တစ္ဆေ ၃၆၀၀ အခြောက်ခံနေရသူများ

0
577

“ဈေးထဲကိုရောက်ရင် ဒေါသက အလိုလို ထွက်လာတယ်”  ဟု ပြောလိုက် သူက ကိုဇော်။
ချဉ်ပေါင်ရွက်တစည်း ငွေတစ်ရာမှ တစ်ရာ့ငါးဆယ် ဖြစ်လာသည်။ ကန်စွန်း ရွက်လည်း အတူတူ။ စားသုံးဆီ ဆိုလျှင် လည်း အရင်ကထက် တစ်လီတာ ငါးရာ နီးပါး ဈေးပိုလာသည်။


အောက်ခြေအလုပ်သမား ကိုဇော် ၏ တစ်နေ့ လုပ်အားခမှာ ကျပ် ၃၆၀၀ မှာ ဒုံရင်း..။အသက် ၂၆နှစ်အရွယ် ကိုဇော် (အမည်လွှဲ)က  ပဲခူးတိုင်း၊ ပဒေါင်း မြို့နယ်၊ ကမြိုင်ရွာမှ မြိတ်သို့ ရောက်လာပြီး တစ်ဝမ်းတစ်ခါးအတွက် အလုပ်မျိုးစုံ ကျင်လည်လုပ်ကိုင်နေသူ။ ရေထွက် ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသည့် ယခု ကုမ္ပဏီသို့ သူရောက်ခဲ့သည်မှာ တစ်နှစ်ကျော်လာပြီ။ လုပ်အားခက ခုထိ မတက်နိုင်သေး။
ကိုဇော်သည် မြိတ်မြို့၏ ဆင်ခြေဖုံး ရပ်ကွက်ကလေးတစ်ခု၌ ဈေးအပေါဆုံး အခန်းလေးတခန်းကို ငှားရမ်းနေထိုင် နေရပြီး လကုန်လျှင် အိမ်လခ ရေဖိုး မီးဖိုးနှင့်ပင် ရသည့်လခ တစ်ဝက်ကျော် ကျော် ပြောင်သွားသည်။

 
ရသည့်လစာ တစ်သိန်း ရှစ်ထောင် ထဲမှ လူမှုဖူလုံရေးကြေးကိုလည်း အလုပ် စဝင်ကတည်းက ပေးဆောင်နေရပြီး ခံစားခွင့်က သုံးလ ပြည့်မှရသည်ဟု ၎င်း က ဆိုသည်။ တစ်ခါတစ်ရံနေ ထိုင်မကောင်းဖြစ် သော်လည်း လူမှုဖူလုံရေးဆေးပေးခန်းသို့ မရောက်ဖြစ်။ ယင်းဆေးခန်းသို့ တခါ သွားလျှင် ဆိုင်ကယ် တက္ကစီခက အသွား အပြန် သုံးထောင်လေးထောင်ခန့် ကုန် ကျသဖြစ် မသွားနိုင်။
” ကွမ်းယာဆိုင်က ဆေးလေးပဲ ဝယ် သောက်လိုက်တယ်” ဟု ကိုဇော်က ဖွင့် ဟသည်။

 
ယခင်က လူမှုဖူလုံရေးရုံးမှာ ဆိုင် ကယ်တက္ကစီခ အသွားအပြန် တစ်ထောင် သာ ကျသင့်ပြီး သွားရလွယ်ကူသော မြို့တွင်း၌ ရှိသည်။ ယခုအခါ စက်ရုံ အလုပ်ရုံ၊ စက်မှုဇုန်များနှင့် သုံးလေးမိုင် ခန့်ဝေးရာတွင် သွားရောက် ဖွင့်လှစ် ထားခြင်းကလည်း ကိုဇော်တို့ကဲ့သို့ အောက်ခြေ အလုပ်သမားများအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလိုဖြစ် နေခဲ့ကြောင်း အလုပ်သမားအများစုက ဖွင့်ဟကြသည်။

