အမေ့ခံ အမေတစ်ဦး၏ ရင်တွင်းဖြစ်

0
523

မောင်းမကန်သွားတဲ့ ကားလမ်းနံ ဘေး၊ ဆင်ဘုရားအလွန်က အေးမြတဲ့ တောရိပ်တွေ အောက်မှာ အမေရှိနေတယ်။
အမေ့ကို ၁၉၈၆ ခုနှစ်မှာ ဖွားခဲ့တာ ဆိုတော့ သက်တမ်း ၃၁ နှစ်ရှိခဲ့ပြီ။

တခြားရပ်ရွာက ကျောင်းတွေမှာ ဘယ်နှစ်နှစ်ပြည့်လို့ ဘာရတု နှစ်ပတ် လည်အခမ်းအနားတွေ၊ ပူဇော်ပွဲတွေ ကျင်းပပြီး အပြိုင်အဆိုင် ပညာရေးအတွက် အားပေးနေကြချိန်မှာ၊ အမေ့ရွာကတော့ အိပ်ယာက မနိုးသေးပါဘူး။တက်ကြွမှု ခြေလှမ်းတွေနှေး၊ ဦး နှောက်တွေ ဆေးဖို့လိုသေးတဲ့ မိဘနဲ့ ရပ်မိရပ်ဖများ အကြား သားသမီးများရဲ့ အနာဂတ်တောက်ပမှုအရေး မျှော်လေ တိုင်း ရတက်မအေးစရာ။

 
လူကြီးတွေ လမ်းပြကောင်းမှ လူ ငယ်တွေ အမှန်မြင်ပြီး အမြင်မှန်ကြ လိမ့် မယ်။ မူအဆင့်ကနေ၊ လယ်အဆင့်၊ ထက် အဆင့်ထိဆိုရင် အမေမွေးခဲ့တဲ့ သားသမီး ပေါင်း ထောင်ချီ သောင်းချီရှိ ခဲ့ပြီ။ ကုက္ကို ပင်ရိပ်မှာ နားခိုရင်း၊ စိန်ပန်းရိပ်မှာ အပန်းဖြေပြီး အမေ့ရင်ခွင်မှာ ပျော်ရွှင်စွာ ပညာအမွေတွေရယူခဲ့ ကြတယ်။

 
အမေ့ကိုယ်ပေါ်မှာတော့ လာသမျှ သော လောကအဓံပေါင်းတို့ရဲ့ ကောင်း ဒဏ် ဆိုးဒဏ်ကိုခံရင်း ခေါင်းပေါ်မှာ သွပ်တွေ လန်တာ ကလန်၊ ပေါက်တာ ကပေါက်၊ ပြဲတာက ပြဲ၊ မျက်နှာကျက် အပေါက်က မိုးတွေယို လို့စိုကာရွှဲ ရှေ့ ၀ရံတာတွေ ကျိုးတိုး ကျဲတဲ။
ပြတင်းတံခါးတွေ တိုးလို့တွဲလဲ၊ ရွှေခန်းမကြီးက ကြာလေ ဂိုဒေါင်နဲ့ တူလာလေ၊ ကျောင်းနံရံတွေမှာတော့ ကျောင်းသားတွေရဲ့ စာပေ၊ ပန်းချီ လက်ရာပေါင်းစုံကို ကျဲကျဲပါးပါး ဖုံးအုပ် ထားတဲ့ ညစ်ထပ်ထပ် ဆေးရောင်များ။

 
စာသင်ခန်းတွေထဲမှာ ခနော်နီ ခနော်နဲ့၊ ကျားတွေ ဒေါက်တွေ ကန်ထား တဲ့ ခုံအဟောင်း အဆွေးတွေကြား၊ ပြေးလွှားဆဲ အနာဂတ် မျိုးဆက်သစ်များ၊ ကျောင်းကစားကွင်းလုပ်မယ့် မြေနေရာ တွေမှာ မြွေတွေ၊ ကြွက်တွေ၊ ကင်းခြေမျှား တွေ လှည့်လည် ကျက်စား။
ကျောင်းပတ်ပတ်လည်က မခုတ် မထွင် ချုံရိုင်းများအကြား ကျောင်းသား များ တိုးဝင်ပျောက်ကွယ်ရင်း ကျောင်းပြေး တမ်း ကစားကြ။
အချိန်တွေကြာတော့ ကျောင်းကို ခွာ၊ နယ်ပယ်မျိုးစုံမှာ ကျင်လည်ကျက်စား ရင်း လမ်းအရွေးမှားလို့၊ တချို့က ကျောင်း နဲ့ပညာရေးကို ဝေးဝေးက ရှောင်ရင်း ဇိုးသမား၊ ဆေးသမားနဲ့ လမ်းဘေးသမား တွေဖြစ်သူဖြစ်။ ပညာ မစုံခင် ကြင်ယာ ရော ပုစုခရု ရတနာတွေ ပါစုံလို့။ ဘ၀ နွံထဲ မနစ်စေဖို့ အမေမှာလိုက်တဲ့ စကား မှတ်မိသေးရဲ့လား။

