်သည့် ပမာဏထက် အနည်းငယ် ကျော်လွန် နေသည့်အတွက် ကင်စားရန် မသင့်ကြောင်း အဖြေထွက်သည်ဟု တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးက ပြော သည်။
” ကင်စားဖို့ မသင့်တော်ဘူး၊ ချက် ပြုတ်စားသောက်ဖို့ပဲ သင့်တော်တယ်လို့ အကြံပြုတဲ့ အဖြေထွက်လာတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်း ဒေသကြီး ဦးစီးမှူးက ဆိုသည်။

 
လာမည့် ဖေဖော်ဝါရီလတွင် ထား ဝယ်ဒေသရှိ ကြက်ကင်ရောင်းချနေသည့် ဆိုင်ပိုင်ရှင်များကို ခေါ်ယူကာ အသိ ပညာပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေး ဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။
ထားဝယ်ဒေသရှိ ကြက်ကင် ဆိုင်အချို့နှင့် စားသောက်ဆိုင်အချို့တွင် ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက် လာ သည့် အေးခဲကြက်သားများ သုံးစွဲမှုများ ရှိနေဆဲဖြစ်ကြောင်း စားသုံးသူများက ပြောဆိုလျက်ရှိသည်။