 
“မနည်းကို ကြံဖန်ချွေတာပြီး တစ်နေ့နေ့  စားသောက်နေရတယ်၊ ရေ ရှည်ဆိုရင်တော့ မလွယ်လောက်ဘူး” ဟု ၎င်းက ဖွင့်ဟ ညည်းညူသည်။တစ်နေ့လုပ်အားခ ကျပ် ၃၆၀၀ ရကာ ခြူသံပါအောင် ညည်းနေသည့် ကိုဇော်က တစ်ယောက်တည်းသမား။
ကိုဇော်မျှသာ ဝင်ငွေရှိသော်လည်း ကျောင်းနေအရွယ် သားသမီး ၃ ယောက် ရှိသော အလုပ်သမားမိသားစုများ မြိတ် တွင် ရှိသည်။
ထို့ပြင် အလုပ်သမားများ၏ အနိမ့် ဆုံးလုပ်ခ တစ်ရက် ကျပ် ၃၆၀၀ ဖြင့် ယခင်အစိုးရက ၂၀၁၅ ခုနှစ်ဇွန်လ အတွင်းက သတ်မှတ်ခဲ့ ပြီးဖြစ်သော် လည်း မြိတ်စက်မှုဇုန်အတွင်းရှိ အလုပ်ရုံ စက်ရုံအချို့၌ ယင်းနှုန်းထားအတိုင်း လူတိုင်းစေ့ မရသေး။

 
မြိတ်စက်မှုဇုံအတွင်းရှိ ငါးပုစွန် ရေထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ နေသော ကုမ္ပဏီမှ အလုပ်သမတစ်ဦးက သူမ အလုပ်စဝင်သည်နှင့် တစ်ရက် ကျပ် ၂၇၀၀  ပေးမည်ဟူသော ကတိဖြင့် အလုပ် ခန့်ခဲ့သော်လည်း လကုန်တွင် ကျပ် ၂၅၀၀  နှုန်းဖြစ်သာ ရှင်းပေးခဲ့ကြောင်း ယခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ပြော လာသည်။ထို့အပြင် လူမှုဖူလုံ ကျပ် ၁၈၀၀ နှင့် အရိုးကြေး (ကင်းမွန်အကောင်အတွင်း အရိုးဝင်နေလျှင် ပြန်နုတ်သည့်ကြေး)က လကုန် ရင်အနုတ်ခံရသေးကြောင်း ဖွင့် ဟသည်။

 
လခစားများအနေဖြင့် တစ်လလျှင် ၄ ရက် နားခွင့်ရပြီး ရှောင်တခင်ခွင့်များ လည်း ရနေသည့်အချိန်တွင် နေ့စား သမားတို့မှာ တစ်ရက်နားလျှင် တစ်ရက် အဖြတ်ခံနေကြရသည်ဟု ဆိုပါသည်။” ကျွန်မတစ်လလုံး အနားမယူဘူး၊ ရတဲ့ လစာနည်းသွားမှာ စိုးလို”  ဟု အဆိုပါ အလုပ်သမက ပြောသည်။

 
မြိတ်အနီးတစ်ဝိုက် ကျေးရွာများမှ လာရောက်လုပ်ကိုင်ကြသော အလုပ်သမ အချို့၏ အဆိုအရ ယင်းစက်ရုံတွင် မနက် ၈ နာရီအရောက် အလုပ်ဝင် ကတ်ထိုးရပြီး  ၅ မိနစ်ခန့် နောက်ကျပါက အလုပ်သမားခေါင်းဆောင် ဆူပူကြိမ်း မောင်းခြင်းကို ခံရတတ်သည်ဟူ၏။
အလုပ်ဆင်းပါကလည်း ညနေ ၅ နာရီ ကျော်မှစ  ၆နာရီအထိ သန့်ရှင်းရေး လုပ်ရပြီး လခစားများ အချိန်ပိုဆင်းပါက တစ်နာရီ ကျပ် ၁၀၀၀ ရနေချိန်တွင် နေ့စား အလုပ်သမတို့၏အချိန်ပိုကြေးမှာ ကျပ် ၄၅၀  သာ ရရှိကြောင်း ဖွင့်ဟကြပါ သည်။