 
တချို့လည်း အမေ့ရင်ခွင်ရဲ့ လှေ ကားထစ်တွေပေါ် နင်းရင်း ရာထူးတွေ တစ်ဆင့်ပြီး တစ်ဆင့်မြင့် သူကမြင့်၊ စီးပွားရေး၊ ကြီးပွားရေးတွေဖြစ်သူ ဖြစ်၊ ဘ၀လမ်းကြောင်းတွေမှာ ရပ်ရင်း လွှတ် တော်အမတ်တောင် ဖြစ်တဲ့သူက ဖြစ်နေ ကြရဲ့။
ဒါပေမဲ့ တစ်ချိန်က ပညာတွေ၊ စည်းကမ်းတွေအသိ၊ အလိမ္မာတွေ၊ ဘ၀ အတွက်၊ သံသရာအတွက်ဆို ဆုံးမခဲ့ တာတွေ၊ ပြုပြင်ပြသ လမ်းညွှန်ပေးရင်း ဘ၀ကိုမြှင့်တင်ပေးခဲ့တဲ့ သူတွေနဲ့ နားခို ခဲ့တဲ့နေရာရဲ့ ကျေးဇူးကို သိတဲ့သူက ရှား မေ့တဲ့သူက များမှများ။

 
ဆရာဝန်တွေ မမွေးထုတ်နိုင်တဲ့ ကျောင်းမို့ မိဘတွေက သားသမီးတွေကို မြို့ကျောင်းပြောင်း၊ ဘော်ဒါပြေး၊ အမေ့ ကျောင်း ဆင်းရဲကို အထင်သေး၊ မိဘ တွေက အားမပေးတဲ့အပြင် ကိုယ်နေခဲ့ ဖူးတဲ့ကျောင်း၊ တစ်ချိန်ကသင်ခဲ့တဲ့ စေတနာဆရာအပေါင်းကို တပည့်ညံ့လို့ မဟုတ် ဆရာညံ့လို့ဆိုတဲ့ မဟာပညာရှိ ကြီးများရဲ့ မဟာဩဝါဒလေသံနဲ့ ကျေးဇူးဆပ်ခဲ့တာကို ရင်နင့်စွာခံစားရင်း ခန္တီပါရမီ ဖြည့်ခဲ့ကြ။
ပစ်တဲ့သူ ပစ်၊ ပြောင်းတဲ့သူ ပြောင်း ပေမဲ့ အမေ့ကို ချစ်သေးတဲ့ သားငယ်၊ သမီးငယ်တွေနဲ့ ဆရာ၊ ဆရာမတွေ အတွက် အမေကတော့ ရင်ဖွင့်လို့ အဆင် သင့်ကြိုနေဆဲပါ။

 
ငွေအသပြာနဲ့ လဲလှယ်ရတဲ့ ပညာ စခန်းကို မလှမ်းနိုင်ပေမဲ့ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ ဂရုဏာ၊ ဝေဒနာ သုံးနာထက်ပိုသော အနာတွေ၊ ဒဏ်ရာ တွေ ရင်မှာပိုက်လို့၊ နွေးထွေးတဲ့စေတနာ လက်များနဲ့ ပညာကိုဖြန့်ဝေပေးဆဲ။အမေ သုမနရဲ့ ကျောက ဒဏ်ရာ တွေကို စမ်းရင်း၊ စနစ်ကိုပဲ အပြစ်တင်ရ မလား၊ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ ရမ လား၊ ပြုသူအသစ် ဖြစ်သူအဟောင်း လို့ပဲ တရားသံဝေယူရလေမလား။

