ထောက်ခံချက်မဲ့ ရေသန့်ထုတ်လုပ် ရောင်းချသူများကို အရေးယူမည်

0
361

အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မဲ့ လုပ်ငန်းများ၊ ထောက် ခံချက် သက်တမ်းကုန် ရေသန့်များနှင့် ထုတ်လုပ် ရောင်းချနေသူများကို လာ မည့် ဖေဖော်ဝါရီလတွင် စိစစ် အရေး ယူတော့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မ တီထံမှ သိရသည်။


ရေမသန့်ရှင်းပါက သောက်သုံး သူကို ဘေးအန္တရာယ် ဖြစ်စေသည့် အတွက် ဈေးကွက်အတွင်းရှိ ရေသန့် ထုတ်လုပ် ရောင်းချ သူများကို စိစစ် ဖမ်းဆီးရန်နှင့် ဈေးကွက်အတွင်း ရောင်းချခြင်း မရှိစေရန် တိုင်းအတွင်း ခရိုင်အားလုံးတွင် တပြိုင်တည်း လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးက ဆိုသည်။” စစ်လို့တွေ့ရင်တော့ တစ်ခါ တည်း အရေးယူသွားမယ်” ဟု အဆိုပါ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။

 
ယင်းအပြင် အိမ်သုံး ရေသန့် စက်ငယ်များဖြင့်  ထုတ်လုပ်နေသူများကို လည်း အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တရားမဝင် ရေသန့်လုပ်ငန်းများက အရည်အသွေး အာမခံချက် မရှိသည့် အတွက် သောက်သုံးသူများ၏ ကျန်းမာ ရေးကို ထိခိုက်စေနိုင်သည်ဟု ဏမငညခနျ အဆင့်မြင့် သောက်ရေ သန့်လုပ်ငန်း မန်နေဂျာ ဦးစိုးကြည်က ပြောသည်။” ကျွန်တော်တို့ရဲ့ ရေဘူးထဲကို ကိုယ်ဟာကိုယ် ရေထည့်ပြီး သုံးဘီးနဲ့ လိုက်ရောင်းနေတာတွေ ရှိတယ်” ဟု ဦးစိုးကြည်က ဆိုသည်။
ဈေးကွက်ကို အမြဲတမ်း ထိန်းကျောင်း နိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီ အနေဖြင့် စည်းကမ်းချက်များဖြင့် သတ်သတ်မှတ်မှတ် လုပ်ဆောင်သင့် ကြောင်း ၎င်းက ပြောသည်။

 
တိုင်းဈေးကွက်အတွင်း ထောက်ခံ ချက်ဖြင့် ရေသန့် ထုတ်လုပ်သည့် လုပ်ငန်း ၃၀ ခန့်ရှိကြောင်း တိုင်းအစား အသောက် နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီ ထံမှ သိရသည်။ထို့အပြင် ထောက်ခံချက် လျှောက် ထားဆဲနှင့် ထောက်ခံချက် မရှိသည့် လုပ်ငန်းများလည်း ကိုယ်ပိုင် အမှတ် တံဆိပ်များဖြင့် ရေသန့်ထုတ်လုပ် ရောင်း ချလျက် ရှိသည်။ထားဝယ်ခရိုင်တွင် ရေသန့် ထုတ် လုပ်နေသည့် လုပ်ငန်း ၁၀ ခုခန့်ရှိပြီး ၎င်းတို့အနက် ထောက်ခံချက်ရှိထား သူမှာ ထက်ဝက်ခန့်သာ ရှိကြောင်း ရေသန့်လုပ်ငန်းရှင်အချို့က ပြောသည်။

 
ရေသန့်ထုတ်လုပ်ခွင့်အတွက် ထောက်ခံချက် ရရန်နှင့် ထောက်ခံချက် ကို သက်တမ်းတိုးရာတွင် အချိန်ကြာ မြင့်သည့် အခက်အခဲရှိသည်ဟု ၎င်းတို့ က ဆိုသည်။”ထောက်ခံချက် သက်တမ်းတိုးတဲ့ အချိန်က နှစ်ချီကြာလေ့ရှိတော့ လာစစ် ရင် အခက်အခဲ ရှိတယ်။ မြန်မြန် ဆန် ဆန်လေးလုပ်ပေး စေချင်တယ်” ဟု ဦးစိုးကြည်က ဆိုသည်။ထောက်ခံချက်သက်တမ်းသည် ၂ နှစ်သာရှိပြီး သက်တမ်း ကုန်ဆုံးရန် ၃ လ အလိုတွင် သက်တမ်းတိုးရသည်။

 
၎င်းအပြင် ဈေးကွက်အတွင်း ဒေသထုတ်ရေသန့်များအပြင် အခြား ဒေသများက ဝင်ရောက်သည့် ရေသန့် များလည်း ရှိသည်။
FDA ၏ ထောက်ခံချက်ပါရှိသည့် ရေသန့်ဘူးများရှိသကဲ့သို့ ထောက်ခံ ချက်မပါသည့် ရေသန့်ဘူး များလည်း ရှိသည်။
” ဖမ်းမယ်ဆိုရင် ဘယ်တံဆိပ်က ရောင်းလို့ ရတယ်။ မရဘူးဆိုတာ ဆိုင်တွေကို ကြိုပြောထားသင့်တယ်” ဟု အထက်ပါ ပွဲရုံကြီး၏ ပိုင်ရှင်က ပြောသည်။

 
စစ်ဆေးဖမ်းဆီးမည် ဆိုပါက လည်း တစိုက်မတ်မတ်ဖြင့် လုပ်စေ လိုပြီး ရောင်းသည့်ဆိုင်များထက် ထုတ် လုပ်သူများကို အဓိကထား စိစစ်သင့် သည်ဟု ၎င်းက ဆိုသည်။ ” အထက်က ညွှန်ကြားချက်အရ အစီရင်ခံစာရေးလို့ရရုံ အစီရင်ခံစာ တင်ပြီးရင် ပြီးပြီဆိုတဲ့ ပုံစံမျိုး မလုပ် စေချင်ဘူး ” ဟု ထားဝယ်မြို့ပေါ်ရှိ ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။ယင်းကဲ့သို့ ဈေးကွက်အတွင်း စစ်ဆေးမည်ဆိုပါက မကြာခဏ စစ်ဆေးသင့်ပြီး ရောင်းချနေပါက ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်မှ ဦးဖိုးဇော်က ဆိုသည်။

 
ထို့အပြင်ထောက်ခံချက် လက်မှတ်ရှိပြီးသည့် စက်ရုံများကိုလည်း ကောင်းမွန်သည့် ထုတ်လုပ်မှု ကျင့်စဉ်အရ ထုတ်လုပ်မှု ရှိ၊ မရှိကိုလည်း ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ပြီး စည်းကမ်းနှင့် မညီပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။

 
အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် လက်မှတ်မရှိသည့် ရေသန့်နှင့် ထောက်ခံချက် သက်တမ်း ကုန်ဆုံးသည့် ရေသန့်ထုတ်လုပ်ရောင်းချနေသူများကို အမျိုးသား အစားအသောက် ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ယင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။