 
ယခုအခါ ယင်းစက်မှုဇုန်အတွင်းရှိ အအေးခန်းစက်ရုံများ၌လည်း ငါးပုဇွန် ကုန်ကြမ်းဝင်ရောက်မှု နည်းပါးလာခြင်း ကြောင့် ကုန်ပြတ် လပ်သည့်ရက်များ၌ မကြာခဏ အလုပ်ပိတ်ခြင်းများ ပြုလုပ် နေကြရပြီး ၎င်းစက်ရုံများကို မှီခိုနေရ သော ကီလိုစားနှင့် နေ့စား အလုပ်သမား လေးများ အလုပ်အကိုင် မမှန်တော့ ကြောင်း သိရသည်။

 
” ကုန်မရှိဘူးဆိုပြီး နှစ်ရက်သုံးရက် လုပ်လိုက် အလုပ်ပိတ်လိုက်ဆိုတော့ သိပ်မကျန်တော့ဘူး၊ အိမ်အတွက်ပေးရတဲ့ စရိတ်က ရှိသေးတယ်” ဟု စက်ရုံနှင့်မိုင် ၂၀ ကျော်ဝေးသော ကျေးရွာသူ နေ့စား အလုပ်သမလေးက ဆိုသည်။
ယင်းသို့ ညည်းညူနေသူများထဲတွင် အလုပ်သမားများကို မှီခိုရောင်းချကြသော ဈေးသည်လူတန်းစားတစ်ရပ်လည်း ယှဉ် တွဲ ပါလာသည်။
ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် စက်ရုံ များကို အမှီပြု၍ ထမင်းဟင်း ရောင်းချ သူများမှာလည်းသည် ဈေးရောင်း၍ မကောင်းကြောင်း ပြောဆိုသည်။

 
အရင်က အရောင်းအဝယ် ကောင်းခဲ့ သော်လည်း ယခုအချိန်တွင် တစ်နေ့ ငါး ထောင်ခန့် အမြတ်ကျန်ရန် မလွယ်တော့ ဟု စက်ရုံနှစ်ခုကြားလမ်းဘေး၌ ထမင်း နှင့်ကတ်ကြေးကိုက်ကြော် ရောင်းချနေ သည်မှာ ငါးနှစ်ခန့် ရှိနေပြီဖြစ်သည့် မအေး က ဆိုသည်။
ကုန်ဈေးနှုန်း မြင့်တက်လာသော် လည်း အလုပ်သမားတို့၏ အခြေအနေကို သိသဖြင့် ဈေးတင်ရောင်းရန် မဖြစ်နိုင်ဟု ဆို၏။ အလုပ်သမားများက အရင်ထက် လျှော့စားလာကြပြီး ယခင်လ လက်ကျန် အကြွေးများပင် ပြန်မဆပ်နိုင်ကြဟု မအေးက ဆိုသည်။
” အလုပ်သမားလေးတွေက ထမင်း တစ်ရာဖိုး ဟင်းတစ်ရာဖိုး ဒီလောက်ပဲ ဝယ်စားနိုင်တာ” ဟု မအေးက ပြော သည်။

 
အဆောင်ကောင်းစက်ရုံမှ မန်နေဂျာ တစ်ဦးကမူ မြိတ်ဒေသမှ အလုပ်သမား များ အလုပ်အကိုင် မပြတ်လပ်ဘဲ အခွင့် အလမ်း တိုးပွားလာစေရန် အပြည်ပြည် ဆိုင်ရာ ငါးလေလံဈေးကြီး မြိတ်သို့ ပြန် ရောက်လာစေချင်ကြောင်း ဖွင့်ဟသည်။
ငါးဈေးကွက် ပြန်ရောက်လာပါက စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်း များ အချိန်မရွေးဝယ်နိုင်မည်ဖြစ်ကာ နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနေသည့် အခွန်များ ပြန်ရလာမည်ဟု ယင်းစက်ရုံ မန်နေဂျာက ဆိုသည်။