 
အမေကတော့ အေးချမ်းတဲ့ သစ်ပင် ရိပ်တွေကြား၊ လာနားတဲ့ ငှက်ငယ်၊ ငှက်ကြီးပေါင်းကို ပျံလိုက ပျံ၊ သွားလိုက သွား၊ အပြစ်မရှာတဲ့နှလုံးသားနဲ့ အမြဲ အားသစ်တွေ ပေးနေမယ်။သဘာဝမြေနီလမ်းလေးနဲ့ သီဟိုဠ် ပင်၊ သရက်ပင် ခရေနဲ့ မလေးရှား ပိတောက်ပင်၊ ဗာဒံရိပ်တွေကြား ကျောင်း ဆောင် ဝပ်ဝပ်လေးတွေက အရင်က သူ့ စာသင်ခန်းတွေမှာ အပူအပင် ကင်းစွာ ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ ကြသူ တွေကို တစ်ခါတစ်လေ သတိရနေတတ် တယ်။

 
ကျောင်းစုဝေးကွင်း မြက်ခင်းစိမ်းစိမ်း ကြီးကလည်း နိုင်ငံတော်သီချင်းဆိုရင်း ဆရာကြီး၊ ဆရာမကြီးတွေ ဆုံးမဩဝါဒ တွေ ပြောနေတုန်း စကားတွေ တွတ်ထိုး လို့ ဆော့နေကြတဲ့ သားသမီးငယ်များကို သတိရနေဆဲ။ ပြီးတော့ တစ်ချိန်တုန်းက မြက်တွေ ရှင်းရင်း သစ်ပင်တွေစိုက် တောတွေခုတ်၊ ချုံတွေတိုးရင်း မာလကာသီးရှာ၊ အေးမြ တဲ့ မိုးရေစက်တွေကြား၊ သန့်ရှင်းလတ် ဆတ်တဲ့ လေရိုင်းတွေကြား ပျော်ခဲ့ကြတဲ့ ဖြူစိမ်းလေးတွေကို လွမ်းနေတတ်တယ်။

 
သဘာဝ အလှတရားတွေကို ချစ်တဲ့ အမေ့ရဲ့စေတနာနဲ့ မေတ္တာကတော့ ခရေပန်းလေးရဲ့ ရနံ့လိုပဲ    ဝေလည်းမွှေး ကြွေလည်းမွှေးရင်း ကျေးလက်သားသမီး များရဲ့ ရင်ကို အမြဲလန်းဆန်းနေစေမှာပါ။အမေ့ခံ အမေရဲ့ ရင်ထဲမှာ ပေးဆပ် ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း များစွာနဲ့  “ကျေးဇူးပြုသူကို သိတတ် သူကားရှား၏၊ ကျေးဇူးကို ပြန်ဆပ် တတ်သူက ပို၍ပင်ရှား၏ ”  ဆိုတဲ့ စကား လေးကို နှလုံးသွင်းရင်း မေတ္တာတွေ ဖြန့်ဝေဆဲပါ။

 
ဗုံးခွံဟောင်းကြီးကို ထုလိုက်တဲ့ ခေါင်းလောင်းသံ တဒေါင်ဒေါင်ကလည်း အချိန်တွေ ပြောင်းပေမဲ့ တာဝန်ကျေ ဆဲ ပါပဲ။
ကိုယ်ကော ဘာတာဝန်တွေ ကျေခဲ့ ပြီလဲ။အမေကတော့ သားသမီးများဟာ ” ကတညုတာ ”  ဆိုတဲ့ သူ့ကျေးဇူးကို ပြန်လည်သတိရတဲ့ အချိန် ဘယ်တော့ များမှ ရောက်လာမလဲ။ တွေးမျှော် ခံစားမျက်ရည်ဝဲနေဆဲ။

 

 

အနှိုင်းမဲ့ခွင့်လွှတ်ခြင်းများဖြင့်-
အမေ
(၂၆ နှစ်တာအတွင်း ဘ၀ အတွက် အားမာန်များ ရိက္ခာနှင့် ဆရာ့ဘ၀ ဂုဏ်သိက္ခာ၊ ဒါနများစွာနှင့် ဘ၀ သင် ခန်းစာ တရားဓမ္မဥာဏ်ဖြင့် ဆင်ခြင်ရန် များစွာတို့ကို ပေးခဲ့သော ကျေးဇူးရှင် အ.ထ.က ကမြောကင်း ကျောင်းတော် ကြီးသို့ ဂုဏ်ပြုခြင်း)