အသံချဲ့စက် ကျယ်လောင်စွာဖွင့်သည့် ကံစမ်းမဲ လက်မှတ်ရောင်းသူကို အမှုဖွင့်

0
469

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဖလပ် ရပ်ကွက်တွင် ခွင့်ပြုမိန့်မရှိဘဲ အသံချဲ့ စက် ကျယ်လောင်စွာ ဖွင့်လှစ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းသူတစ်ဦးကို အမှုဖွင့် ထားကြောင်း ယင်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးမင်းတင်ဖေက ပြောသည်။


အသံချဲ့စက် ကျယ်လောင်စွာဖွင့်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းနေသူအား ဖလပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ ခွင့်ပြုမိန့်လက်မှတ် မပါသည့်အတွက် ၎င်းကိုယ်တိုင် တရားလိုပြုလုပ်ကာ ဇန်နဝါရီ ၁၇ ရက်က ပေါင်မြို့မ ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားထားခြင်း ဖြစ်သည်။အမှုဖွင့်ခံရသူမှာ မော်လမြိုင်မြို့မှ ဖြစ်သည်။

 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းမှ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေး ဥပဒေပုဒ်မ-၂၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။မွန်ပြည်နယ်အတွင်း ဆူညံစွာ ဖွင့်လှစ်နေသည့် ဆောင်းဘောက်စ်၊ အသံ ချဲ့စက် ပြဿနာကို မထိန်း ချုပ်နိုင်သည့် ရပ် /ကျေးရွာ အုပ်ချပ်ရေးမှူးများကို အရေးယူမှု ပြုလုပ်သွားမည်ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောခဲ့ဖူး သည်။

 
မွန်ပြည်နယ်တွင် အလှူပွဲ၊ မင်္ဂလာ ပွဲကဲ့သို့သော အခမ်းအနားများတွင် အသံ ချဲ့စက်ကို နားမခံနိုင်အောင်ကျယ်လောင် စွာ ဖွင့်သည့် ဓလေ့ရှိသည်။