 
” ဒါကကောင်းတဲ့ အနေအထား တစ်ခုပါ၊ သို့ပေမဲ့လည်း စက်ရုံတွေက ပေးနိုင်တဲ့ ဈေးထက်  မြင့်နေမယ်ဆိုရင် လည်း အဆင်မပြေဘူးပေါ့” ဟု ၎င်းက ပြောသည်။မြိတ်အင်းလေးမြိုင် စက်မှုဇုံအတွင်း ရှိ လွန်ခဲ့သော ၁၆ နှစ်ခန့်မှ စ၍ ရပ် နားထားခဲ့ရသော အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး ပြန်လည် ပေါ်ပေါက် လာရေးအတွက် လွန်ခဲ့သည့် ၂၀၁၆ စက်တင်ဘာလအတွင်းက  ” ငါးဈေးကွက် ပြန်လည်ဖော်ဆောင်ရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ”  မြိတ်တွင် ပြုလုပ်ခဲ့ဖူးသည်။

 
ထိုပွဲ၌ မြိတ်မြို့ရှိ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံအရပ်ဘက် အဖွဲ့ အစည်းအားလုံးက ၎င်းငါးဈေး ကွက်ကို ပြန်လည် ဖော်ဆောင်ရန်အတွက် ဘုံလုပ် ငန်းစဉ်အဖြစ် လုပ်ဆောင်သွားရန် သဘောတူညီမှုရရှိပြီး ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမူဆိုင်ရာ အခက်အခဲတချို့ ရှိနေသေးကြောင်း သိရသည်။

 
တစ်ချိန်တည်းတွင် အခြေခံလုပ် သားတို့ ငတ်သထက်ငတ်လာပြီး တစ်ချို့ က ဘ၀ကို အရှုံးပေး ထွက်ပေါက်ရှာ သွားကြသည်။
အိမ်စရိတ် ကျပ် ၂၅၀၀  မပေးနိုင် သည့်အတွက် အနှေးယာဉ်လုပ်သား တစ်ဦး ကိုယ့်ကိုကိုယ် ဆွဲကြိုးချ သတ် သေသည့် ဖြစ်စဉ်တစ်ခုပြီးခဲ့သော ၂၀၁၆ နိုဝင်ဘာ ၁၂ရက်က ရန်ကုန်မြို့ ဒဂုံဆိပ် ကမ်းမြို့နယ်မှာ ဖြစ်ပွား သွားခဲ့သည်။

 
ပြီးခဲ့သည့်နှစ် စက်တင်ဘာက အင်းလေးမြိုင် စက်မှုဇုန်အတွင်းရှိ ကုမ္ပဏီ နှစ်ခုမှ အလုပ်သမားလူငယ်နှစ်ဦး ဆွဲ ကြိုးချ သတ်သေမှု ဖြစ်ပွားခဲ့သည်။ ကာလက ငါးမဖမ်းရရာသီ လေးလ အတွက် အလုပ်ပိတ်လိုက်သည့် ကာလ။

 
သူတို့ ၂ ဦး သတ်သေမှုကို စစ်ဆေး ချက်အရ အခြား အကြောင်းအရာ ထွေထွေထူးထူးမတွေ့။ စိတ်ဓာတ်ကျ၍ သတ်သေသည်ဟု ရဲက ကောက်ချက် ချသည်။ သူတို့၏ စိတ်ဓာတ်ကျခြင်းက အလုပ်ပိတ်သည့်နှင့် ဆက်စပ်နေသလော။ သူတို့စက်ရုံက အလုပ်သမားများက အလုပ်နားရသည့်အတွက် သတ်သေ သည်ဟု ထင်ကြေးပေး ကြသည်။